အပစ်ရပ်စာချုပ် လက်မှတ်မရေးထိုးသေးသည့် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ကော်မရှင်အကြား ဆက်လက်ညှိနှိုင်းရန် အချက် နှစ်ချက် ကျန်ရှိ

အပစ်ရပ်စာချုပ် လက်မှတ်မရေးထိုးသေးသည့် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ကော်မရှင်အကြား ဆက်လက်ညှိနှိုင်းရန် အချက် နှစ်ချက် ကျန်ရှိ

လွန်ခဲ့သည့် ရက်သတ္တပတ်တွင် အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့အစည်း ခုနှစ်ဖွဲ့ကို ကိုယ်စားပြုသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး
ကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် အစိုးရတို့ ဆွေးနွေးခဲ့ရာ နှစ်ဖက် ကိုယ်စားလှယ်များအကြား
"အပေးအယူလုပ်" ၍ အချက် ကိုးချက်ကို မူအားဖြင့် သဘောတူညီမှု ရရှိသည်ဟု
သမ္မတရုံးဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

"နှစ်ဖက်ညှိနှိုင်းပြီးမှ လက်ခံနိုင်တဲ့ အချက်တွေ ထွက်လာတယ်။ ဟိုဘက်ဒီဘက် ညှိနှိုင်းရတာတွေ
ရှိတယ်" ဟု ၎င်းကပြောသည်။

DPN ကိုယ်စားလှယ်များက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို
မတ် ၁ ရက်က နေပြည်တော်တွင် သွားရောက်တွေ့ဆုံခဲ့ပြီး အသေးစိတ်ညှိနှိုင်းမည့်
အချက်များအတွက် ကြိုတင်ဆွေးနွေးခဲ့ပြီး၊ နောက်တစ်ရက်တွင် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့်
တွေ့ဆုံကာ တောင်းဆိုချက် ကိုးချက်ကို အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပြုချက် ကိုးချက်ကို "မူအားဖြင့်" သဘောတူညီမှု ရရှိနိုင်ခဲ့သော်လည်း၊ အဆိုပြုချက်
အမှတ်(၃)နှင့် အမှတ် (၅) အတွက် သက်ဆိုင်ရာ အစည်းအဝေးများတွင် ဆက်လက် ဆွေးနွေးရန်
သဘောတူခဲ့ကြောင်း ဆွေးနွေးမှုအပြီးတွင် ဦးဇော်ဌေးနှင့် DPN ခေါင်းဆောင် ခူဦးရယ်က
သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

"ဘာကြောင့်လဲဆိုတော့ DPN အနေနဲ့ UNFC မှာ သဘောတူညီခဲ့တဲ့ ကိုးချက်ကို ပြန်ရှင်းလင်း
တင်ပြပြီး သဘောတူညီမှု ယူရမှာဖြစ်တယ်။ အဲဒါကို ဆိုလိုခြင်း ဖြစ်တယ်။ မူအားဖြင့်
သဘောတူညီတယ်ဆိုတာ ကျွန်တော်တို့ကတော့ အဆင့်တစ်ဆင့်ပေါ့နော်။ နောက်ဆုံး
သဘောတူညီမှုအဆင့်လို့တော့ ပြောလို့မရသေးဘူး" ဟု ဦးဇော်ဌေးက ပြောသည်။

အဆိုပြုချက် (၃) ဖြစ်သည့် ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၏ ဖွဲ့စည်းပုံကို အစိုးရ
(လွှတ်တော်နှင့် တပ်မတော်ပါ၀င်)၊ နိုင်ငံရေးပါတီနှင့် အပစ်ရပ်အဖွဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲသို့
ပြောင်းလဲရေးသည် နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ပြန်လည်သုံးသပ်ရေး အစည်းအဝေးတွင်
ဆက်လက်ညှိနှိုင်းရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုသည်။

နိုင်ငံရေးအရ အရေးကြီးသည့် ဆွေးနွေးချက်များ ပြုလုပ်ရာတွင် သက်ဆိုင်သူများသာ
ပါ၀င်သင့်သောကြောင့် မူဘောင်ပါအချက်ကို ပြင်ဆင်လိုခြင်းဖြစ်ကြောင်း အပစ်မရပ်ရသေးသည့်
အဖွဲ့အစည်းကိုယ်စားလှယ်များက ပြောသည်။

နောက်ထပ် အချက်တစ်ခု ဖြစ်သည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊
တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ်၊ စောင့်ကြည့်ရေး လုပ်ငန်းလမ်းညွှန်နှင့် တပ်နေရာပြန်လည်ချထားရေး
အတွက် ကြိုတင်သဘောတူညီမှု ရယူရေး အဆိုပြုချက်ကိုလည်း "ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ
ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အလုပ်အဖွဲ့" (JMC) တွင် ဆက်လက်ညှိနှိုင်းသွားရန်
သဘောတူခဲ့ကြသည်။

ယင်းအဆိုပြုချက်ပါ တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ်နှင့် စောင့်ကြည့်ရေးလုပ်ငန်း လမ်းညွှန်ဆိုင်ရာ
အချက်များကို ယခင်အစိုးရ လက်ထက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် တစ်နိုင်ငံလုံး
အပစ်ရပ်စာချုပ် (NCA) ကို လက်မှတ် ရေးထိုးပြီးနောက် ရေးဆွဲခဲ့ပြီးဖြစ်သည်။

လက်ရှိအချိန်အထိ တပ်နေရာ ပြန်လည်ချထားရေးအတွက် အပစ်ရပ်အဖွဲ့များနှင့် အစိုးရတို့အကြား
ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် လုပ်ငန်း စဉ်တစ်ရပ်ဖြစ်သည်။

အပစ်ရပ်စာချုပ်ပါ ကတိကဝတ်များကို လိုက်နာရန် အားနည်းမှုကြောင့် တိုက်ပွဲများ ပြန်လည်
ဖြစ်ပွားရခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်သူများက ဆိုသည်။

အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့်
မြန်မာ့တပ်မတော်အကြား မတ် ရ ရက်က သီပေါမြို့နယ်အတွင်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

ကျန်အချက်များကို မည်သို့အပေးအယူ လုပ်ခဲ့သည်ကို တာဝန်ရှိသူများက ထုတ်ဖော် ပြောဆိုခြင်း
မရှိသော်လည်း 'နှစ်ဘက်လက်ခံ နိုင်သည့်' အတိုင်းအတာအတွင်းရှိသည်ဟု အစည်းအဝေးအပြီး
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျန်အချက်များတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်းကို အစိုးရ၊ တပ်မတော်နှင့် UNFC မှ
ရှေ့ဆင့်နောက်ဆင့် ကြေညာရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အာမခံသည့်
ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ ၂၁ ပင်လုံက ရရှိလာသည့် ရလဒ်များနှင့်အညီ
ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ အပစ်ရပ် စောင့်ကြည့်ရေး ပူးတွဲကော်မတီတွင်
နှစ်ဖက်လက်ခံနိုင်သော နိုင်ငံတကာ အစိုးရ ကိုယ်စားလှယ်များ ပါ၀င်ရေးဆိုသည့် အချက်များ
ပါ၀င်သည်။

အငြင်းပွားမှု ပေါ်ပေါက်လာပါက နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များ၊ တရားသူကြီးနှင့် ဖွဲ့စည်းသော
လွတ်လပ်သည့် ဖျန်ဖြေရေး ကော်မရှင်တစ်ရပ်၏ အဆုံးအဖြတ် ရယူရေး၊ အပစ်ရပ်ဒေသတွင်
အကောင်အထည်ဖော်မည့် စီမံကိန်းများကို EITI လုပ်ထုံးများအတိုင်း၊ အပစ်ရပ်အဖွဲ့များ၊
ဒေသခံများနှင့် ညှိနှိုင်းသဘောတူညီချက်ရယူ၍ ဆောင်ရွက်ရန်နှင့် နိုင်ငံတကာအကူအညီများကို
အပစ်ရပ်အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ရန်လည်း ပါ၀င်သည်။

အစိုးရ၏ မူလရပ်တည်ချက်မှာ အပစ်ရပ်စာချုပ်ကို ဦးစွာ လက်မှတ်ထိုးပါမှ နိုင်ငံရေး ဆွေးနွေးပွဲတွင်
ပါ၀င်ခွင့်ပေးရန် လက်ကိုင်ထားခဲ့သည်။

အဆိုပြုချက် ကိုးချက်ကို အစိုးရက လက်ခံပါက အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးမည်ဟု
DPN အဖွဲ့ ခေါင်းဆောင်များက ပြောဆိုထားသည်။

"အားလုံးကတော့ တစ်ပြိုင်နက်တည်း သွားရမယ့် ဖြစ်စဉ်တွေလို့ ကျွန်တော်တို့ နားလည်ပါတယ်"ဟု
ဦးဇော်ဌေးက ပြောသည်။

၂၁ ရာစုပင်လုံညီလာခံကို မတ်လလယ်တွင် ကျင်းပရန် ညှိနှိုင်းခဲ့သော်လည်း၊ ကရင်အမျိုးသား
အစည်းအရုံးက ညီလာခံ ကျင်းပရန် ရှိနေခြင်း အပါအဝင် အခြားကိစ္စရပ်များကြောင့်
ဧပြီလဆန်းပိုင်းတွင် ကျင်းပမည်ဟု ဦးဇော်ဌေးက ပြောကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး