၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အင်အားကြီး တိုင်းရင်းသားပါတီတစ်ခုဖြစ်သော ရခိုင်ဒီမိုကရေစီ
အဖွဲ့ချုပ်သည် ရခိုင်အမျိုးသားပါတီမှ ပြန်လည်ခွဲထွက်ပြီးနောက် ပါတီပြန်လည်တည်ထောင်ခွင့်ကို
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် ဖေဖော်ဝါရီလကုန်ပိုင်းက လျှောက်ထားခဲ့ပြီး
ပါတီမှတ်ပုံတင်နိုင်ရေးအတွက် ခေါင်းဆောင်ပိုင်း ရာထူးများကို ယခုလအတွင်း ရွေးချယ်မည်ဟု
ပါတီဗဟိုကော်မတီဝင်ဟောင်း ဦးမျိုးကျော်က ယခုသီတင်းပတ်အတွင်း မြန်မာတိုင်း(မ်) ကို ပြောသည်။
"ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ၀င်ပြိုင်နိုင်ဖို့အတွက် ပြန်လာပါပြီ။
ပါတီခေါင်းဆောင်ပိုင်း ရွေးချယ်ဖို့ ဒီလအတွင်းမှာပဲ အစည်းအဝေး လုပ်မယ်။ ပါတီခေါင်းဆောင်နဲ့
ဒုခေါင်းဆောင်က ကော်မရှင်ကို ပါတီမှတ်ပုံတင်လျှောက်တဲ့အခါ တစ်ခါတည်းတင်ရမှာဆိုတော့
အမြန်ရွေးမှရမယ်"ဟု ဦးမျိုးကျော်က ပြောသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ ပူးပေါင်း၍
ရခိုင်အမျိုးသားပါတီဟု စတင် တည်ထောင်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ
ပြည်နယ်လွှတ်တော် နေရာ ၃၄ နေရာအနက် ၂၂ နေရာအထိ အနိုင်ရရှိခဲ့သည်။
ရခိုင်အမျိုးသားပါတီ တည်ထောင်ပြီး တစ်နှစ်ကျော်အကြာတွင် ပါတီခေါင်းဆောင်ပိုင်း ရွေးချယ်မှုနှင့်
မူဝါဒရေးရာ ကိစ္စရပ်များတွင် သဘောထားကွဲလွဲမှု များကြောင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက
ခွဲထုတ်ရန် ဆုံးဖြတ်ခဲ့သည်။
ရခိုင်အမျိုးသားပါတီအနေဖြင့် အစိုးရကို အတိုက်အခံ ပြုလုပ်သွားမည်ဟု ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီဘက်က ဒေါက်တာအေးမောင်က ပြောကြားခဲ့ခြင်းကြောင့် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်နှင့် မဟာမိတ်အဖြစ် ပူးပေါင်းခဲ့သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ပုဂ္ဂိုလ်များက
သဘောမတူကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ၎င်းတို့ကို ရခိုင်အမျိုးသားပါတီမှ
ထုတ်ပယ်ခဲ့သည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင် ဖြစ်သည့် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ
ဦးအေးသာအောင်နှင့် လွှတ်တော်တွင်း ရောက်ရှိနေသည့် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်မှ
ကိုယ်စားလှယ်များကမူ ရခိုင်အမျိုးသားပါတီ၌သာရှိနေပြီး ပါတီပြန်လည် မှတ်ပုံတင်ပြီးမှသာ
ဆုံးဖြတ်ရမည့်ကိစ္စများ ဖြစ်သည်ဟုလည်း ဦးမျိုးကျော်က ဆိုသည်။
"ဦးအေးသာအောင်က ပါတီခေါင်းဆောင် တစ်ဦးလည်းဖြစ်တယ်။ သူက နိုင်ငံတော်အဆင့်
ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေတော့ ပါတီကိစ္စဘက်ကို သိပ်မလှည့်နိုင်ပါဘူး။ ပါတီရဲ့
လက်ရှိအခြေအနေတွေကိုတော့ ကျွန်တော်တို့ဘက်က အမြဲတမ်းဆက်သွယ်အကြောင်းကြားပေး
နေပါတယ်။ အခုအခြေအနေကိုလည်း သူသိပါတယ်"ဟု ၎င်းကပြောသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့်အတူ လူအများစု ခွဲထွက်ခဲ့သော်လည်း ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီသည် ရခိုင်အမျိုးသားပါတီအဖြစ်သာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ပြီး
၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်တိုင်းရင်းသားပါတီတစ်ခု တိုးလာခြင်းအပေါ် စိုးရိမ်စရာ မရှိဟုလည်း
ရခိုင်အမျိုးသားပါတီ၏ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဆိုသည်။
"ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ပါရှိလာရင် ရခိုင်ပါတီက လေးခုလောက်ဖြစ်သွားမယ်။ ရွေးကောက်ပွဲမှာ
အနိုင်ရရှိဖို့အတွက်က ပါတီနဲ့မဆိုင်ပါဘူး။ ရခိုင်ပြည်သူတွေက နိုင်ငံရေးရေချိန် မနိမ့်ပါဘူး။
လာမယ့် ရွေးကောက်ပွဲအတွက် စိုးရိမ်စရာမရှိပေမဲ့ ခက်ခက်ခဲခဲတော့ ပြိုင်ရမှာပေါ့" ဟု
ဦးထွန်းအောင်ကျော်က ဆိုသည်။
ဧပြီ ၁ ရက်တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်တွင်
တစ်ခုတည်းသော လစ်လပ်မဲဆန္ဒနယ်ဖြစ်သည့် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
နေရာအတွက် ရခိုင်အမျိုးသားပါတီက ဒေါက်တာအေးမောင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ရသေ့တောင်ဇာတိဖြစ်သည့် ဒေါက်တာ အေးမောင်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်
မာန်အောင်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်အရွေးချယ်ခံခဲ့ပြီး၊
ကြားဖြတ်ရွေးကောက်ပွဲတွင် အမ်းမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည်သောကြောင့် ပါတီတွင်းနှင့်
အမ်းမြို့နယ်ဒေသခံများ၏ ကန့်ကွက်မှုများလည်း ရှိနေသော်လည်း ဒေါက်တာအေးမောင်
အနိုင်ရရှိမည်ဟု ယုံကြည်ကြောင်း ဦးထွန်းအောင်ကျော်က ပြောသည်။















