အာနန်ကော်မရှင်၏ ကြားဖြတ်အကြံပြုချက်ကို ပြည်သူကို မကြာမီအသိပေးရန်ရှိ

အာနန်ကော်မရှင်၏ ကြားဖြတ်အကြံပြုချက်ကို ပြည်သူကို မကြာမီအသိပေးရန်ရှိ

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ
အကြံပေးကော်မရှင်၏ ကြားဖြတ်အကြံပြုချက်ကို သမ္မတထံ မကြာမီပေးပို့သွားမည်ဖြစ်ပြီး
အများပြည်သူလည်း တစ်ပြေးညီသိရှိနိုင်စေရေးအတွက် သတင်းမီဒီယာများမှတစ်ဆင့်
အသိပေးထုတ်ပြန်ပေးမည်ဟု ကော်မရှင်အဖွဲ့ဝင်များက ပြောသည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဖာမြို့ရှိ ကိုဖီအာနန်ဖောင်ဒေးရှင်းရုံးချုပ်တွင် ကော်မရှင်အဖွဲ့ဝင်များ
အားလုံးတွေ့ဆုံကာ သမ္မတနှင့်ပြည်သူကို တင်ပြမည့် ကြားဖြတ်အကြံပြုချက်ကို ရေးသားခဲ့ကြခြင်း
ဖြစ်သည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ယမန်နေ့တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

"ကြားဖြတ်အကြံပြုချက် တစ်စောင် မကြာမီထွက်လာတော့မှာပါ။ သမ္မတကိုတင်မယ့်ဟာက
အစီရင်ခံစာလည်း မဟုတ်ပါဘူး။ ဝေဖန်ထားတာလည်း မဟုတ်ပါဘူး။ အကြံပြုချက်သပ်သပ်ပါ။
ကော်မရှင်က အကြံပြုရုံသက်သက်ပဲ ဖွဲ့ထားတာဖြစ်တဲ့အတွက် ဘာမှစိုးရိမ်စရာလည်း မလိုပါဘူး"ဟု
၎င်းကပြောသည်။

ပြီးခဲ့သည့်နှစ် ဩဂုတ် ၂၃ ရက်က အဖွဲ့ဝင် ရှစ်ဦးဖြင့် ဖွဲ့စည်းခဲ့သော ရခိုင်ပြည်နယ်ဆိုင်ရာ
အကြံပေးကော်မရှင်သည် ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်း အသိုင်းအဝန်း နှစ်ခု၏
အခြေအနေများကို ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်ကိုယ်တိုင် ဦးဆောင်ကာ သွားရောက်လေ့လာခဲ့ပြီး
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်လည်း နယ်စပ်ဖြတ်ကျော်ရွှေ့ပြောင်းနေထိုင်မှုများနှင့် နယ်စပ်လုံခြံုရေး
ကိစ္စရပ်များကို လေ့လာဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် နိုင်ငံခြားသားများ ပါ၀င်ခြင်းကြောင့် ကော်မရှင်ကို
ကန့်ကွက်ခဲ့သည့် ရခိုင်အမျိုးသားပါတီသည် ကော်မရှင်၏ ကြားဖြတ် အကြံပြုချက်ကို သတိနှင့်
စောင့်ကြည့်သွားမည်ဖြစ်ပြီး နိုင်ငံတော်လုံခြံုရေးကိစ္စရပ်များ၊ နိုင်ငံသား ဖြစ်ခွင့်၊ မဖြစ်ခွင့်ကိစ္စရပ်များကို
မထိခိုက်ပါက ယင်းအကြံပြုချက်အပေါ် ကြိုဆိုမည်ဖြစ်ကြောင်း ပါတီ၏ အတွင်းရေးမှူး
ဦးထွန်းအောင်ကျော်က ပြောသည်။

"ကျွန်တော်တို့ အစဉ်တစိုက် ကန့်ကွက်ခဲ့ပါတယ်။ အခုကြားဖြတ် အကြံပြုချက် ထွက်မယ်ဆိုတော့
ကျွန်တော်တို့အနေနဲ့ အမျိုးသားလုံခြံုရေးနဲ့ ဘယ်လိုမှ တော်စပ်ခြင်းမရှိတဲ့ လူတွေကို နိုင်ငံသား
ဖြစ်သွားမှာကို စိုးရိမ်ပါတယ်။ ရခိုင်ပြည်သူတွေအားလုံးက မလိုလားအပ်တဲ့ လူဦးရေပျံ့ပွားမှုနဲ့
ရခိုင်ပြည်နယ်ကို ဒုက္ခရောက်သွားမှာ စိုးရိမ်ပါတယ်"ဟု ၎င်းက ပြောသည်။

အစိုးရက ထပ်မံဖွဲ့စည်းထားသည့် မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် က
အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သည့် အခြေအနေများနှင့် နိုင်ငံတကာ၏ စွပ်စွဲချက်များကို
စုံစမ်းစစ်ဆေးလျက်ရှိ နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခဲ့သူ ဒေသခံမွတ်စလင်
၆၀,၀၀၀ ကျော်ရှိသည်ဟု ကုလသမဂ္ဂက ဇန်နဝါရီလအတွင်း သတင်းထုတ်ပြန်ထားသည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာ၏ ပြောကြားချက်များအပေါ် အမှန် ဟုတ်၊ မဟုတ် သိရှိနိုင်ရေးအတွက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တွေ့ဆုံဆွေးနွေးရန် မြန်မာအစိုးရဘက်က ကမ်းလှမ်းထားသော်လည်း
ယနေ့ချိန်ထိ လက်မခံသေးကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးအောင်ကြည် က ပြောသည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာနှင့် အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒိုတို့ မတ် ရ ရက်က
တွေ့ဆုံခဲ့ရာတွင် ရိုဟင်ဂျာဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းလုပ်ငန်းတွင်
အင်ဒိုနီးရှားအစိုးရဘက်က ပါ၀င်ပေးရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဘက်က တောင်းဆိုခဲ့သည်ဟု
မတ် ရ ရက်ထုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Dhaka Tribune သတင်းစာတွင် ရေးသားဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး