တိုက်ပွဲများကြောင့် ကိုးကန့်ဒေသက လုပ်သားတစ်ထောင်ကျော် နေရပ်ပြန်

တိုက်ပွဲများကြောင့် ကိုးကန့်ဒေသက လုပ်သားတစ်ထောင်ကျော် နေရပ်ပြန်

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်
ဒုက္ခသည်များ တိုးပွားလာကြောင်း ဒေသခံပရဟိတအဖွဲ့အစည်းများက ယမန်နေ့တွင် ပြောသည်။

မတ် ၆ ရက် နံနက်အစောပိုင်းတွင် တိုက်ပွဲများ စတင်ဖြစ်ပွားပြီး မတ် ၆ ရက်တွင် လောက်ကိုင်မြို့မှ
လားရှိုးမြို့သို့ စစ်ဘေးရှောင်များ စတင်ရောက်ရှိလာသည် ဟု (၈၈)မျိုးဆက် ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်း (လားရှိုး) အဖွဲ့ဝင် ဒေါ်သန်းသန်းအေးက ပြောသည်။

လားရှိုးမြို့သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်အများစုမှာ ရွှေ့ပြောင်းလုပ်သားများဖြစ်ပြီး
ယမန်နေ့အထိ လုပ်သား ၁,၀၀၀ ကျော်ကို နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း
၎င်းက ပြောသည်။

"အများစုကတော့ မြန်မာနိုင်ငံအလယ်ပိုင်းကနေ လောက်ကိုင်ကို ခြံစိုက်အလုပ်သမားအဖြစ်
လာကြတဲ့သူတွေများတယ်။ သူတို့ရောက်လာရင် ထမင်းကျွေးတယ်၊ ပြီးရင် ကားစီစဉ်ပေးပြီး နေရပ်ကို
ပြန်ပို့ပေးတယ်" ဟု ဒေါ်သန်းသန်းအေးက ပြောသည်။

ယမန်နေ့ ညနေပိုင်းအထိ အလုပ်သမား ၅၀ မှ ၁၀၀ ခန့် ထပ်မံရောက်ရှိလာကြောင်း၊
ကာလကြာရှည်စွာ နေထိုင်ရန် ယာယီတဲများ ဆောက်လုပ်၍ နေရာချထားခြင်းမဟုတ်ဘဲ
ရောက်ရှိလာသည်နှင့် နေရပ်ပြန်ရန် ကားစီစဉ်ပေးခြင်းကို ဆောင်ရွက်နေပြီး လားရှိုးဘက်သို့
တိမ်းရှောင်လာသူများတွင် လောက်ကိုင်ဒေသခံများ မပါ၀င်ကြောင်း ၎င်းကပြောသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နှင့် မြန်မာ့တပ်မတော်ကြား ဖြစ်ပွားနေသည့်
တိုက်ပွဲများကြောင့် ဒေသခံများ ထောင်နှင့်ချီ၍ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကြောင်း
ဒေသခံများကို ကိုးကား၍ AFP သတင်းဌာနက ရေးသားဖော်ပြသည်။

လူဦးရေနှစ်သောင်းခန့် တရုတ်နိုင်ငံဘက်သို့ စစ်ဘေးရှောင်အဖြစ် ရောက်ရှိနေသည်ဟု
RFA သတင်းက ဆိုသည်။

ယင်းသို့ တိုက်ခိုက်ရခြင်းမှာ ဖေဖော်ဝါရီလအတွင်းက မြန်မာ့တပ်မတော်က သတင်းစာရှင်းလင်းပွဲ
ပြုလုပ်ခဲ့ရာတွင် အပစ်ရပ်စာချုပ် (NCA) ကို လက်မှတ်ရေးထိုးခြင်း မရှိပါက ၂၁ ရာစုပင်လုံညီလာခံကို
တက်ရောက်ခွင့် မရှိကြောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦး၏ ပြောကြားချက်ကို တုံ့ပြန်သောအားဖြင့်
ဖြစ်သည်ဟု ကိုးကန့်အဖွဲ့က မတ် ၆ ရက်တွင် ကြေညာခဲ့သည်။

ကိုးကန့်ဒေသသို့ မြန်မာ့တပ်မတော်မှာ ထိုးစစ်များ ဆင်နွှဲသည်မှာ ဇန်နဝါရီလကတည်းက
ဖြစ်ကြောင်းနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေး စည်းဝိုင်းအတွင်းသို့
၀င်ရောက်မလာစေရန် ထိုးစစ်ဆင်နွှဲခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နေရာခြောက်နေရာခန့်ကို မတ် ၅ ရက် ညပိုင်းက
တစ်ပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု ကိုးကန့်လက်နက်ကိုင်အဖွဲ့က သတင်းထုတ်ပြန်သည်။

လောက်ကိုင်မြို့နယ်အတွင်းရှိ အရပ်ဘက် သတင်းရင်းမြစ်များကို တိုက်ပွဲစတင်ချိန်မှ
ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေဆဲဖြစ်သည်။

တိုက်ပွဲစတင်ဖြစ်ပွား ပြီး မတ် ၆ ရက် ညဘက်အထိ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသကွပ်ကဲမှု
စစ်ဌာနချုပ် (ဒကစ လောက်ကိုင်)က တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

တိုက်ခိုက်မှုကြောင့် အဆောက်အအုံများ၊ လူနေအိမ်များ၊ တပ်စခန်းများနှင့် ရဲစခန်းများ ပျက်စီးခဲ့ရုံမက
လူသေဆုံးမှုလည်း ရှိခဲ့သည့်အပြင် ကားမီးရှို့မှုလည်း ဖြစ်ပွားခဲ့ပြီး၊ လောက်ကိုင်မြို့အတွင်းရှိ
လောင်းကစားရုံနှင့် တွဲဖွင့်ထားသည့် ဟိုတယ်ကိုလည်း အဆိုပါ လက်နက်ကိုင်အဖွဲ့က
၀င်ရောက်ပစ်ခတ်ခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုအပြီး မူလတန်းပြဆရာမ တစ်ဦး၊ ယာဉ်ထိန်းရဲငါးဦး၊ အရပ်သား ငါးဦး တို့၏
အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်းနှင့် အခြားမီးလောင်ကျွမ်းထားသည့် ကိုးကန့်အဖွဲ့ဝင်
အလောင်း၂၀ ကိုလည်း တွေ့ရှိခဲ့သည်ဟု သတင်းထုတ်ပြန်ချက်က ဆိုသည်။

ယာဉ်ထိန်းရဲ လေးဦးကိုလည်း ဓားစာခံအဖြစ် ကိုးကန့်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ထားသည်ဟု
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လောက်ကိုင်မြို့တွင်း ၀င်ရောက်စီးနင်းရာတွင် အမျိုးသမီး ရာနှင့်ချီ၍ ပြန်ပေးဆွဲခံရသည်ဟု သတင်းများ
ထွက်ပေါ်ခဲ့သော်လည်း အမျိုးသမီး ၃၀၀ ခန့်ကို ခေတ္တတိမ်းရှောင်ရန် ထိန်းသိမ်းထားခြင်းဖြစ်သည်ဟု
ကိုးကန့်အဖွဲ့ က မတ် ရ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကမူ ပစ်ခတ်တိုက်ခိုက်မှုများကို စွန့်လွှတ်၍
ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ ဦးတည်ကြရန် အလေးအနက်တိုက်တွန်းကြောင်း ကြေညာချက်တစ်ရပ်ကို
မတ် ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာပြည်မြောက်ပိုင်းအခြေအနေများသည် တရုတ် - မြန်မာ နယ်စပ်ဒေသ၏ တည်ငြိမ်အေးချမ်းမှုနှင့်
ဆက်စပ်နေသည့်အတွက် ပုံမှန်အခြေအနေသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိရေး စစ်ဆင်ရေးများကို
ပါ၀င် ပတ်သက်သည့် အဖွဲ့အစည်းများက ရပ်တန့်ရန် လိုအပ်သည်ဟု တရုတ်နိုင်ငံခြားရေး
၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မတ် ရ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာဘက်မှ တရုတ်နိုင်ငံဘက်သို့ စစ်ဘေးရှောင်အဖြစ် ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကို
တရုတ်ဘက်က လူသားချင်း စာနာထောက်ထားသည့်အနေဖြင့် အကူအညီများ ပေးအပ်ခဲ့သည်ဟု
၎င်းက ဆိုသော်လည်း စစ်ဘေးရှောင် အရေအတွက် မည်မျှရှိသည်ကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

ကိုးကန့်၊ တအာင်းနှင့် ရက္ခိုင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ မဟာမိတ်များအဖြစ်
လောက်ကိုင်မြို့ကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တိုက်ခိုက်ခဲ့ရာ စစ်အုပ်ချုပ်ရေး
ကြေညာခဲ့ရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး