အနောက်ဘက်မှလာသော လေအေးများနှင့် ဘင်္ဂလားပင်လယ်အော်ဘက်မှ ရွေ့လျားလာသော
လေနွေးများ စုဆုံမှုကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများကြောင့်
လည်းကောင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နို်င်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ
ညွှန်ကြားမှု ဦးစီးဌာနက မတ်လ ၈ ရက်နေ့က သတင်းထုတ်ပြန်သည်။
အဆိုပါ မိုးလေဝသဖြစ်စဉ်များကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊
ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရွာသွန်းနိုင်ချေများပြီး ကျန်ဒေသများတွင်လည်း
နေရာကွက်၍ မိုးရနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။
"အဓိကက မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ မိုးရနိုင်ချေ များပါတယ်။ ဒီကာလတွေမှာတော့
မိုးရနိုင်ပေမယ့် အများကြီးရလေ့တော့ မရှိပါဘူး။ ဒီအနေအထားတွေကြောင့် မတ်လ ၁၂ ရက်၊
၁၃ ရက်နေ့အထိ မိုးရနိုင်ချေရှိပါတယ်"ဟု ၎င်းက မတ်လ ၉ ရက်နေ့က ပြောသည်။
အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် တောင်သူလယ်သမားများ စိုက်ပျိုးသီးနှံများ မဆုံးရှုံးစေရန်
မိုးလေဝသအခြေအနေများ သိပြုရန်လိုအပ်ကြောင်း ၎င်းကပြောသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ မတ်လ ဒုတိယ ၁၀ အတွက် မိုးလေဝသ
ခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ခန့်
ဖြစ်ပေါ်နိုင်ပြီး မိုးရွာရက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့်
ကချင်ပြည်နယ်တို့တွင် သုံးရက်မှ လေးရက်ခန့်၊ ကျန်ဒေသများတွင် တစ်ရက်မှ နှစ်ရက်ခန့်
မိုးရွာသွန်းနိုင်သည်။
မတ်လ ဒုတိယ ၁၀ ရက်ပတ်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊
ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မတ်လ၏ ပျှမ်းမျှ အပူချိန်ထက် အနည်းငယ်ပိုနိုင်ပြီး
ကျန်တိုင်းနှင့် ပြည်နယ်များတွင်မတ်လ၏ ပျှမ်းမျှ အပူချိန်ခန့်ရှိနိုင်သည်ဟု မိုး/ဇလက
ထုတ်ပြန်ထားသည်။















