မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းရှိ
ဒီဟောင် (Dehong) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနယ်မြေအတွင်း၌ မြန်မာအမျိုးသမီး
၂ဝ,ဝဝဝ ကျော်မှာ တရုတ် အမျိုးသားများကို လက်ထပ်ထားပြီး တရားမဝင်နေထိုင်နေရလျက်
ရှိကြောင်း တရုတ်နိုင်ငံပိုင် ဂလိုဘယ်တိုင်း(မ်) သတင်းဌာနက ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း
ဖော်ပြခဲ့သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်စီရင်စုများဖြစ်သည့် ဒီဟောင်နှင့် ဂျင်ပို (Jingpo ) ၏ ဥပဒေပြုလွှတ်တော်
ကော်မတီများက ကောက်ယူခဲ့သည့် စစ်တမ်းများအရ မြန်မာအမျိုးသမီး ၂ဝ,ဝဝဝ မှ ၃ဝ,ဝဝဝ
ခန့်သည် တရုတ်အမျိုးသားများကို လက်ထပ်ထားပြီး တရားဝင်အထောက်အထားမရှိဘဲ
အခြေချနေထိုင်နေရလျက်ရှိကြောင်း ဒီဟောင်ဥပဒေပြုလွှတ်တော် အမြဲတမ်းကော်မတီ
ဒါရိုက်တာယုမေယွိ၏ပြောကြားချက်ကို ကိုးကားပြီး ဂလိုဘယ်တိုင်း(မ်) သတင်းစာက
ရေးသားဖော်ပြခဲ့သည်။
အဆိုပါ အခြေအနေများကို ကူညီဖြေရှင်းပေးရန် တိကျသည့်မူဝါဒများ မရှိကြောင်းနှင့် တရားမဝင်
နေထိုင်နေသည့် မြန်မာအမျိုးသမီးများသည် ဆေးဝါးကုသခွင့်များနှင့် လူမှုဖူလုံရေး
ခံစားခွင့်များမရရှိဘဲ ပင်ပန်းဆင်းရဲစွာ နေထိုင်နေရလျက်ရှိကြောင်း ဒီဟောင်ဥပဒေပြုလွှတ်တော်
တာဝန်ရှိသူ ယုမေယွိက ဂလိုဘယ်တိုင်း(မ်) သတင်းစာသိ့ု ပြောကြားခဲ့သည်။
ဒေသအစိုးရအနေဖြင့် ပင်ပန်းဆင်းရဲစွာနေထိုင်နေကြရသည့် မြန်မာအမျိုးသမီးများကို ကူညီပေး
ချင်သော်လည်း တရားဝင် အထောက်အထားများနှင့် မည်သူမည်ဝါဖြစ်ကြောင်း ထောက်ခံချက်များ
မရှိကြသဖြင့်ကူညီပေးရန် အခက်အခဲရှိနေသည်ဟု ဆိုသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းရှိ နယ်နိမိတ်ချင်းထိစပ်နေသည့် ဝမ်ရှန် (Wenshan )၊
ပူးအာ ( Pu'er )၊ နှင့် စီရွွှမ်ဘနာ (Xishuangbanna) ဒေသများတွင်လည်း
မြန်မာရွှေ့ပြောင်းအမျိုးသမီးများသည် အလားတူ အခြေအနေများ ကြံုတွေ့နေရကြောင်း
ယုမေယွိက ပြောကြားသည်။
ဒီဟောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနယ်မြေသည် တရားမဝင်အခြေချနေထိုင်မှုအများဆုံး
ရှိနေသည့် စီရင်စုနယ်မြေတစ်ခုဖြစ်သည်ဟု ဆိုသည်။ ဒီဟောင်နယ်မြေအတွင်း ဖြစ်ပွားခဲ့သည့်
အမှုအခင်းများ၏ ၄ဝ ရာခိုင်နှုန်း မှ ၅ဝ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်
သူများကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အချို့ရွှေ့ပြောင်းနေထိုင်သူများသည် အိပ်အိုင်ဗီပိုး
ကူးစက်ခံနေရသူများနှင့် မူးယစ်ဆေးစွဲနေသူများဖြစ်ကြောင်း ဥပဒေပြုလွှတ်တော်ကော်မတီရေးရာ
တာဝန်ရှိသူက ပြောကြားသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ပေးပို့ခြင်းခံရသည့် လူကုန်ကူးမှုများတွင် တရုတ်နိုင်ငံအတွင်း
အလုပ်အကိုင်ရရှိမည်ဟု သွေးဆောင်ဖြားယောင်းပြီး တရုတ်အမျိုးသားများ၏ ဇနီးမယားအဖြစ်
ရောင်းစားခံရသည့် အမှုမှာ အများဆုံးဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်
နေရာချထားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရသည့် အမျိုးသမီးများတွင် ရှမ်းပြည်မြောက်ပိုင်းမှ
အမျိုးသမီးများ အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးက ဒုတိယနှင့် မန္တလေးတိုင်းဒေသကြီးက
တတိယ လူကုန်ကူးခံရမှု အများဆုံးနေရာတွင် ပါဝင်နေကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး
ဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။
''နယ်စပ်တစ်လျှောက် ဒီကိစ္စဖြစ်နေတာက ကြာပြီ။ ခုနောက်ပိုင်း မြန်မာနိုင်ငံအတွင်းကနေ
သွားရောက်အလုပ်လုပ်ကိုင်တဲ့ အမျိုးသမီးတွေပါ ပါတယ်။ စသွားတုန်းကတော့ သွားရောက်
အလုပ်လုပ်တယ်ပြောတယ်။ နောက်ပိုင်းကျ တရုတ်မယားဖြစ်သွားတဲ့ ပုံစံမျိုးရှိတယ်။ တချို့တွေ
ကတော့ အတည်တကျယူတယ်။ တချို့ကျ လူကုန်ကူးမှုခံရတာကြောင့် ဖြစ်သွားကြတာ'' ဟု
ကချင်လူငယ်အဖွဲ့အတွင်းရေးမှူး မမိုင်မိုင်က ပြောသည်။
နယ်စပ်တစ်လျောက် စစ်ရှောင်စခန်းများမှ အမျိုးသမီးများသည်လည်း တရုတ်နိုင်ငံအတွင်း
အလုပ်သွားလုပ်ရာမှတစ်ဆင့် တရုတ်အမျိုးသားများနှင့် လက်ထပ်ပေါင်းသင်းမှုများရှိနေပြီး
အချို့မှာလည်း အဆင့်ဆင့်ရောင်းစားခံရပြီး တရုတ်ဇနီးမယားအဖြစ်သို့ ရောက်ရှိသွားမှုများ
ရှိနေသည်ဟု ဆိုသည်။
''ဒီကိစ္စတွေကို ပြောဆိုနေကြပေမဲ့လည်း ဝမ်းရေးအတွက်နဲ့ ဟိုဘက်မှာ လုပ်ကိုင်စားသောက်ရတာ
အဆင်ပြေတဲ့အတွက် များသောအားဖြင့်ကတော့ ဒီလိုမျိုးကိစ္စတွေကို ရေငုံနှုတ်ပိတ်နေကြတာ။
ကာယကံရှင်တွေကိုယ်တိုင်ကော မိဘတွေကိုယ်တိုင်ကပါ ရေငုံနှုတ်ပိတ်နေကြတာ'' ဟု မမိုင်မိုင်က
ပြောသည်။
တရုတ်နိုင်ငံအတွင်း သွားရောက်အလုပ်လုပ်ကိုင်ပြီး အခြေချနေထိုင်သူများသည် နိုင်ငံသား
အခွင့်အရေးအရ ဆုံးရှုံးမှုများ ရှိနေသော်လည်း အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေအခြေအနေ
များကြောင့် ကြံုတွေ့ နေရသည့် ဒုက္ခများကို သည်းခံပြီး နေထိုင်ကြခြင်းဖြစ်ကြောင်း ၄င်းက
ပြောသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ဒီဟောင် စီရင်စုနယ်မြေအတွင်း မြန်မာအမျိုးသမီး ၂ဝ,ဝဝဝ ကျော်
တရုတ်အမျိုးသားများနှင့်လက်ထပ်ပြီး ပင်ပန်းဆင်းရဲစွာနေထိုင်နေရသည်ဆိုသည့်
သတင်းနှင့်ပတ်သက်ပြီးမြန်မာနိုင်ငံ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်က ''ကျွန်တော်တို့ဆီကိုတော့ တရားဝင်
ဘာမှမလာသေးဘူး။ တရားဝင်လာရင်တော့ တရားဝင် လမ်းကြောင်းနဲ့ ဆောင်ရွက်ပေးသွားရမှာပါ'' ဟု
ပြောသည်။
တရုတ်ဘက်မှ လူကုန်ကူးခံရပြီး ပြန်လည်လွှတ်မြောက်လာသူများကို ဌာနအနေဖြင့်
ပြန်လည်ပြုစုပျိုးထောင်ရေး၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်းရေးအပြင် စားနပ်ရိက္ခာထောက်ပံ့ရေး
တို့ကို လုပ်ဆောင်ပေးလျက်ရှိ ကြောင်း၊ စစ်ဘေး ဒဏ်များကြောင့် တရုတ်နိုင်ငံအတွင်းသို့
ထွက်ပြေးတိမ်းရှောင်သွားသည့် မြန်မာနိုင်ငံသားများကို နိုင်ငံသားဖြစ်ကြောင်း အတည်ပြု
စစ်ဆေးခြင်းနှင့် ပြန်လည်နေရာချထားရေးကိစ္စများကို သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းများဖြင့်
ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ၄င်းက ပြောသည်။
''ကျွန်တော်တို့ တောင်းဆိုချင်တာကအဲဒီလိုမျိုး မိန်းကလေးတွေ ရှိနေတယ်ဆိုရင် သံတမန်
လမ်းကြောင်းကနေ ကျွန်တော်တို့ဆီကို စာပို့လို့ရတယ်။ မြန်မာနိုင်ငံသား မှန်မမှန် လဝကနဲ့
ပူးပေါင်းပြီး စိစစ်မှု လုပ်ပြီး မြန်မာနိုင်ငံသားမှန်ရင် ကျွန်တော်တို့ ပြန်ခေါ်ချင်ပါတယ်'' ဟု
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးတပ်ဖွဲ့၊ ဒုတိယရဲမှူးကြီးသက်နောင်က
ပြောသည်။
ဒီဟောင် စီရင်စုနယ်မြေအတွင်းတွေ့ရှိထားသည့် အမျိုးသမီး ၂ဝ,ဝဝဝ ကျော် ၃ဝ,ဝဝဝ နီးပါးကို
အထောက်အထားမရှိသဖြင့် ကူညီနိုင်မှု ခက်ခဲနေပါက နိုင်ငံသားဖြစ်ကြောင်းစိစစ်ပြီး
အထောက်အထားများ ရရှိအောင် လုပ်ဆောင်ပေးမည်ဖြစ်ကာ သံတမန် နည်းလမ်းအရသော်
လည်းကောင်း၊နယ်စပ်ပူးပေါင်းဆောင်ရွက်နေမှု ဆက်ဆံရေးစခန်းများမှ တစ်ဆင့်သော်
လည်းကောင်း ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ၄င်းက ပြောသည်။
တရုတ်နိုင်ငံအတွင်းရှိ ဒေသတော်တော်များများတွင် လူကုန်ကူးခံရသည့်
မြန်မာအမျိုးသမီးများစွာ ပျံ့နှံ့ရောက်ရှိနေပြီး ပြန်လည်ကယ်ဆယ်ရေးလုပ်ငန်းများ
ဆောင်ရွက်ရာတွင် တစ်ဖက်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကြန့်ကြာခြင်းများကြောင့်
လျင်မြန်စွာကယ်ဆယ်ရန် အခက်အခဲများ တွေ့ကြံုနေရကြောင်း ဒုတိယရဲမှူးကြီးသက်နောင်က
ပြောသည်။
နှစ်စဉ် ဖြစ်ပွားလျက်ရှိသည့် လူကုန်ကူးမှုပေါင်း ၁၃ဝ ခန့်တွင် ၈ဝ ရာခိုင်နှုန်းမှာ
တရုတ်ပြည်နှင့် ဆက်စပ်ဖြစ်ပွားသည့် လူကုန်ကူးမှုများဖြစ်ကြောင်း၊ ထိုလူကုန်ကူးခံရမှုများမှာ
အမျိုးသမီးများသာဖြစ်ပြီး အမှုအားလုံးနီးပါးမှာ တရုတ်အမျိုးသားများ၏ ဇနီးမယားဖြစ် အတင်း
အကျပ်လက်ထပ်ရန် ရောင်းစားမှုများဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေး
ရဲတပ်ဖွဲ့ထံ၏ စာရင်းထုတ်ပြန်ချက်အရ သိရသည်။
''ပိုပြီးဆိုးဝါးတာက စိတ်မနှံ့သူတွေနဲ့ ပေါင်းသင်းစေတာမျိုးတွေ၊ သွက်ချာပါဒလိုက်နေတဲ့
သူတွေနဲ့ ပေါင်းသင်းစေတာမျိုးတွေ၊ နောက် ဇနီးမယားအဖြစ်သာမက ငွေဝယ်ကျွန်လိုမျိုး
သက်ကြီးရွယ်အိုတွေရဲ့ ချေးသေးကအစ လိုက်လုပ်စေတာမျိုးတွေ၊ ရိုက်နှက်ခံရတာမျိုးတွေ
စတဲ့ ဆိုးရွားတဲ့ နောက်ဆက်တွဲတွေ အများကြီးလည်း ခံနရတယ်'' ဟု ဒုတိယရဲမှူးကြီး
သက်နောင်က ပြောသည်။
နှစ်နိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်ရေးကို မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား
၂ဝဝ၉ ခုနှစ်မှစ၍ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာရေးထိုးကာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး
တရုတ်နိုင်ငံအတွင်း လူကုန်ကူးခံရမှုများနှင့် ပက်သက်ပြီး နှစ်စဉ်နှစ်တိုင်း တောင်းဆိုမှုများ
လည်း ပြုလုပ်လျက်ရှိကြောင်း ၄င်းက ပြောသည်။
တရုတ်ပြည်အတွင်းသို့ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရပြီး ပြန်လည်လွှတ်မြောက်လာသူ
အရေအတွက်မှာ ၂ဝ၁၅ ခုနှစ်တွင် (ကလေးငယ် သုံးဦးအပါအဝင် အမျိုးသမီး ၁ဝ၆)ဦး၊
၂ဝ၁၆ ခုနှစ်တွင် အမျိုးသမီး ၁ဝ၉ ဦးနှင့် ၂ဝ၁၇ ခု မတ်လလယ်အထိ ၁၇ ဦး ရှိကြောင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ စာရင်းများက
ဆိုသည်။
တရုတ်ဇနီးမယားအဖြစ်မှ လွှတ်မြောက်လာသည့် အမျိုးသမီး သုံးပုံနှစ်ပုံမှာ ၄င်းတို့ကိုယ်တိုင်
ထွက်ပြေးခဲ့ခြင်းကြောင့် လွတ်မြောက်ခဲ့ခြင်းဖြစ်ပြီး ကျန်အရေအတွက်မှာ တရုတ်ရဲတပ်ဖွဲ့က
တရားမဝင် နေထိုင်ကြောင်း စစ်ဆေးတွေ့ရှိပြီး ကယ်ဆယ်ပို့ဆောင်ပေးခြင်းကြောင့် ပြန်လည်
လွတ်မြောက်လာကြသူများ ဖြစ်သည်။
















