ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်ကိုးမိုင်အကွာတွင် စစ်ဘေးရှောင်ဒုက္ခသည်များအတွက်
ရည်ရွယ်ကာ တည်ထောင်ထားသည့်မြို့သစ်လေးတစ်ခုရှိသည်။ နှစ်ပေါင်း ၆ဝ ကျော်ကြာ
ဖြစ်ပွားခဲ့သည်စစ်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသူများအတွက်
တည်ထောင်ထားသည့် မြို့သစ်ဖြစ်သည်။ ကရင်အမျိုးသားအစည်းအရုံး(ကေအင်န်ယူ) နှင့်
ကရင်ပြည် နယ်အစိုးရအဖွဲ့ ပူးပေါင်းတည်ထောင်ထားသည့် မြို့သစ်လေး၏ အမည်မှာ
လေးကေကော် ဖြစ်သည်။
ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သူ အများစုသည် မဲဆောက်မြို့တွင်နှစ်ပေါင်းများစွာ
နေထိုင်ခဲ့ကြရာမှ လေးကေကော် မြို့သစ်သို့ ပြန်လည်အခြေချ နေထိုင်လာကြသည်။ စစ်ဘေးရှောင်
ဒုက္ခသည်များနေရပ်ပြန်လာချိန်တွင် အဆင်ပြေစွာနေထိုင်ရေးအတွက် မြို့သစ်တစ်မြို့
တည်ထောင်ရန်ကေအင်န်ယူက ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဆွေးနွေးခဲ့ပြီး၊ လေးကေကော်
မြို့သစ်ကို ၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။
သမ္မတဟောင်း ဦးသိန်းစိန်ဦးဆောင်သည့်အစိုးရအဖွဲ့နှင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးသည့်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် ကေအင်န်ယူလည်း ပါဝင်ပြီး ၂ဝ၁၂ ခုနှစ်၊
ဇန်နဝါရီအတွင်း ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ်ကို
ကေအင်န်ယူက လက်မှတ်ရေးထိုးခဲ့သည်။ လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း ကေအင်န်ယူနှင့်
တပ်မတော်အကြားတိုက်ပွဲဖြစ်ပွားမှု သိသာစွာလျော့နည်းခဲ့ပြီး ဦးသိန်းစိန်အစိုးရအဖွဲ့နှင့်လည်း
ရင်းနှီးကျွမ်းဝင်မှုအရှိဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ခဲ့သည်။
လေးကေကော်မြို့သစ်ကို မြေဧက ၁,၈ဝဝ ပေါ်တွင် အိမ်အလုံးရေ ၁,၅ဝဝ နီးပါးဖြင့်
အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်သည်။ လက်ရှိတွင် လေးကေကော်မြို့သစ်တွင်
အိမ်လုံးရေ ရဝဝ နီးပါး ဆောက်လုပ်ပြီးစီးခဲ့ပြီး၊ လူဦးရေ ၄,ဝဝဝ ကျော်နေထိုင်လျက်ရှိသည်။
စစ်ဘေးရှောင်ဒုက္ခသည်များ နေထိုင်လျက်ရှိသည့် လေးကေကော်မြို့သစ်တွင် အိမ်အလုံးရေ
၁ဝဝ ကို ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းက ထောက်ပံ့မှုဖြင့် ဆောက်လုပ်ခဲ့ပြီး၊ ကျန်အိမ်များကို
နယ်စပ်ဒေသ၊ ပညာရေးနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ညွှန်ကြားမှုဦးစီးဌာန
(နတလ)က ဆောက်လုပ်ပေးထားခြင်းဖြစ်သည်။
လေးကေကော်မြို့တွင် နိပွန်ဖောင်ဒေးရှင်းက ၄င်းတို့ဆောက်လုပ်ပေးခဲ့သည့် အိမ်အလုံးရေ ၁ဝဝ
ကို ပြီးခဲ့သည့် မတ်လ ၁ဝ ရက်နေ့က လွှဲပြောင်းပေးအပ်ခဲ့သည်။ နတလက ဆောက်လုပ်ပေး
ထားသည့် အိမ်များ နည်းတူ နိပွန်ဖောင်းဒေးရှင်းက ဆောက်လုပ်လှူဒါန်းသည့် အိမ်များကိုလည်း
အခမဲ့နေထိုင်စေလျက်ရှိသည်။ လက်ရှိတွင် စစ်ဘေးရှောင်အိမ်ထောင်စုပေါင်း ၆ဝ နေထိုင်လျက်
ရှိသည်ဟု နိပွန်ဖောင်ဒေးရှင်း တာဝန်ရှိ သူများက ပြောသည်။
''ကေအင်န်ယူနဲ့ ကေအင်န်အယ်အေကကျွန်တော်တို့ဆီကို တရားဝင်ကမ်းလှမ်းခဲ့တဲ့အတွက်
အခုလို ကူညီထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်''ဟု နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ
ရိုဟီဆာဆာကာဝါက ပြောသည်။
အိမ်တစ်အိမ်လျှင် မြန်မာ ကျပ် ၆၅ သိန်းတန်ဖိုးရှိသည့် အဆိုပါနေအိမ်များတွင် နေထိုင်လျက်
ရှိသည့် စစ်ဘေးရှောင်များမှာ လက်ရှိတွင် အခက်အခဲတစ်ခု ကြုံတွေ့နေရသည်။ အဆိုပါ
အခက်အခဲမှာ လျှပ်စစ်မီး မရရှိသေးခြင်းပင်ဖြစ်သည်။ လေးကေကော်မြို့သစ်အတွင်း
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမည့် မီးတိုင်များနှင့် လျှပ်စစ်မီးကြိုးများ တည်ဆောက်သွယ်တန်းပြီး
ဖြစ်သော်လည်း လျှပ်စစ်ဓာတ်အား မရောက်ရှိသေးဟု အဆိုပါမြို့သစ်တွင်နေထိုင်လျက်ရှိသည့်
ကိုရှောင်ကိုက ပြောသည်။
''ရေကတော့ သုံးချင်သလောက်ရပါတယ်။ ဒါပေမဲ့ လျှပ်စစ်မီးကတော့ မရသေးပါဘူး။
ငွေရေးကြေးရေး အဆင်ပြေတဲ့သူတွေကတော့ လျှပ်စစ်မီးအတွက် ဆိုလာပြားလေးတွေနဲ့
သုံးနေတယ်ပေါ့။ အဆင်မပြေတဲ့ သူကတော့ အမှောင်ထဲမှာပဲ နေနေရပါတယ်''ဟု ၄င်းက
ဆိုသည်။
ကိုရှောင်ကိုသည် ကရင်ပြည်နယ်အတွင်းတိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ ခုနစ်နှစ်နီးပါး
ထွက်ပြေးတိမ်းရှောင်ခဲ့သူဖြစ်ပြီး ထိုင်းနိုင်ငံတွင် ကြံုရာကျပန်းအလုပ်ကို လုပ်ကိုင်ခဲ့ရာ
နေရပ်သို့ ပြန်လာနိုင်သည့် သတင်းများကြောင့် လေးကေကော်သို့ ရောက်ရှိလာဖြစ်သည်။
နတလက ဆောက်ပေးထားသည့်အိမ်များမှာ အပြာရောင်ဖြစ်ပြီး နိပွန်ဖောင်ဒေးရှင်းက
တည်ဆာက်ပေးထားသည့်အိမ်များမှာ အဝါရောင်ဖြစ်သည်။ လေးကေကော်မြို့သစ်တွင်
သောက်သုံးရေအဆင်ပြေစေရေး အတွက် တစ်အိမ်လျှင် ရေပိုက်တစ်ခုစီ သွယ်တန်းပေး
ထားသည်။
''ရေကတော့ ပူပန်စရာမလိုဘူး။ ကျွန်တော်တို့ အပြည့်အဝပေးထားပါတယ်။ မြို့သစ်နားမှာ
တောင်တစ်ခုရှိပါတယ်။ အဲဒီတောင်နားက ရေကို မြို့ထဲအရောက် တစ်ခါတည်း
သွယ်တန်းထားပေးထားတာပါ။ လျှပ်စစ်မီးလည်း မကြာမီ ရအောင်စီစဉ်ပေးနေပါတယ်''ဟု
မြို့သစ်စီမံကိန်းကို ကိုင်တွယ်နေသည့် ကေအင်န်ယူမှ ဗိုလ်မှူးရန်နိုင်က ပြောသည်။

လေးကေကော်မြို့သစ်တွင် နေထိုင်သူများသည် အဖွဲ့အစည်းများက ထောက်ပံ့ပေးသော
စားနပ်ရိက္ခာများဖြင့်သာ စားဝတ်နေရေးဖြေရှင်းနေကြရပြီး အလုပ်အကိုင်ရှားပါးမှုက
စစ်ဘေးရှောင်ပြည်သူများအတွက် အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။
လေးကေကော်မြို့သစ်တွင် နေထိုင်သည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သည့် မစမွီးက
စစ်ဘေးရှောင်ပြည်သူများသည် ထိုင်းနိုင်ငံအတွင်း နေထိုင်ခဲ့စဉ်က ကြံုရာကျပန်း
အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းခဲ့သော်လည်း လက်ရှိတွင် အလုပ်အကိုင်မရှိခြင်းကြောင့်
တာဝန်ရှိသူများသည် ယင်းပြဿနာကို အမြန်ဆုံး ဖြေရှင်းပေးသင့်သည်ဟု ဆိုသည်။
''အလုပ်မရှိဘဲ နေနေရတာက ပိုက်ဆံမရတာထက် နေကို မနေတတ်တာပါ။ အလုပ်တစ်ခု
အမြန်လုပ်ချင်ပါတယ်''ဟု ၄င်းက ပြောသည်။
ကရင်ပြည်နယ်သို့ ပြန်လာကြမည့် စစ်ဘေးရှောင်ပြည်သူများအား အစိုးရနှင့်
နိုင်ငံတကာအဖွဲ့အစည်းများက ဆက်လက်ကူညီထောက်ပံ့ရန် ကေအင်န်ယူ ဥက္ကဋ္ဌ
ဗိုလ်ချုပ်ကြီးမူတူးစေဖိုးက နိပွန်ဖောင်ဒေးရှင်း၏ အိမ်အလုံး ၁ဝဝ လွှဲပြောင်းပေးအပ်ပွဲတွင်
တောင်းဆိုခဲ့သည်။
''ကရင်အမျိုးသားတွေကို သနားညှာတာသောအားဖြင့် ဆက်လက်ကူညီပေးကြပါ''ဟု
၄င်းက တောင်းဆိုခဲ့သည်။
ကေအင်န်ယူနှင့် ကရင်ပြည်နယ် အစိုးရသည် လေးကေကော်မြို့သစ်စီမံကိန်းတွင် အိမ်
အလုံးပေါင်း ၁,၅ဝဝ ကို ငါးနှစ်အတွင်း အပြီးဆောက်လုပ်ရန် လျာထားပြီး လက်ရှိတွင်
မတည်ဆောက်ရသေးသည့် ဆေးရုံ ဆေးပေးခန်းများကိုလည်း တည်ဆောက်သွားရန်
စီမံကိန်းလျာထားချက်တွင် ပါဝင်သည်ဟု ကေအင်န်ယူတာဝန်ရှိသူများက ပြောသည်။
















