ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနသည် ပုဂံဒေသကမ္ဘာ့
အမွေအနှစ်စာရင်း ဝင်ရောက်ရေး၊ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး
ဥပဒေနှင့် ဇုန်နယ်နိမိတ်ပြင်ဆင်သတ်မှတ်ရေးအတွက် ပုဂံဒေသခံများ၏ အကြံပြုချက်များကို
ယခုလအတွင်း ရှေ့နေချုပ်ရုံး၊ လွှတ်တော်အမတ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း
ကော်မတီတို့နှင့် တွေ့ဆုံဆွေးနွေးမည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှုး ဦးဇော်ဇော်ထွန်းက
လွန်ခဲ့သော ရက်သတ္တပတ်က ပြောသည်။
''အခုရေးဆွဲနေတဲ့ ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ မူကြမ်းက
ဖြေလျှော့ထားပြီးသားဖြစ်တယ်။ သူတို့တင်ပြထားတဲ့ အကြံပြုချက်တွေကို မူကြမ်းမှာ
ထည့်သွင်းလို့ရ မရဆိုတာကို ရှေ့နေချုပ်ရုံးနဲ့ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရမယ်'' ဟု
၄င်းက ပြောသည်။
ရှေးဟောင်းသုတေသနဌာနသည် ၁၉၉၈ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ယဉ်ကျေးမှုအမွေအနှစ်
ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေကို ခေတ်နှင့်အညီ ပြန်လည်ရေးဆွဲဆောင်ရွက်နေခြင်း
ဖြစ်ပြီး အဆိုပါ မူကြမ်းအတွက် ဒေသခံများ ပူပေါင်းပါဝင်စေရန်ဖေဖော်ဝါရီလက ပုဂံဒေသတွင်
ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် သက်ဆိုင်ရာဒေသခံများက ပုဂံမြို့သစ်ကို မည်သည့်အရပ်ဒေသသို့
ပြောင်းရွှေ့ခြင်း၊ ဖျက်ဆီးခြင်း ထပ်မံမပြုလုပ်ရန်၊ ဒေသခံများ၏ သာသာနာရေး၊ ကျန်းမာရေးနှင့်
ပညာရေး အဆောက် အအုံများကို ခွင့်ပြုပေးရန်၊ ယဉ်ကျေးမှုဇုန်အတွင်းရှိ မြို့ရွာများကို လူနေဇုန်
အဖြစ် ပြောင်းလဲ သတ်မှတ်ပေးရန်၊ တစ်နိုင်တစ်ပိုင် ဆောင်ရွက်သည့် တည်းခိုခန်း၊ဟိုတယ်၊
စားသောက်ဆိုင်နှင့် အခြားသောစီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုရန်၊ လူနေထိုင်သည့်
ဇုန်များကို စည်ပင်သာယာရေးဥပဒေဖြင့် လွတ်လပ်စွာဆောင်ရွက်ခွင့်ပြုရန်နှင့် ဇုန်ပြင်ဆင်မှု
ဦးစားပေး ဆောင်ရွက်ပြီးမှသာ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းခြင်းနှင့် ဥပဒေပြင်ဆင်ခြင်းများ
ဆောင်ရွက်ရန် စသည့် အချက်များ အကြံပြုတောင်းဆိုခဲ့ကြသည်။
''ကျွန်တော်တို့က ကာကွယ်ထိန်းသိမ်းတဲ့သူဆိုတော့ အများကြီးဖြေလျှော့ပေးလို့ မရဘူး။
ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးမှာ မလိုချင်တဲ့အတွက် လွှတ်တော်ဥပဒေကြမ်းကော်မတီနဲ့
ညှိနှိုင်းရဦးမှာပါ။ ဒေသခံတွေရဲ့ အကြံပြုချက်ကို ထည့်သွင်းစဉ်းစားပေးဖို့ ဒီလအတွင်း
တွေ့ဆုံဆွေးနွေးဖြစ်မယ်'' ဟု ဦးဇော်ဇော်ထွန်းက ပြောသည်။
ပုဂံဒေသခံများ၏ အကြံပြုချက်နှင့် ပတ်သက်၍ လွှတ်တော်ဥပဒေကြမ်းကော်မတီနှင့်
ဆွေးနွေးမည့်အစား ဥပဒေမူကြမ်းတွင် ထည့်သွင်းရေးဆွဲရန် သက်ဆိုင်ရာရှေးဟောင်း
သုတေသနဌာန အရာရှိများက တာဝန်ယူဆောင်ရွက်ပေးသင့်သည်ဟု ဒေသဆိုင်ရာ
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအသင်း ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပြောသည်။
''လူနေရပ်ကွက်တွေကို လူနေဇုန်အနေနဲ့ သတ်မှတ်ပေးပြီး စည်ပင်သာယာဥပဒေနဲ့
ဆောင်ရွက်စေချင်တယ်။ အဲဒီအတွက် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး
ဥပဒေက လွှမ်းမိုးမှု မရှိစေရဘူး။ ရှေးဟောင်းသုတေသနဌာနက သတ်မှတ်ထားတဲ့ အမြင့်ပေ၊
အရောင်သတ်မှတ်ချက်ကို လက်ခံနိုင်ပေမဲ့ မြေအောက်အနက် ငါးပေအထက် မတူးရဘူး
ဆိုတာမျိုးတော့ မဟုတ်ဘူး'' ဟု ၄င်းက ပြောသည်။
ယဉ်ကျေးမှုကို မထိခိုက်စေသော အရာများကို ခွင့်ပြုပေးစေချင်ပြီး လူနေဧရိယာအတွင်း
မြူနီစီပယ်ဥပဒေနဲ့ စီးပွားရေး လုပ်ဆောင်ခွင့် ရချင်သည်ဟု ဦးခင်မောင်မြင့်က ပြောသည်။
''ဒေသခံတွေရဲ့ စီးပွားရေးမထိခိုက်တဲ့ ကန့်သတ်မှု အချို့ကို လက်ခံတယ်။ လူနေရပ်ကွက်
အတွင်းမှာ အခန်း ၃ဝ ကနေ ၄ဝ လောက်ရှိတဲ့ တည်းခိုခန်း၊ ဟိုတယ် စတဲ့ တစ်နိုင်တစ်ပိုင်
စီးပွားရေးလုပ်ငန်းမျိုး လုပ်ကိုင် စားသောက်ခွင့် ရသင့်တယ်လို့ထင်ပါတယ်။ အဲဒါဆို ဒေသခံတွေ
အတွက် အဆင်ပြေမယ်'' ဟု ၄င်းက ပြောသည်။















