ဝန်ကြီးများရုံးကို ပြတိုက်နှင့် ယဉ်ကျေးမှုစင်တာအဖြစ် အသုံးပြုမည်

ဝန်ကြီးများရုံးကို ပြတိုက်နှင့် ယဉ်ကျေးမှုစင်တာအဖြစ် အသုံးပြုမည်

ရန်ကုန်မြို့လယ်ရှိ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများအနက် အထင်ကရအဆောက်အအုံ
တစ်ခုဖြစ်ပြီး နှစ်ပေါင်း ၁၂ဝ ကျော် သက်တမ်းရှိပြီးဖြစ်သော ကိုလိုနီခေတ်အဆောက်အအုံ
ဝန်ကြီးများရုံး (အတွင်းဝန်များရုံး)ကို အနော်မာကုမ္ပဏီက ပြတိုက်နှင့် ယဉ်ကျေးမှုစင်တာအဖြစ်
ပြန်လည်အသုံးပြုရန် အဆိုပြုထားကြောင်း ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း
စောင့်ရှောက်ရေးအဖွဲ့(YHT) က ပြောသည်။

အဆိုပါဝန်ကြီးများရုံး ပြင်ဆင်မှုအတွက် တိုင်းဒေသကြီးအစိုးရက ကြီးကြပ်ထိန်းသိမ်းစောင့်
ရှောက်ရန် ကော်မတီဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် YHT တို့လည်းပါဝင်ကာ
အဆောက်အအုံအတွင်း ပြင်ဆင်မွမ်းမံမှုများကို ကုမ္ပဏီက ကော်မတီသို့ တင်ပြပြီး
အတည်ပြုချက်ဖြင့်သာ လုပ်ဆောင်ရန် တိုက်တွန်းထားကြောင်း YHT ၏ ဒါရိုက်တာ
ဒေါ်မိုးမိုးလွင်က ပြောသည်။

''အနော်မာကုမ္ပဏီက အဆောက်အအုံ တစ်စိတ်တစ်ပိုင်းကို ပြတိုက်နဲ့ ယဉ်ကျေးမှုစင်တာ
အဖြစ် ပြန်လည်ပြင်ဆင်အသုံးပြုဖို့ ကော်မတီကို အဆိုပြုထားပါတယ်။ အဆောက်အအုံရဲ့
တခြားအစိတ်အပိုင်းကိုလည်း ရုံးခန်းတွေနဲ့ စားသောက်ဆိုင်တွေ၊ ပစ္စည်းအရောင်းဆိုင်တွေ
အဖြစ်လည်း ပြန်လည် အသုံးပြုဖို့ အဆိုပြုထားပါတယ်''ဟု ၄င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

လက်ရှိတွင် ဝန်ကြီးများရုံး အဆောက်အအုံကို အကြီးစားပြင်ဆင်မှုများ ပြုလုပ်နေသည်ကို
တွေ့နေရပြီး ပြင်ဆင်မှုအသေးစိတ်နှင့် ပြီးစီးမည့်အချိန်တို့နှင့် ပတ်သက်သည့်အချက်
အလက်များအတွက် အနော်မာကုမ္ပဏီကို ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးစားခဲ့သော်လည်း
ကုမ္ပဏီ၏ အဆက်အသွယ်များ ကို ရှာဖွေ၍မရခဲ့ပေ။

သို့သော် YHT ၏ ဖြေကြားချက်များအရ အနော်မာကုမ္ပဏီသည် ဝန်ကြီးများရုံး ပြင်ဆင်မှု
အတွက် ကြီးကြပ်ထိန်းသိမ်းစောင့်ရှောက်ရန် ဖွဲ့စည်းထားသည့် ကော်မတီ၏
တိုက်တွန်းညွှန်ကြားမှုများအတိုင်း အဆောက်အအုံ၏ မူလလက်ရာ မပျက်အောင်
ပြန်လည်ပြင်ဆင်ဆောင်ရွက်ရန် သဘောတူညီ ထားကြောင်း သိရသည်။

''ကျွန်မတို့ YHTအဖွဲ့ကလည်း ဒီအဆောက်အအုံဝင်းကြီးနဲ့ ပတ်သက်ပြီး ပြင်ဆင်ရာမှာ
ကိုင်စွဲရမယ့် အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး စီမံမှုအစီအစဉ် (CMP Conservation
Management Plan) ကို နိုင်ငံတကာပညာရှင်တွေရဲ့ အကူအညီနဲ့ ၂ဝ၁၅ ခုနှစ်က
ရေးဆွဲပြင်ဆင်ခဲ့ပြီး ထိန်းသိမ်းပြုပြင်ရေးဆောင်ရွက်တဲ့အခါ အဲဒီမူဝါဒရဲ့ နည်းစနစ်တွေ
အတိုင်း လိုက်နာဖို့ ပေးထားပြီး ဖြစ်ပါတယ်''ဟု ဒေါ်မိုးမိုးလွင်က ဆိုသည်။

လက်ရှိတွင် ကော်မတီအနေဖြင့် လုပ်ငန်းများ မဆောင်ရွက်မီ ကြိုတင်စိစစ်နိုင်ရန်အကြံပြုထားပြီး
အခြား ပိုမိုအသေးစိတ်သော လုပ်ငန်းခွင်တွင် အတိအကျ လိုက်နာရန် အချက်များကိုလည်း
YHT က အကြံပြုလုပ်ဆောင်လျက်ရှိကြောင်း ပြောသည်။

''ဝန်ကြီးများရုံးက သက်တမ်း နှစ် ၁၂ဝ ကျော်ပြီး အလွန်အရေးကြီးတဲ့ အမွေအနှစ်
အဆောက်အအုံဖြစ်တဲ့အတွက် ပြန်လည်ပြင်ဆင်တဲ့အခါမှာ လုပ်ငန်းလုပ်ကိုင်မှုတွေ
မှန်ကန်ဖို့ လိုအပ်ပါတယ်။ အဆောက်အအုံဟောင်းကို ထိန်းသိမ်းတဲ့အခါမှာလည်း
ပစ္စည်းသုံးစွဲတာတွေ၊ နည်းစနစ်ရွေးချယ်တာတွေ၊ လုပ်ငန်းခွင်မှာဆောင်ရွက်တာတွေ
လုပ်သားတွေရဲ့ စနစ်တကျ မှန်ကန်မှုကလည်း သိပလိုအပ်ပါတယ်''ဟု ဒေါ်မိုးမိုးလွင်က
ပြောသည်။

ဝန်ကြီးများရုံးအဆောက်အအုံကို ပြီးခဲ့သည့် အစိုးရလက်ထက်က ပြန်လည်ပြင်ဆင်
အသုံးပြုရန် အနော်မာ အနုပညာအဖွဲ့ ကုမ္ပဏီလိမိတက်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု
ကော်မရှင်က ၂ဝ၁၄ ခုနှစ်တွင် လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ပြီး ယခုပြင်ဆင်မှုများအတွက်
ပြုလုပ်နေသည့် ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီအနေဖြင့် သိရှိမှု မရှိကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက
ပြောသည်။

''အရင်အစိုးရလက်ထက်က ဝန်ကြီးများရုံး ပြင်ဆင်မှုကို ပုဂ္ဂလိကကို ပေးလိုက်တာ။
ဆိုတော့ အခု ပြင်ဆင်တာတွေကို ကျွန်တော်တို့ မသိပါဘူး။ ဒါပေမဲ့ ပြင်ဆင်မှုပိုင်းမှာတော့
အစိုးရနဲ့ ပေါင်းပြီးလုပ်ဖို့တော့ ပြောထားတာတွေ ရှိပါတယ်။ အခု စည်ပင်အောက်မှာရှိတဲ့
ရှေးဟောင်းအဆောက်အအုံဆိုလို့ မြို့တော်စည်ပင်အဆောက်အအုံပဲ ရှိတယ်'' ဟု
ဦးမောင်မောင်စိုးက ပြောသည်။

အနော်မာကုမ္ပဏီက ဝန်ကြီးများရုံးကို လုပ်ပိုင်ခွင့်ရပြီးပြီးချင်း ပြင်ဆင်မှုများ မစနိုင်ခဲ့ဘဲ
အချိန်အတော်ကြာ ကြန့်ကြာမှုများရှိခဲ့ပြီး ယခုအစိုးရလက်ထက်တွင် ပြန်လည်စတင်ခြင်း
ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း ရန်ကုန်မြို့ရှိ ရှေးဟောင်း
အမွေအနှစ် အဆေက်အအုံများကို နောက်ပိုင်းတွင် ပြန်လည်ပြင်ဆင်မွမ်းမံပြီး
အများပြည်သူ ဝင်ထွက်သွားလာ လေ့လာနိုင်သည့် အနေအထားမျိုးအထိ ပြန်
အသုံးပြုနိုင်အောင် လုပ်ဆောင်ဖို့ စီစဉ်နေသည်ဟု ယခုနှစ်အစောပိုင်းမှာ ထုတ်ဖော်
ပြောကြားခဲ့ပြီးနောက် အဆိုပါဝန်ကြီးများရုံးကိုလည်းတိုင်းဒေသကြီးအစိုးရဘက်က
တိုက်ရိုက်ကြီးကြပ်ကွပ်ကဲပြီး ဆောင်ရွက်ရန်ရှိကြောင်း ပြောခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး