၂၀၁၇ မှ ၂၀၂၀ အထိ လေးနှစ်တာဆီးချိုရောဂါစီမံချက် အကောင်အထည် ဖော်ဆောင်ရွက်ရန်
ဒိန်းမတ်နိုင်ငံအခြေစိုက် Novo Nordisk ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ ၁ဒသမ၂ သန်း
ကူညီပံ့ပိုးမည်ဖြစ်ပြီးခရိုင်အဆင့်နှင့်ဗဟိုအဆင့်ဆေးရုံများတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီမံချက်မန်နေဂျာ(ဆီးချိုသွေးချို) ပါမောက္ခဦးကိုကိုက
ပြောသည်။
အဆိုပါလေးနှစ်တာစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာကို
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးနှင့် Novo Nordisk
ကုမ္ပဏီတို့က မတ်လ ၁၃ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။စီမံချက်အရ လေးနှစ်အတွင်း
အမျိုးအစားတစ်ဆီးချိုရောဂါ (မွေးရာပါ အင်ဆူလင်ချို့တဲ့မှုကြောင့်ဖြစ်သောဆီးချိုရောဂါ)
ဖြစ်ပွားနေသည့် ကလေး ၈၀၀ ကို ဖော်ထုတ်ခြင်းနှင့် အင်ဆူလင်ကဲ့သို့ ဆေးဝါးနှင့်ကုသရေး
အတွက် ထောက်ပံ့ခြင်း၊ ဆရာဝန်၊ သူနာပြု ၂,၀၀၀ ခန့်ကို သင်တန်းပေးခြင်း၊ ကျန်းမာရေး
အသိပညာပေးခြင်းနှင့် ဆီးချိုရောဂါဆိုင်ရာ မှတ်ပုံတင်ခြင်း နည်းလမ်းများကို ပံ့ပိုးကူညီ
သွားမည်ဖြစ်ကြောင်း Novo Nordisk ကုမ္ပဏီမှ အရှေ့တောင်အာရှ ဆိုင်ရာဒါရိုက်တာ
Mr.Henrik Bendix Dahl ကပြောသည်။
"မြန်မာနိုင်ငံမှာ ဆီးချိုကြောင့် နှစ်စဉ် ၆၀,၀၀၀ လောက် သေဆုံးနေတယ်လို့ ကျွန်တော်တို့
သိရပါတယ်။ ဆီးချိုရောဂါရဲ့အန္တရယ်က မှန်းဆလို့မရပါဘူး"ဟု ၎င်းကပြောသည်။
အဆိုပါစီမံချက်အရ ရန်ကုန်နှင့်မန္တလေးကလေးအထူးကုဆေးရုံကြီးများတွင်
ဆီးချိုရောဂါကလေးလူနာများအတွက် ဆေးခန်းဖွင့်လှစ်ကာ အခမဲ့ စစ်ဆေးပေးခြင်းနှင့်
ကုသခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါမောက္ခ
ဦးကိုကိုကပြောသည်။"မကူးစက်ရောဂါတွေနဲ့ ပတ်သက်လို့ ထောက်ပံ့မှုတွေရတာ
နည်းပါတယ်။
အခု ဒီစီမံချက်အရဆိုရင် သူတို့က အမျိုးအစားတစ်ဆီးချိုဖြစ်တဲ့ ကလေးတွေအတွက်
ကူညီပေးမှာဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေးကလေးဆေးရုံတွေမှာ ဆေးခန်းဖွင့်မယ်၊
စစ်ဆေးပေးမယ်၊ လိုအပ်ရင်ကုပေးမယ်။ ကလေး ဆေးရုံတွေမှာက အသက် ၁၈ နှစ်အထိ
အကျံုးဝင်ပါတယ်" ဟု ၎င်းကပြောသည်။အဆိုပါစီမံချက်သည် ခရိုင်အဆင့်နှင့် ဗဟိုအဆင့်
အနေဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကာ လေးနှစ်အတွင်း ဆေးရုံကြီးများမှ ဆရာဝန်၊
သူနာပြုနှင့် သားဖွား ၂,၀၀၀ ကို ဆီးချိုရောဂါ ကာကွယ်ကုသခြင်း အရည်အသွေးမြှင့်
သင်တန်းပေးခြင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊မြောက်ဥက္ကလာဆေးရုံကြီးနှင့်
မန္တလေးဆေးရုံကြီးများ ရှိ ဆီးချိုနှင့်ဟော်မုန်းရောဂါအထူးကုဌာနများကို ထပ်မံ
အဆင့်မြှင့်တင်ကာ ဆရာဝန်၊ သူနာပြုနှင့် ပြည်သူလူထုကို အသိပညာပေးခြင်းများ
ဆောက်ရွက်သွားမည်ဖြစ်သည်။















