တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ဘတ်ဂျက်ခွဲဝေချထားမှု

တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ဘတ်ဂျက်ခွဲဝေချထားမှု

၂၀၁၅ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက
၎င်းတို့ အစိုးရလက်ထက်တွင် ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုစနစ်ကို
ဦးတည်ဖော်ဆောင်မည်ဟု ကြွေးကြော်ထားသည်။

သို့အတွက် လက်ရှိအစိုးရလက်ထက်တွင် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အရေးပါသကဲ့သို့
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များကို မည်သို့ ဘတ်ဂျက်ခွဲဝေပေးသွားမည်ဆိုသည်မှာလည်း
အရေးပါနေသည်။

အစိုးရသက်တမ်း၏ ပထမနှစ်တွင် ယခင် အစိုးရနှင့် ယခင်လွှတ်တော်က ရေးဆွဲအတည်ပြု
ပြဋ္ဌာန်းခဲ့သည့် ဘတ်ဂျက် (ရသုံးမှန်းချေငွေ စာရင်း)အရသာ အကောင်အထည်ဖော်
ဆောင်ရွက်ခဲ့ရသော်လည်း လာမည့် ဘဏ္ဍာနှစ်တွင် ကိုယ့်အစိုးရက ရေးဆွဲပြီး ကိုယ့်ပါတီ
ဦးဆောင်သည့် လွှတ်တော်က အတည်ပြုပေးမည့် ဘတ်ဂျက်ဖြစ်သည့်အတွက် တိုင်းဒေသကြီးနှင့်
ပြည်နယ်များကို မည်သို့ခွဲဝေချထားမည်ကို စောင့်ကြည့်လေ့လာရမည်ဟု
လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

"ဒီအင်န်အယ်လ်ဒီအစိုးရက ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို သွားမယ်ဆိုတော့ တစ်ဖက်က
ငြိမ်းချမ်းရေးကိစ္စတွေကို သူ့ဟာနဲ့ သူ အကောင်အထည်ဖော်နေတာ တွေ့ရတယ်။ ကျန်တဲ့
တစ်ဖက်မှာလည်း ပြည်ထောင်စု အစိုးရကနေပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို
ဘတ်ဂျက် ဘယ်လိုခွဲဝေပေးသလဲ၊ လိုငွေတွေကို ဘယ်လို ထောက်ပ့ံနေသလဲ ဆိုတာလည်း
စိတ်ဝင်တစားနဲ့ စောင့်ကြည့် လေ့လာဖို့လိုတယ်။ ဖက်ဒရယ်ကိုသွားချင်ရင်
ဒါက အရေးပါတယ်လေ" ဟု ရခိုင်အမျိုးသားပါတီဝင်၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးဖေသန်းက ပြောသည်။

အစိုးရသစ် ကိုယ်တိုင်ရေးဆွဲ တင်ပြလာသည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏
ဘဏ္ဍာငွေအရ အသုံးစာရင်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့
တင်ပြခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ရငွေနှင့်အသုံးစရိတ်ကို ကျပ် ၂ ဒသမ ၄၇၅ ထရီလျံစီ
ခန့်မှန်းထားသောကြောင့် ပြည်ထောင်စုတစ်ခုလုံး (တစ်နိုင်ငံလုံး)၏ စုစုပေါင်းရငွေ လျာထားချက်သည်
ကျပ် ၁၉ ဒသမ ၂၄၃ ထရီလျံနှင့် စုစုပေါင်းအသုံးစရိတ်သည် ကျပ် ၂၃ ဒသမ ၃၇၁ ထရီလျံဖြစ်သည်။

အထက်ပါ ကိန်းဂဏန်းများသည် ကနဦးတင်ပြထားသည့် လျာထားချက်များသာဖြစ်သောကြောင့်
အမှန်ဟု အတည်မပြုနိုင်ဘဲ အနည်းငယ်အပြောင်း အလဲရှိနိုင်သည်။

ပြည်ထောင်စုအစိုးရသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဘတ်ဂျက်လိုငွေအတွက်
ကျပ် ၁ ဒသမ ရ၀၈ ထရီလျံ ထောက်ပ့ံ ရန်လျာထားကြောင်း ဖော်ပြထားသည်။

ထိုပမာဏသည် ပြည်ထောင်စုအစိုးရက သုံးစွဲရန်လျာထားသည့် ပမာဏ၏ ၈ ဒသမ ၁၇ ရာခိုင်နှုန်း
ရှိပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုချင်းစီအတွက် ပျမ်းမျှကျပ် ၁၂၁ ဘီလျံ ကျော် ခွဲဝေရရှိရန်
ဖြစ်သော်လည်း တိုင်းနှင့် ပြည်နယ်တစ်ခုချင်း၏ ဘတ်ဂျက်လိုငွေဖြစ်ပေါ်မှုအရ တစ်ခုနှင့်တစ်ခု
ထောက်ပ့ံငွေရရှိခြင်း မတူညီကြောင်း တွေ့ရသည်။

"တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက သူတို့ ဘတ်ဂျက်ကို သူတို့ဘာသာ သူတို့ဆွဲကြတယ်။ အဲဒီလို
ဆွဲတဲ့နေရာမှာ လိုငွေဖြစ်ပေါ်လာရင် ပြည်ထောင်စုကနေ ထောက်ပ့ံပေးရတယ်။ သူတို့မှာလည်း
သူတို့ဘတ်ဂျက်နဲ့ သူတို့ရှိကြတယ်။ အဲဒီဘတ်ဂျက်အပေါ်မှာမှ ဖြစ်ပေါ်လာတဲ့ ဘတ်ဂျက်လိုငွေကို
ဖြည့်ပေးလိုက်တာ" ဟု ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ကော်မတီအဖွဲ့ဝင်၊ ကရင်ပြည်နယ်
လှိုင်းဘွဲ့ မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးခင်ချိုက မတ် ၁၀ ရက်တွင်
မြန်မာတိုင်း(မ်) ကို ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ဘက်ဂျက်လိုငွေ ဖြည့်ပေးရာတွင် လိုငွေပမာဏအတိုင်း
ဖြည့်ဆည်းပေးခြင်းမျိုး မဟုတ်ဘဲ သတ်မှတ်ထားသည့်မူဘောင်များအရသာ ဖြည့်ဆည်းပေးခြင်း
ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ဘတ်ဂျက်ရေးဆွဲရာတွင် မြို့နယ်အဆင့်မှ စတင်ရေးဆွဲခြင်း
ဖြစ်သည်။

ထိုမှတစ်ဆင့် တိုင်း/ပြည်နယ်အဆင့်ကို တင်ပြခြင်းဖြစ်သည်။ တိုင်း/ပြည်နယ်အဆင့်တွင်
ဘတ်ဂျက်ကို စာရင်းချုပ်ပြီး နောက် ဘတ်ဂျက်လိုငွေကို ပြည်ထောင်စု အစိုးရထံ တင်ပြဖြစ်ကြောင်း
ဦးခင်ချိုက ပြောသည်။

"ပြည်ထောင်စုကနေ ခုနက ပြောတဲ့ဘောင်နဲ့ ပြန်စိစစ်ပြီးတော့မှ ဒါကတော့ ဒီလောက်ပဲပေးနိုင်မယ်၊
ဒီလောက်တော့ မပေးနိုင်ဘူးဆိုပြီး ဆုံးဖြတ်တာ" ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုအစိုးရသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းပေးရာတွင်
ညွှန်းကိန်းခြောက်ခုဖြင့် တွက်ချက်ဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦကျော်ဝင်းက ပြောကြားသည်။

အဆိုပါညွှန်းကိန်းခြောက်ခုမှာ စုစုပေါင်း လူဦးရေ၊ ဆင်းရဲမှုညွှန်းကိန်း၊ တစ်ဦးစီ၏ ပျမ်းမျှ အသားတင်
ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုတန်ဖိုး၊ မြေဧရိယာအကျယ်အဝန်း၊ စုစုပေါင်းလူဦးရေတွင် မြို့ပြလူဦးရေ
အချိုးနှင့် တစ်ဦးချင်း အခွန်ကောက်ခံမှု ဖြစ်သည်။

"ဒီညွှန်းကိန်းတွေပေါ်မှာ အခြေခံပြီးပေးတာ ဖြစ်တယ်။ အဲဒီထက် မကျော်ရဘူး။
ဥပမာ ရှမ်းပြည်နယ်ဆိုရင် လူဦးရေများတယ်၊ ဧရိယာကျယ်ဝန်းတယ်။ ဒါပေမဲ့ သတ်မှတ်ထားတဲ့
အတိုင်း ထောက်ပ့ံတယ်။ သူတို့လိုသလောက်ပေးတာ မဟုတ်ဘူး"ဟု ဦးခင်ချို က ပြောသည်။

ရှမ်းပြည်နယ်သည် ထောက်ပ့ံငွေ အများဆုံး လျာထားခံရသော ပြည်နယ်ဖြစ်သော်လည်း စုစုပေါင်း
အသုံးစရိတ် ၂၅၈ ဒသမ ၈ ဘီလျံရှိသည့် ရငွေကျပ် ၄၀ ဒသမ ၂ ဘီလျံသာရှိသည့်အတွက်
ဘတ်ဂျက်ကျပ် ၂၁၈ ဒသမ ၆ ဘီလျံ ဖြစ်ပေါ်လျက်ရှိသည်။

လာမည့် ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ထောက်ပ့ံရန်
လျာထားချက်အရ ရှမ်းပြည်နယ်က အများဆုံးနေရာတွင်ရှိနေပြီး စစ်ကိုင်းတိုင်း ဒေသကြီးသည်
ကျပ် ၁၇၇ ဒသမ ၁ ဘီလျံ ကျော်ဖြင့် နံပါတ်နှစ်နေရာတွင် ရှိနေသည်။

နံပါတ်သုံးနေရာတွင် ကချင်ပြည်နယ်က ကျပ် ၁၅၃ ဒသမ ၆ ဘီလျံနှင့် နံပါတ်လေးနေရာတွင်
တနင်္သာရီတိုင်းဒေသကြီးက ကျပ် ၁၄၆ ဒသမ ၃ ဘီလျံဖြင့် ရပ်တည်နေသည်။

တိုင်းဒေသကြီးများအတွက် ထောက်ပ့ံငွေကို ကျပ် ၈၆၁ ဒသမ ရ၇၈ ဘီလျံနှင့် ပြည်နယ်များအတွက်
ထောက်ပ့ံငွေက ကျပ် ၈၄၅ ဒသမ ၈၀၄ ဘီလျံကျော် လျာထားသောကြောင့် တိုင်းဒေသကြီးနှင့်
ပြည်နယ်အလိုက် လျာထားချက် ညီမျှသည်ဟု ဆိုနိုင်သည်။

ရခိုင်ပြည်နယ်မှ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကမူ တိုင်းဒေသကြီးများနှင့်
ပြည်နယ်များသည် ထောက်ပ့ံငွေကျပ် ၈၀၀ ဘီလျံကျော်စီ လျာထားခံရသော်လည်း ညီမျှသည်ဆိုသော
အချက်ကို လက်မခံပေ။

"ညီမျှတယ်ဆိုတဲ့ ပုံစံမျိုးတော့ မြင်ရတာပေါ့။ ဒါပေမဲ့ တကယ့် စီမံကိန်းကြီးတွေက ရန်ကုန်၊ ပဲခူး၊
မန္တလေး၊ မကွေး၊ တနင်္သာရီ စတဲ့တိုင်းဒေသကြီးတွေမှာပဲ ရှိတယ်။ အဲဒီတော့ ဒီစီမံကိန်းကြီးတွေကနေ
တိုင်းဒေသကြီးတွေကို ဘတ်ဂျက်တွေ စီးဝင်တာကျတော့ မမြင်သာဘူးပေါ့"ဟု ၎င်းက ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များက အကောင်အထည်ဖော်ရန်လျာထားသည့်
စီမံကိန်းကြီးများသည် ၈ ဒသမ ၁၇ ရာခိုင်နှုန်းသာရှိပြီး ပြည်ထောင်စု အစိုးရက
အကောင်အထည်ဖော်မည့်စီမံကိန်း များမှာမူ ၉၀ ရာခိုင်နှုန်းကျော်ရှိနေကြောင်း
ဦးဖေသန်းက ပြောသည်။

"ဒီစီမံကိန်းကြီးတွေက ဖွံ့ဖြိုးပြီးဖြစ်တဲ့ တိုင်းဒေသကြီးတွေမှာ ရောက်သွားတယ်။ ဆိုတော့
ဒီဒေသတွေမှာ ဖွံ့ဖြိုးပြီးရင်း ဖွံ့ဖြိုး လာပြီးနောက် တိုင်းနဲ့ ပြည်နယ်တွေအကြား ဖွံ့ဖြိုးမှုကွာဟချက်က
ဝေးသထက်ဝေးသွားတယ်။ ဘတ်ဂျက်ဟာ တိုင်းနှင့် ပြည်နယ် အချိုးညီမျှဖို့ဆိုတဲ့
ရည်မှန်းချက်ဟာလည်း ပိုပြီး တော့ဝေးသွားတယ်။ ပြောရရင် တစ်ဖက်စောင်းနင်းဖြစ်သွားတာပေါ့"ဟု
၎င်းက ပြောသည်။

လွှတ်တော်အစည်းအဝေးများတွင် ပြည်ထောင်စုဝန်ကြီးဌာနများက တင်ပြလာသော စီမံကိန်း
အသုံးစရိတ်များကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးသုံးသပ်ကာ လျှော့ချစေခြင်း၊
ဖြတ်တောက်စေခြင်းများ ရှိနေသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ဘတ်ဂျက်လိုငွေ
ဖြည့်ဆည်းရာတွင် ဆွေးနွေးမှုအားနည်းသည်ဟုလည်း ဦးဖေသန်းက ပြောသည်။

"ပြည်ထောင်စုဘတ်ဂျက်က ဘယ်ကဏ္ဍတွေမှာ ဘယ်လောက်သွားတယ်ဆိုတာ စာရင်းလေးပြနိုင်ရင်
ပိုကောင်းမယ်။ ခုဟာက ဖုံးကွယ်ထားသလို ဖြစ်နေတယ်။ အဲဒါကို ကိုယ်စားလှယ်တွေက ဆွဲထုတ်လို့
မရဘူး။ ၀န်ကြီးဌာနတစ်ခုချင်းစီက ကိုယ်တို့ ပြည်နယ်ကို ဘယ်လောက်စီးဝင်တယ်ဆိုတာ ဆွဲထုတ်ဖို့
ခက်တယ်လေ။ ဒီတော့ ကိုယ်စားလှယ်တွေက ဆန်းစစ်ရာမှာ အားနည်းတာပေါ့"ဟု
၎င်းက ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ဘဏ္ဍာငွေခွဲဝေသုံးစွဲရာတွင် အခွန်ဝေစု (ကောက်ခံရရှိသည့်
အခွန်ဘဏ္ဍာငွေကို ရာခိုင်နှုန်းအားဖြင့် ပြန်လည်ခွဲဝေပေးခြင်း) လည်း ပါ၀င်သည်။

အခွန်ဝေစုခွဲဝေပေးခြင်းကို ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး
တံဆိပ်ခေါင်းခွန်ထဲမှ ၂ ရာခိုင်နှုန်းနှင့် ၀င်ငွေခွန်ထဲမှ ၅ ရာခိုင်နှုန်း ခွဲဝေပေးခဲ့သည်။

လက်ရှိဘဏ္ဍာနှစ် (၂၀၁၆-၁၇ ဘဏ္ဍာနှစ်) တွင်လည်း ကုန်သွယ်လုပ်ငန်းခွန်ထဲမှ ၁၅ ရာခိုင်နှုန်းနှင့်
အထူးကုန်စည်ခွန်ထဲမှ ၁၅ ရာခိုင်နှုန်းကို ထပ်မံခွဲဝေပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

အထက်ပါအတိုင်း အခွန်ဝင်ငွေ ခွဲဝေပေးရာတွင် ရန်ကုန်တိုင်းဒေသကြီးသည် အခွန်ဝေစုအများဆုံး
ရရှိမည်ဖြစ်သည်။

"ခွဲဝေပေးရာမှာ ပုဂ္ဂလိကများ၊ ကုမ္ပဏီတွေနဲ့ နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းတွေဟာ တိုင်း/ ပြည်နယ်
အနှံ့အပြားမှာ လုပ်ငန်းဆောင်ရွက်နေသော်လည်း အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးက
ရန်ကုန်မြို့မှာ တည်ရှိပြီး ရန်ကုန်တွင် ပေးဆောင်ကြခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးက
အခွန်ဝေစု အများဆုံး ရရှိခြင်း ဖြစ်ပါတယ်"ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

လာမည့် ဘဏ္ဍာနှစ်တွင် ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန်ထဲမှ ၁၅ ရာခိုင်နှုန်းကို
တိုင်း/ပြည်နယ်များသို့ တိုက်ရိုက် ခွဲဝေပေးခြင်း မပြုတော့ဘဲ ခွဲဝေသင့်သည့် အချိုးအတိုင်း ခွဲဝေမည်
ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

အခြားအခွန်ဝေစုများကိုမူ ယခင်အတိုင်း ဆက်လက်ခွဲဝေပေးမည်ဖြစ်သည်။

"အခွန် က တကယ့်စီးပွားရေးလုပ်ငန်းရှိတဲ့နေရာမှာ ရတာ။ ဥပမာ - ဆိပ်ကမ်းရှိတဲ့ ဒေသတွေ၊
စည်ပင်ရှိတဲ့တိုင်းတွေမှာ အများဆုံးရတယ်။ ဒီဒေသတွေက အဲဒီအခွန်အရင်းအမြစ်တွေ
ရှိပြီးသားအပြင် ပြည်ထောင်စုဘတ်ဂျက် ကပါ ထပ်ပြီးထည့်ပေးတော့ အများကြီး ကွာသွားတာပေါ့။
ဒါတောင် အမျိုးသားရင်ကြားစေ့ရေးတွေ ဘာတွေပြောနေကြတယ်" ဟု ဦးဖေသန်းက ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များသည် မြေခွန်၊ ရေခွန်၊ ယစ်မျိုးခွန်စသည့် အခွန်များကို ပြည်ထောင်စု
ဘတ်ဂျက်သို့ ပေးသွင်းရခြင်း မရှိကြောင်း ဦးခင်ချိုက ပြောသည်။

အဆိုပါအခွန်အရင်းအမြစ်များသည် လက်ရှိတွင် ၀င်ငွေအားဖြင့် ရာခိုင်နှုန်းနည်းနေသော်လည်း
ထပ်မံတိုးမြှင့်ကောက်ခံရန် အလားအလာများ ရှိနေသည်။

"အခု မြေခွန်တို့၊ ရေခွန် (စိုက်ပျိုးရေး လုပ်ငန်းများအတွက်) တို့အပေါ် ကောက်ခံမှုတွေမှာ
သိပ်နည်းနေတယ်။ ပြောရရင် ကျပ်ရာဂဏန်းပဲ ရှိတယ်။ ဒါကို နည်းနည်းလေးထပ်ပြီး ဥပမာ တစ်ဧက
အပေါ်မှာ ရာဂဏန်းလောက် ထပ်တိုးလိုက်ရင်ပဲ အခွန်ဝင်ငွေက အများကြီးတိုးတက်လာမယ်"ဟု
၎င်းကပြောသည်။

အစိုးရကမျှော်မှန်းနေသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်နိုင်ရန်
လက်ရှိဘတ်ဂျက်လိုငွေ ထောက်ပံ့ခြင်းနှင့် အခွန်ဝေစုခွဲဝေမှုသည် အရေးကြီးသည့် အခန်းကဏ္ဍတွင်
ရှိနေကြောင်း ဦးဖေသန်းက ပြောသည်။

"ဒါတွေက အရေးကြီးတယ်။ ညီမျှမှုမရှိဘူးလို့ ခံစားရရင် မဖြစ်နိုင်ဘူး။ အမှန်ပြောရရင် ရဲရဲဝ့ံဝ့ံ
မပေးဘူးဆိုရင် မဖြစ်နိုင်ဘူး။ အကျိုးခံစားခွင့်ဆိုတာ ဖက်ဒရယ်ထိသွားတယ်။ ဒီဟာတွေ ခွဲဝေမှု
မညီမျှတာကို တိုင်းရင်းသားတွေ ခံစားနေရတာပေါ့။ တို့ဒေသမှာတော့ ဘာမှလုပ်မပေးဘူးဆိုတဲ့
ခံစားချက်မျိုး။ အဲဒါက အမျိုးသားရင်ကြားစေ့ရေးမှာ တကယ်အရေးပါတယ်"ဟု ၎င်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်၊ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ၊
ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းကမူ တိုင်းဒေသကြီးနှင့်
ပြည်နယ်များအတွက် ဘတ်ဂျက်ခွဲဝေမှုသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရသာဖြစ်ကြောင်း ပြောသည်။

"အခြေခံဥပဒေအပေါ်မှာပဲ မူတည်နေပါတယ်။ ဒါကို ပြင်ဖို့ လိုမယ်။ ပြင်ပြီးမှသာ ဒီခွဲဝေမှုတွေက
အကောင်းဆုံးဖြစ်လာလိမ့်မယ်" ဟု ၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး