မြန်မာနိုင်ငံသည် နွေရာသီကာလများတွင် ပူပြင်းခြောက်သွေ့သော ရာသီဥတုနှင့်အတူ
မြစ်ချောင်းများတွင် ရေခန်းခြောက်မှုကြောင့် ရေရှားပါးခြင်း ပြဿနာ ကိုပါ ရင်ဆိုင်ရလေ့ရှိသည်။
ယခုနှစ်တွင် အယ်နီညိုမဟုတ် လာနီညာမဟုတ်သော ကြားနေ ရာသီဥတုသာ ဖြစ်ပေါ်နေသည့်
အတွက် ပုံမှန်နွေရာသီသာ ဖြစ်ပေါ်နိုင်သော်လည်း ပုံမှန်ထက် အပူချိန်မြင့်မားနိုင်ကြောင်း
မိုးလေဝသပညာရှင်များက ခန့်မှန်းထားသည်။
"ဒီနှစ်က ကြားနေရာသီဥတုခံစားရနိုင်တယ်ဆိုပေမဲ့ နေ့အပူချိန်တွေက မြင့်လာဖို့ အလားအလာတွေ
ရှိနေတယ်" ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်
ဦးကျော်မိုးဦးက ပြောသည်။
ပြီးခဲ့သည့်နှစ် နွေရာသီကာလက အယ်နီညိုရာသီဥတုဖြစ်စဉ် သက်ရောက်မှုကြောင့် နေ့အပူချိန်များ
မြင့်တက်ခဲ့ပြီး အထက်ပိုင်း ဒေသများအပြင် မြစ်ဝကျွန်းပေါ်ဒေသများတွင်ပါ သောက်သုံးရေ
ရှားပါးပြတ်လပ်မှုကို ကြံုတွေ့ခဲ့ရသည်။
ယခုနှစ်တွင် ဖေဖော်ဝါရီလမှ စတင်ခါ အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာနေပြီး ဖေဖော်ဝါရီမှ
ဧပြီလအထိ ကာလများတွင် ပုံမှန်ထက် ပိုပူနိုင်ကာ ဧပြီလမှစတင်၍ အပူဒဏ်အန္တရာယ်ကို သတိပြုရန်
လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက
ပြောသည်။
"အယ်နီညိုရှိရှိ၊ မရှိရှိ မြန်မာ့နွေရာသီက ဧပြီလလယ်ကနေ မေလလယ်အထိ
အပူလွန်ကဲတတ်တယ်"ဟု ဦးကျော်လွင်ဦးက ပြောသည်။
အပူချိန်လွန်ကဲခြင်း၏ နောက်ဆက်တွဲအနေဖြင့် မိုးတိမ်တောင်များ ဖြစ်ပေါ်တတ်ပြီး မွန်းလွဲနှင့်
ညနေပိုင်းအချိန်များတွင် မိုးသီးကြွေခြင်း၊ လေပြင်းတိုက်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊
မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလဌာနက
ထုတ်ပြန်ထားသည်။
ယခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်းက နွေရာသီကာလအတွင်း အချိန်အခါမဟုတ်
မိုးရွာသွန်းခဲ့ပြီး မြစ်ကြီးနားမြို့ အနီးတစ်ဝိုက်တွင် မိုးသီးကြွေခြင်း ဖြစ်ပေါ်ခဲ့သည်။
မတ်လ ၂ ရက်တွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ မတ်လ ၆ ရက်တွင် ကျောက်တော်မြို့၊
မတ် ၈ ရက်တွင် နေပြည်တော် (တပ်ကုန်း) နှင့် မတ် ၁၀ ရက်တွင် ရှမ်းပြည်နယ်တွင်
လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေစုစုပေါင်း ၁၁၅ လုံးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ မတ် ၁၃ ရက်တွင်
သတင်းထုတ်ပြန်ထားသည်။
"အပူချိန်မြင့်လာရင် ရေရှားတာ၊ ပူပြင်းတာနဲ့အတူ မိုးတိမ်တောင်အန္တရယ်ကိုလည်း
သတိပြုသင့်ပါတယ်။ မတ်လလယ်ကနေ ဧပြီလ၊ မေလတို့မှာ မိုးတိမ်တောင်ဖြစ်စဉ်တွေ
ဖြစ်နိုင်ပါတယ်" ဟု ဦးကျော်မိုးဦးက ပြောသည်။
ကမ္ဘာကြီးပူနွေးလာမှုကြောင့် အစွန်းရောက် ရာသီဥတုတွေ ကြံုတွေ့ရလာသည်။
ယမန်နှစ်တွင် ဖြစ်ပေါ်ခဲ့သည့် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတွင်လည်း
အစွန်းရောက်ရာသီဥတုဖြစ်စဉ်များကို ခံစားခဲ့ရကာ နွေရာသီကာလက အပူချိန်မြင့်မားမှုကြောင့်
မိုးတိမ်တောင်အန္တရာယ်ဖြစ်ပေါ်ကာ ကြီးမားသည့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု
ဦးကျော်မိုးဦးက ပြောသည်။
"အရင်ကလည်း မိုးတိမ်တောင်တွေကြောင့် မိုးသီးကြွေတာတွေ ရှိခဲ့ပေမဲ့ အရွယ်အစားသေးတယ်ပေါ့။
မနှစ်ကတော့ အရွယ်ကြီးတဲ့ မိုးသီးကြွေကျမှုကြောင့် နေအိမ်နဲ့၊ လူတွေ ထိခိုက်ပျက်စီးခဲ့တာတွေ
ရှိခဲ့တယ်။ ဒါကအစွန်းရောက် မိုးလေဝသအခြေအနေပေါ့"ဟု ၎င်းက ပြောသည်။
အပူချိန်မြင့်တက်မှုကြောင့် သောက်သုံး ရေရှားပါးမှုကို မိုးနည်းရပ်ဝန်းဒေသဖြစ်သည့်
အထက်အညာဒေသများတွင်သာမက ယခု နောက်ပိုင်းကာလများတွင် ရန်ကုန်၊ ပဲခူး စသည့်
အောက်ပိုင်းဒေသများတွင်ပါ ခံစားလာရသည့်အတွက် နွေရာသီကာလ သောက်သုံးရေ
ရှားပါးမှုအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်ဟု ဦးကျော်မိုးဦးက ပြောသည်။
"ဒီရေရှားပါးမှု ပြဿနာက နှစ်စဉ်ကြံုတွေ့နေရတဲ့အတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်။
ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်နေထိုင်ကြဖို့ လိုတယ်။
ရာသီဥတုနဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေနဲ့ ပတ်သက်တဲ့ အသိပညာတွေလည်း
လူထုအတွက် လိုအပ်ပါတယ်။ ဒါတွေအတွက် ပြင်ဆင်ထားဖို့လိုပါတယ်"ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၏ ပျှမ်းမျှ အပူချိန်များကိုကြည့်ပါက ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းမှစတင်ခါ တဖြည်းဖြည်း
တိုးလာနေသည်ကို တွေ့ရှိရပြီး အဆိုပါအအချက်သည် ရာသီဥတုပြောင်းလဲမှုကို သိသာစေသည့်
အချက်တစ်ခုဖြစ်နေသည်ဟု ဦးကျော်လွင်ဦးက ဆိုသည်။
ပြီးခဲ့သည့် နွေရာသီကာလက နေ့အပူချိန်မြင့်မားမှုကြောင့် မြန်မာနိုင်ငံရှိ မိုးလေဝသ စခန်းပေါင်း
၁၈ ခုကျော်တွင် နေ့အပူချိန်စံချိန် သစ်များရှိခဲ့ပြီး ထပ်တလဲလဲ စံချိန်ချိုးခဲ့သည်။
မကွေးတိုင်းတွင် နှစ်ပေါင်း ၄၀ ကျော်အတွင်း အမြင့်ဆုံးအပူချိန်အဖြစ် ၄၆ ဒသမ ၅ ဒီဂရီ
စင်တီဂရိတ်အထိ ရှိခဲ့သည်။
၂၀၁၀ ပြည့်နှစ်၊ မေလအတွင်းက မြင်းမူမြို့နယ်တွင် ၄၇ ဒသမ၂ ဒီဂရီစင်တီဂရိတ်ဖြင့် အမြင့်ဆုံးအပူချိန်
စံချိန်သစ်ရရှိခဲ့ပြီး အဆိုပါ နှစ်နောက်ပိုင်းတွင် ယင်းစံချိန်ထက်ကျော်လွန်သည့် အပူချိန်ဖြစ်ပေါ်ခဲ့ခြင်း
မရှိသေးပေ။
"အပြည်ပြည်ဆိုင်ရာ မိုးလေဝသအေဂျင်စီတွေရဲ့ ထုတ်ပြန်ချက်တွေ၊ မိုး/ဇလက တွက်ချက်မှုတွေအရ
ဒီနှစ်နွေရာသီက ပုံမှန်ထက် ပိုပူနိုင်တယ်။ အထူးသဖြင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေပေါ့။
တွက်ချက်မှုတွေအရတော့ ဒီနှစ်နွေရာသီမှာ ပုံမှန်ထက် တစ်ဒီဂရီ ကနေ တစ်ဒီဂရီနဲ့ အထက်လို့
ခန့်မှန်းထားတယ်။ ဒေသတစ်ခုနဲ့ တစ်ခုတော့ မတူဘူး၊ အနည်းငယ်လျော့မယ့် ဒေသတွေလည်း
ရှိနိုင်တယ်"ဟု ဦးကျော်မိုးဦး ကပြောသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မတ်လအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုမှ
မြို့နယ် ၈၇ မြို့နယ်ရှိ ကျေးရွာ ပေါင်း ၅၀၄ ရွာခန့်တွင် ရေလိုအပ်ချက် ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။
မတ်လအတွက် အဆိုပါကျေးရွာများတွင် ရေဖြန့်ဝေပေးရန်အတွက် ရေဂါလန် ၁၄ သန်းခန့်
လိုအပ်မည်ဟု ခန့်မှန်းထားပြီး ကျပ်ငွေ ရ၉ သန်းကျော်ကို အသုံးပြုသွားမည်ဟု ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပြောသည်။
"ဒါက မတ်လအတွက် ခန့်မှန်းထားတာပါ။ ဧပြီလအတွက် ခန့်မှန်းချက်လည်း ပြင်ဆင်နေပါပြီ။
ဧပြီလမှာတော့ ဒီအရေအတွက်ထက် ပိုတာလည်းဖြစ်နိုင်ပါတယ်။ ဒီနှစ်က မနှစ်ကလောက်
မဆိုးနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။ မနှစ်က အယ်လ်နီညိုနှစ်လည်းဖြစ်တော့ ရေရှားတဲ့ ပြဿနာကို
တော်တော်ရင်ဆိုင်ရတယ်။ ဒီနှစ်မှာက ရေဝင်တာလည်းများတာ တွေ့ရတယ်"ဟု ဦးခန့်ဇော်က
ပြောသည်။
"တိုင်းနဲ့ ပြည်နယ်အသီးသီးက တင်ပြလာတဲ့ ရေဖြန့်ဝေဖို့ လိုအပ်တဲ့ ဒေသတွေအတွက်
ရေဝေပေးနိုင်ဖို့ စီစဉ်ထားပါတယ်။ ရေရှားပါးမှုက ဧပြီ၊ မေအထိ ပိုပြီးကြံုရတဲ့အတွက် လိုအပ်တဲ့
ဒေသတွေကို ရေဖြန့်ဖြူးပေးဖို့ ပြင်ဆင်ထားပါတယ်။ ရေရှားပါးမှုကြံုတွေ့လာနိုင်တဲ့ အခြေအနေတွေ
လိုအပ်တဲ့ အကူအညီတွေကို တင်ပြဖို့ကို မြို့နယ်၊ ခရိုင်အထိအဆင့်ဆင့် ညွှန်ကြားချက်
ထုတ်ပြီးသားပါ"ဟု ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၆ ခုနှစ်အတွင်းက
လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်း၊ ပြိုကျပျက်စီးခြင်း၊ အမိုးလန်ခြင်းများကြောင့်
တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုမှ လူဦးရေ ၁၅၀,၀၀၀ ခန့် လေအန္တရာယ် ကြံုတွေ့ခဲ့ရပြီး
၄၄ ဦး သေဆုံးခဲ့သည်။
နွေရာသီကာလဖြစ်သည့် မတ်၊ ဧပြီ၊ မေလ များတွင်ဖြစ်ပေါ်တတ်သည့် သဘာဝဘေးအန္တရာယ်များနှင့်
ပတ်သက်၍ ဘေးလျော့ပါးစေရေးနှင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ဆောင်ရွက်ခြင်း၊ အရေးပေါ်
တုံ့ပြန်နိုင်ရေးနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများကို ကြိုတင်စီမံထားခြင်းဖြင့်သာ
ထိခိုက်ဆုံးရှုံးမှုကို လျော့ပါးစေနိုင်မည်ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက
ထုတ်ပြန်ထားသည်။
သဘာဝဘေးအန္တရယ်များအတွက် ဆောင်ရွက်ရာတွင် အဖွဲ့အစည်းတစ်ရပ်တည်း
ဆောင်ရွက်ခြင်းထက် ဆက်နွှယ်ပတ်သက်သူ အားလုံးပူးပေါင်းပါ၀င်ရန် လိုအပ်ပြီး လေးပြင်းအန္တရာယ်
အပါအဝင် သဘာဝ ဘေးကြံုတွေ့လာပါက ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနရုံး
ဖုန်း နံပါတ် ၀၆၇-၄၀၄၆၆၆၊ ၀၆၇-၄၀၄၇၇၇၊ ၀၆၇-၄၀၄၂၂၂ သို့ ဆက်သွယ်နိုင်သည်။
နွေရာသီကာလတွင် နေ့အပူချိန်စံချိန် တင်မြင့်တက်ခြင်း၊ အမြင့်ပိုင်းအပူချိန်များတွင် နေ့စဉ်ရက်ဆက်
အချိန်ကြာမြင့်စွာ ကျရောက်ခြင်းကြောင့် အပူဒဏ် (Heat Stress) ခံစားရခြင်း၊ လေထုအတွင်း
ရေငွေ့များ ရောနှောပါ၀င်မှုကြောင့် ခန္ဓာကိုယ်ခံစားရသော အပူချိန်တွင် လေအပူချိန်သာမက
ရေငွေ့အပူချိန် ပေါင်းစပ်လာသဖြင့်လူ၏ ခံနိုင်သော အပူချိန်ကျော်လွန်ကာ အပူဒဏ်ခံစားရခြင်း၊
ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း မြင့်မားခြင်းတို့ကို သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသပညာရှင်
ဒေါက်တာ ဦးထွန်းလွင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
















