စစ်တွေမြို့ရှိ မေယုဈေးဟောင်းနေရာတွင် အသစ်ပြန်လည်တည်ဆောက်နေသော စျေးသစ်ကြီး
ပြီးစီးပါက ယခင်ဈေးဟောင်းရှိ ဆိုင်ခန်းပိုင်ရှင်များအား ဈေးသစ်တွင် အခမဲ့ပြန်လည်နေရာချထား
ပေးမည်ဖြစ်ပြီး၊ ကျန်ရှိသော ဆိုင်ခန်းများအား ဘဏ်ချေးငွေစနစ်ဖြင့် အရစ်ကျရောင်းချပေးသွားမည်
ဖြစ်ကြောင်း Western Shining Star Public ကုမ္ပဏီလီမိတက် ဥက္ကဌ ဦးဦးကျော်ရင်က ပြောသည်။
"ဒေသအနေအထားအရရော လူလတ်တန်းစားတွေပါ ဝယ်ယူနိုင်အောင် စျေးကိုမျှတအောင်
စီစဉ်ပေးမှာပါ။ ဈေးဖောင်ဒေးရှင်း တည်ဆောက်ပြီးတဲ့ အချိန်မှာ စရောင်းပြီးတော့ ဈေးလဲပြီး
ဆိုင်ခန်းလည်းပိုင်အောင် ဆောင်ရွက်ပေးမှာပါ"ဟု ဦးဦးကျော်ရင်ကပြောသည်။
ဈေးသစ်မှာ ပင်မသုံးထပ် အဆောက်အဦးဖြစ်ပြီး ဆိုင်ခန်းစုစုပေါင်း ၂၆၈ ခန်း ပါရှိမည်ဖြစ်ကြောင်း၊
ပင်မအဆောက်အဦးဘေးတွင် လူနေဆိုင်ခန်း ၈၀ ကျော်ကိုလည်း ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊
မြေညီထပ်မှဆိုင်ခန်း ၁၄၄ ခန်းကို ယခင်ဈေးဟောင်း နေရာမှ ဆိုင်ခန်းပိုင်ရှင်များအား
အခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ဦးဦးကျော်ရင် က ပြောသည်။
အဝတ်အထည်၊ လူသုံးကုန်များနှင့် လျှပ်စစ်ပစ္စည်းများကို အဓိကထားရောင်းချသွားမည်ဖြစ်ပြီး
ကလေးကစားကွင်း၊ ခန်းမ၊ စားသောက်ဆိုင်များ၊ ရုပ်ရှင်ရုံနှင့် လူထုအပန်းဖြေစရာ နေရာများလည်း
ပါဝင်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ဈေးသစ်တည်ဆောက်ရေးစီမံကိန်းကို ယခင်အစိုးရလက်ထက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး
အကောင်အထည်ဖော်ခြင်းလုပ်ငန်းကို ယခုမှစတင်လုပ်ဆောင်ရခြင်းဖြစ်ကြောင်း၊ စီမံကိန်းကို
၂ နှစ်အတွင်းအပြီး တည်ဆောက်မည်ဖြစ်ပြီး အဆောက်အဦး ထိန်းသိမ်းရေးအတွက် ကုမ္ပဏီမှ
နှစ် ၃၀ တာဝန်ယူမည်ဖြစ်ကြောင်း ပြည်နယ်စည်ပင်သာယာရေးဦးဌာန ပြည်နယ်မှူး ဦးသက်ထွန်းက
ဆိုသည်။
"ကုမ္ပဏီက အပြည့်အဝ ရင်းနှီးမြှုပ်နှံတယ်၊ မြေဧရိယာ ၄.၀၄ ဧက အပေါ်မှာတည် ဆောက်မှာ
ဖြစ်ပြီးတော့ ကုန်ကျငွေကတော့ စုစုပေါင်း ရ ဘီလီယံလောက်ကုန်ကျ မှာဖြစ်ပါတယ်"ဟု
ဦးသက်ထွန်းက ပြောသည်။
မေယုဈေးသစ် တည်ဆောက်ရေးအတွက် ပန္နက်တင် အခမ်းအနားကို ယနေ့နံနက်ပိုင်းက
ဈေးသစ်မြေနေရာတွင် ကျင်းပခဲ့သည်။















