၂ဝဝ၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် အာဏာရှင်အစိုးရလက်ထက်က
ရေးဆွဲထားသည့်အတွက် ပြင်ဆင်ရန်လိုအပ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုက ယမန်နေ့တွင် ပြောကြားသည်။
အခြေခံဥပဒေကို မပြင်ဆင်နိုင်ပါက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် နိုင်ငံတော်
အကြီးအကဲများ ကြိုးပမ်းနေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေး၊
တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေး မရရှိနိုင်ကြောင်းနှင့် တိုင်းရင်းသားပြည်သူများ
မျှော်မှန်းတောင်းဆိုနေသည့်စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ဖြစ်မလာနိုင်ကြောင်း
သူရဦးအောင်ကိုက မီဒီယာများကိုပြောကြားခဲ့သည်။
လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်ခြင်းကိုလျှော့ချရန် အစိုးရ၊ တပ်မတော်နှင့်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပေးအယူအလျှော့အတင်းပြုလုပ်ရမည်ဟုဆိုသည်။















