ကေအင်န်ယူ ဥက္ကဋ္ဌနေရာ အတွက် စောမူတူးစေးဖိုး ထပ်မံအရွေးချယ်ခံမည်

ကေအင်န်ယူ ဥက္ကဋ္ဌနေရာ အတွက် စောမူတူးစေးဖိုး ထပ်မံအရွေးချယ်ခံမည်

မြန်မာနိုင်ငံတွင် သက်တမ်းအရင့်ဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့်
ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ) သည် ခေါင်းဆောင်ပိုင်း အပြောင်းအလဲပြုလုပ်မည့်
(၁၆)ကြိမ်မြောက် ကွန်ဂရက်ကို မတ် ၁၄ ရက်တွင် စတင်ကျင်းပလျက်ရှိနေပြီး ကေအင်န်ယူ၏
လက်ရှိဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည် ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံသွားမည်ဖြစ်ကြောင်း
ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ကေအင်န်ယူဌာနချုပ်တည်ရှိရာ လှိုင်းဘွဲ့မြို့နယ် လေးဝါးဒေသတွင် ပြုလုပ်နေသည့်
(၁၆)ကြိမ်မြောက် ကွန်ဂရက်မတိုင်မီတွင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အနားယူလိမ့်မည်ဟု
သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ကေအင်န်ယူ တာဝန်ရှိသူများက ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

"အနားယူမယ်ဆိုတာ မဟုတ်ပါဘူး။ ကျန်းမာရေးလည်း ကောင်းပါတယ်။ သူ့အနေနဲ့
ပြန်အရွေးချယ်ခံသွားမှာပါ" ဟု ဖဒိုမန်းငြိမ်းမောင်က ဆိုသည်။

ကေအန်ယူ ဖွဲ့စည်းပုံအရ လေးနှစ် တစ်ကြိမ်ပြုလုပ်သည့် ညီလာခံတွင် ဗဟိုအလုပ်မှုဆောင်များကို
ရွေးချယ်လေ့ရှိပြီး ရက်သတ္တပတ်သုံးပတ်ကြာ ပြုလုပ်မည့် (၁၆)ကြိမ်မြောက် ကွန်ဂရက်တွင်လည်း
ဥက္ကဋ္ဌ ရာထူးအပါအဝင် ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ၁၁ ဦးနှင့် ဗဟိုကော်မတီဝင် ၄၅ ဦးကို
ပြန်လည်ရွေးချယ်သွားမည်ဖြစ်သည်။

"ဥက္ကဋ္ဌနေရာအတွက် ဘယ်သူ အရွေးချယ်ခံမယ်ဆိုတာကတော့ ရွေးချယ်တင်မြှောက်တဲ့ အစီအစဉ်
လုပ်တဲ့နေ့မှ သိရမှာပါ။ ကွန်ဂရက်ကို တက်လာတဲ့ သူတွေ နာမည် စာရင်းတင်တဲ့ သူအပေါ်မှာ
မူတည်နေပါတယ်။ အခုချိန်မှာတော့ ဘယ်သူပါနိုင်လဲဆိုတာကို မှန်းဆလို့လည်း မရသေးပါဘူး" ဟု
ဖဒိုမန်းငြိမ်းမောင်က ပြောသည်။

လက်ရှိဥက္ကဋ္ဌ စောမူတူးစေးဖိုးသည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာက ပြုလုပ်ခဲ့သည့် ၁၅ ကြိမ်မြောက်
ညီလာခံတွင် ဥက္ကဋ္ဌဟောင်း ဖြစ်သူ ဗိုလ်ချုပ်ကြီးစောတာမလာဘောက ရာထူးမှအနားယူခဲ့ပြီးနောက်
ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပြီး၊ စောတာမလာဘော၏ သမီးဖြစ်သူ နော်စီဖိုးရာစိန်လည်း ထိုအချိန်က
ဥက္ကဋ္ဌနေရာအတွက် ရေပန်းစားခဲ့သည်။

မဲခွဲဆုံးဖြတ်ပြီးနောက်ပိုင်းတွင် နော်စီဖိုးရာစိန်သည် ဒုတိယဥက္ကဋ္ဌအဖြစ်သာ ကျေနပ်ခဲ့ရပြီး
အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ် ထူးဝင်းသည်လည်း ကေအင်န်ယူ၏ ခေါင်းဆောင်အသစ်
တစ်ဦးအဖြစ် ပါ၀င်လာခဲ့သည်။

ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ
ဆောင်ရွက်ရာတွင် နှစ်ဖက် တင်းမာမှုများရှိခဲ့ပြီး ကေအင်န်ယူက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး
သဘောတူစာချုပ်ကို ချုပ်ဆိုရန် ဆုံးဖြတ်လိုက်ခြင်းကို အပြည့်အဝ သဘောမတူသည့် အနေအထားမျိုး
ရှိခဲ့သည်ဟု ကရင်အဖွဲ့အစည်းများက ရှုမြင်နေကြသည်။

ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပွဲ
မပြုလုပ်မီ ရက်ပိုင်းအလိုတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံးပါ၀င်ခြင်း မရှိသောကြောင့်
အဆိုပါ အခမ်းအနားကို တက်ရောက်မည်မဟုတ်ဟု အစိုးရကို အကြောင်းပြန်ခဲ့ခြင်းကြောင့်
ကရင်အဖွဲ့အစည်းများက အံ့ဩခဲ့ကြသည်။

"ကေအင်န်ယူက မူဝါဒက ခိုင်မာတယ်ဆိုတာ ယုံကြည်ပါတယ်။ အန်တီ နော်စီဖိုးရာစိန်
ဥက္ကဋ္ဌဖြစ်လာရင်လည်း ကေအင်န်ယူအနေနဲ့ ငြိမ်းချမ်းရေးကို သွေဖည်သွားမှာတော့ မဟုတ်ဘူးလို့
ထင်ပါတယ်" ဟု ကရင်လူငယ်အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ စောထွန်းထွန်းက ပြောသည်။

(၁၆)ကြိမ်မြောက် ကွန်ဂရက်တွင် ဥက္ကဋ္ဌ ရာထူးအတွက် စောမူတူးစေးဖိုးနှင့် နော်စီဖိုးရာစိန်တို့နည်းတူ
လက်ရှိအထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းသည်လည်း ကေအင်န်ယူ၏ ၁၀ ဦးမြောက်
ဥက္ကဋ္ဌနေရာအတွက် ရေပန်းစားလျက်ရှိသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အစိုးရနှင့်ဆောင် ရွက်ရာတွင် ဖဒိုစောကွယ်ထူးဝင်းသည်
ကေအင်န်ယူအတွက် အရေးပါအရာရောက် သူတစ်ဦးဖြစ်ပြီး ကေအင်န်ယူ၏ ၁၀ ဦး မြောက်
ဥက္ကဋ္ဌနေရာအတွက် နာမည်ထွက်နေသူတစ်ဦးဖြစ်သည်ဟု ကရင်သတင်းဌာန တစ်ခုဖြစ်သည့်
ကေအိုင်စီ၏ အယ်ဒီတာချုပ် နန့်ဖော့ဂေက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံးသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ၏
နိုင်ငံရေးအဖွဲ့အစည်းဖြစ်ပြီး ၁၉၄၇ ခုနှစ်တွင် တည်ထောင်ခဲ့ရာ လက်ရှိ ဥက္ကဋ္ဌမှာ ကိုးဦးမြောက်ဖြစ်ပြီး၊
၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုစာချုပ်တွင် ကေအင်န်ယူက
ပါ၀င်လက်မှတ်ရေးထိုးခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး