ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အကျပ်အတည်းဖြစ်လာ

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အကျပ်အတည်းဖြစ်လာ

မြန်မာ - တရုတ်နယ်စပ်ရှိ လောက်ကိုင်ဒေသတွင် မတ်လဆန်းပိုင်းက ဖြစ်ပွားခဲ့သော တကျော့ပြန်
စစ်ပွဲများကြောင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် စိုးရိမ်စရာ အကျပ်အတည်းဖြစ်လာသည်ဟု
လေ့လာသုံးသပ်သူများက ပြောသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့များက ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် လောက်ကိုင်ကို
လက်နက်ကြီးများဖြင့် ၀င်ရောက်ပစ်ခတ်ခဲ့ပြီး၊ အရပ်သားများ သေဆုံးခဲ့သည်။

၎င်းတို့ အခြေချဒေသများတွင် တပ်မတော်က လပေါင်းများစွာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့်အတွက်
လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၀င်များက ပြောသည်။

လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကြောင်း လူသိရှင်ကြား ကြေညာမှသာ ကိုးကန့်၊ တအာင်းနှင့်
ရက္ခိုင် သုံးဖွဲ့ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါ၀င်ခွင့်ပြုနိုင်မည်ဟု တပ်မတော်က ဆိုထားပြီး၊
အာဏာရပါတီ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုအောင်မြင်ရေးအတွက် အဆိုပါအဖွဲ့သုံးဖွဲ့သည်
အရေးပါသည့် အစိတ်အပိုင်းများ ဖြစ်နေသည်။

အကြောင်းမှာ ယင်းအဖွဲ့များသည် အင်အားကြီးမားသည့် ၀ပြည်သွေးစည်း ညီညွှတ်ရေးပါတီ
(UWSA)၊ မိုင်းလား စသည့် အဖွဲ့များနှင့်လည်း မဟာမိတ်ပြုထားခြင်းကြောင့်ဖြစ်သည်။

ဖေဖော်ဝါရီလကုန်ပိုင်းက ၀ထိန်းချုပ်ရာ ပန်ခမ်းမြို့တွင် ကျင်းပခဲ့သည့် ထိပ်သီးအစည်းအဝေးအပြီး
အဆိုပါအဖွဲ့များက ငြိမ်းချမ်းရေးဆွေးနွေးရန် ကော်မတီအသစ်တစ်ခုကို ဖွဲ့စည်းခဲ့သည်။

ကော်မတီအသစ်တွင် ပါ၀င်သည့်အဖွဲ့များက အပစ်ရပ်စာချုပ် (NCA) ကို အခြေခံပြီး သွားနေသည့်
ငြိမ်းချမ်းရေးလမ်းစဉ်ကို ဝေဖန်ထားပြီး၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ဆွေးနွေးပွဲ စားပွဲဝိုင်း
ပါ၀င်လာရေးကို တောင်းဆိုထားသည်။

အစိုးရဘက်ကမူ UWSA က ကမကထပြု ဖွဲ့စည်းထားသည့် ယင်းကော်မတီအသစ် ပါ၀င်သည့်
အဖွဲ့များ၊ မူဝါဒတိတိကျကျ မရှိသေးသည့်အတွက် တိကျသည့် သဘောထားထုတ်ပြန်ခြင်း
မရှိသေးပေ။

မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် ၀အဖွဲ့ ယင်းကော်မတီကို ဖွဲ့စည်းလိုက်ခြင်းသည် အစိုးရအဖို့
ဘေးကျပ်နံကျပ် ဖြစ်စေနိုင်ကြောင်း ငြိမ်းချမ်းရေး လေ့လာသုံးသပ်သူများက သုံးသပ်ကြသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို အင်အားအလုံး အရင်းဖြင့် တပ်မတော်က
တိုက်ခိုက်သည့် သာဓကများ ရှိဖူးရာ ၎င်း၏ ရပ်တည်မှုအတွက် စိုးရိမ်မကင်းဖြစ်လာသည့်
၀အဖွဲ့သည် ဆွေးနွေးရေးစားပွဲဝိုင်းဘက် ခြေဦးလှည့်လာခြင်းဖြစ်သည်ဟုလည်း သုံးသပ်ကြသည်။

၀နှင့် မဟာမိတ် မိုင်းလားအဖွဲ့သည် ယခင် အစိုးရလက်ထက်က NCA စာချုပ်ကို လက်မှတ်ထိုးရန်
စိတ်မဝင်စားပဲ၊ နိုင်ငံရေး ဆွေးနွေးလိုသော အဖွဲ့များဖြစ်သည်။

သို့ရာတွင် အပစ်ရပ်စာချုပ်ကို ပိုမိုမျှတသော စာချုပ် တစ်ရပ်နှင့် အစားထိုးပြီး ဆွေးနွေးလိုသည်ဟု
လက်တလော ထုတ်ဖော်ပြောဆိုလာခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ခုလုံးကို
ပြောင်းလဲပစ်ရမည့် သဘောမျိုးဖြစ်သည်။

ယင်းအဖွဲ့များက အထက်ပါအတိုင်း ပြောဆိုလာခြင်းကို အစိုးရက တုံ့ပြန်ခြင်းမရှိခဲ့သော်လည်း၊
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကမူ ဖေဖော်ဝါရီလကုန်ပိုင်းက နိုင်ငံတကာ သံတမန်အချို့နှင့်
တွေ့ဆုံစဉ် ငြိမ်းချမ်းရေးကို NCA လမ်းကြောင်းအတိုင်းသာ ဆက်သွားမည်ဟု ပြောဆိုခဲ့သည်။

၀နှင့် မိုင်းလားအဖွဲ့ကို အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အစဉ်တိုက်တွန်းနေပြီး၊ နယ်စပ်ဒေသရှိ
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအပေါ် အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးနိုင်စွမ်းရှိသည့်
တရုတ်နိုင်ငံ၏ အခန်းကဏ္ဍမှာ မှန်းဆရန် အလွန်ခက်ခဲသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက
ဆိုသည်။

တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်ကော်ရှင်း ကမူ အစိုးရ၊
တပ်မတော်နှင့် တိုင်းရင်းသား အဖွဲ့အစည်းများကို အပစ်အခတ်ရပ်စဲရေးဆွေးနွေးကြရန် မကြာခဏ
တွေ့ဆုံလေ့ရှိသည်ဟု ဆိုသည်။

မြန်မာ့အရေးကျွမ်းကျင်သူ ဘာတေးလ် လင့်တနာကမူ တရုတ်အစိုးရသည် မြန်မာအစိုးရကို
ဆက်ဆံရာတွင် "မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်" နည်းလမ်းကို အသုံးပြုကြောင်း ဖေဖော်ဝါရီလ
နှောင်းပိုင်းက ရေးသားသည့် ဆောင်းပါးတစ်ခုတွင် ဖော်ပြသည်။ အကူအညီ၊ ကုန်သွယ်မှုနှင့်
ရင်းနှီးမြှုပ်နှံမှု စသည့် မက်လုံးများဖြင့် မြန်မာအစိုးရကို ဆွဲဆောင်ထားပြီး၊ နယ်စပ်ဒေသရှိ
တိုင်းရင်းသားအဖွဲ့ အစည်းများကို လက်နက်ရောင်းချခြင်းအားဖြင့် အစိုးရကို တန်ပြန်ထိန်းညှိရန်
အားသာချက်တစ်ခု ဆုပ်ကိုင်ထားသည်ဟု ဘာတီးလ် လင့်တနာက ဆိုသည်။

တရုတ် - မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တရုတ်နိုင်ငံအစိုးရအကြား
အကျိုးစီးပွားတိုက်ရိုက် ဆက်သွယ်မှုမရှိပဲ တရုတ်အကျိုးစီးပွားဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုများအတွက်
မြန်မာအစိုးရနှင့်သာ တိုက်ရိုက်လုပ်ကိုင်နေသည့်အတွက် လက်နက်ကိုင်အဖွဲ့များကို တရုတ်အစိုးရက
ငြိမ်းချမ်းရေးတွင် ပါ၀င်ရန် တိုက်တွန်းဆောင်ရွက်နေသည်ဟု အမေရိကန်နိုင်ငံအခြေစိုက် Think-tank
တစ်ခုဖြစ်တဲ့ Stimson စင်တာရဲ့ အကြီးတန်းပညာရှင်နဲ့ အာရှရေးရာ ကျွမ်းကျင်သူ မစ္စဆွန်ယန်က
ပြောသည်။

သို့ရာတွင် ယဉ်ကျေးမှု၊ မျိုးနွယ်စုနှင့် နောက်ခံသမိုင်း တူညီနေသည့်အတွက် တရုတ်နိုင်ငံသားအချို့က
နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့မှု ပြုလုပ်ပြီး၊
ယင်းအချက်က အဆိုပါ အဖွဲ့များရှင်သန်ရေးအတွက် အရေးပါနေသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းတွင် တရုတ်နိုင်ငံ၏ အနာဂတ်မူဝါဒနှင့် ပါ၀င်ပတ်သက်မှုမှာ
နှစ်နိုင်ငံ ဆက်ဆံရေးနှင့် တရုတ်၏ အမျိုးသား အကျိုးစီးပွား သတ်မှတ်ချက်များအပေါ်တွင်
မူတည်သည်ဟု ၎င်းက ဆိုသည်။

"တိုက်ပွဲဆက်ဖြစ်လေ အပစ်အခတ်ရပ်စဲရေးမှာ တရုတ်ပါ၀င်ပတ်သက်လာမှုက ရှောင်လွှဲလို့ မရဘူး။
ဘာလို့လဲဆိုတော့ တိုက်ပွဲဖြစ်တဲ့နေရာက သူ့နယ်စပ်ဖြစ်နေလို့ပဲ" ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ
ဦးမောင်မောင်စိုးက ပြောသည်။

ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက ငြိမ်းချမ်းရေးအတွက် ရန်ပုံငွေများ ကူညီခြင်းအားဖြင့်
အနောက်နိုင်ငံများ၏ ပါ၀င်ပတ်သက်မှု ကြီးမားခဲ့သကဲ့သို့ အစိုးရသစ်လက်ထက်တွင် ၎င်း၏
နယ်စပ်ဒေသ လုံခြံုရေးအတွက် တရုတ်နိုင်ငံ၏ အပစ်ရပ်ဆွေးနွေးပွဲများတွင် ပါ၀င်မှု
ပိုမိုကြီးမားလာခြင်းကို အစိုးရ နှင့် တပ်မတော်ခေါင်းဆောင်များ သတိထားသင့်သည်ဟုလည်း
၎င်းကပြောသည်။

၂၀၁၆ ခုနှစ်နှောင်းပိုင်းတွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့ ထွက်ပေါ်ခဲ့ပြီး၊ ယခုနှစ် ဖေဖော်ဝါရီလကုန်တွင်
'၀'ဦးဆောင်သည့် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့သစ် ထပ်မံပေါ်ထွက်လာခြင်းမှာ အစိုးရသစ်အတွက်
လှုပ်ရှားမှု ဘောင်ကျဉ်းသွားခြင်းဖြစ်သည်ဟု ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး