အာဆီယံအကြီးအကဲဟောင်း ဆူရင် ရန်ကုန်မြို့တွင် ဟောပြောပွဲ ကျင်းပမည်

အာဆီယံအကြီးအကဲဟောင်း ဆူရင် ရန်ကုန်မြို့တွင် ဟောပြောပွဲ ကျင်းပမည်

 

မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (MISIS) နှင့် မြန်မာတိုင်း (မ်)တို့
ပူးပေါင်းကျင်းပမည့် အာဆီယံ နှစ် (၅ဝ)ပြည့် အထိမ်းအမှတ်ဟောပြောပွဲတွင် ယခင်
အာဆီယံအတွင်းရေးမှူးချုပ်ဖြစ်သူ ဒေါက်တာ ဆူရင်ပစ်ဆူဝမ်သည် အာဆီယံအဖွဲ့ဝင်
မြန်မာနိုင်ငံ၏ စိန်ခေါ်မှုများခေါင်းစဉ်ဖြင့် ပါဝင်ဟောပြောမည်ဖြစ်သည်။

ဒေါက်တာဆူရင်သည် အာဆီယံအတွင်းရေးမှူးချုပ်အဖြစ် ၂ဝဝ၈ မှ ၂ဝ၁၂ ခုနှစ်အထိ
တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံ၏ ကြီးမားသည့် ပြုပြင်ပြောင်းလဲမှုများကို
မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသူ ဖြစ်သည်။ အာဆီယံ၏ အခန်းကဏ္ဍ၊ ၂ဝဝ၈ ခုနှစ်
အတွင်း ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းကာလ၊ မုန်တိုင်းဒဏ်ခံခဲ့ရသော ဒေသများ
ပြန်လည်ထူထောင်ရေးအတွက် ပြင်ပကမ္ဘာနှင့် မြန်မာနိုင်ငံအကြား နီးကပ်စွာ
ဆက်ဆံမှု၏ အကျိုးရလဒ်များကို ဒေါက်တာဆူရင်က ဆွေးနွေးမည်ဖြစ်သည်။

''အခုဆိုရင် မြန်မာနိုင်ငံဟာ အာဆီယံရဲ့ အရေးပါတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပါပြီ။
အာဆီယံရဲ့ လုပ်ငန်းစီမံချက် အများအပြားကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပြီး
မြန်မာနိုင်ငံဟာ အာဆီယံနဲ့ ပေါင်းစည်းနိုင်ရေးအတွက် ရှေ့ကို ဆက်လက်ချီတက်လျက်
ရှိပါတယ်။ ကျွန်တော် အခုလို ပြန်လာခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်'' ဟု ဒေါက်တာ
ဆူရင်က ယခုရက်သတ္တပတ်အတွင်း မြန်မာတိုင်း(မ်)ကို ပြောကြားခဲ့သည်။

ဆူရင်သည် ဝန်ကြီးချုပ် ချွမ်လီပိုင်အစိုးရလက်ထက်တွင် ၁၉၉၇ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်
အထိ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၄င်းသည်
ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ အကူအညီ ပေးရေးဌာန၊ နိုင်ငံတကာ အကြံပေးဘုတ်အဖွဲ့၏
ဥက္ကဋ္ဌလည်း ဖြစ်သည်။

မြန်မာတိုင်း(မ်)က စီစဉ်သည့် အာဆီယံနှစ် (၅ဝ) ပြည့်ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတွင်း
ဖြစ်ပေါ်တိုးတက်မှုများအတွက် မြန်မာနှင့် ဒေသဆိုင်ရာ ထင်ရှားသောပုဂ္ဂိုလ်များလည်း
ပါဝင်ဟောပြောပို့ချမည့် ပထမဦးဆုံး ဆွေးနွေးပွဲ ဖြစ်သည်။ မြန်မာနိုင်ငံသည် ၂ဝ၁၄
ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် အောင်မြင်စွာ တာဝန်ယူဆောင်ရွက်ခဲ့ပြီးအာဆီယံ
လူ့အဖွဲ့အစည်းဖြစ်ထွန်းရေးအတွက်ဒေသတွင်းနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား
ပေါင်းစည်းမှုကို မြှင့်တင်ပေးနိုင်ခဲ့သည်။

''အာဆီယံဒေသတွင်း အစီအစဉ်တွေမှာ မြန်မာနိုင်ငံဟာ အဓိကအခန်းကဏ္ဍက
ပါဝင်နေပါတယ်။ အနာဂတ် အာဆီယံပေါင်းစည်းမှုအတွက် ကျွန်တော်တို့ မြန်မာ့
လူ့အဖွဲ့အစည်းနဲ့ ပြည်သူတွေကြားမှာ အာဆီယံနဲ့ ဒေသဆိုင်ရာအကြောင်း
ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လာအောင် အသိပညာပေးဖို့ အထူး
အရေးကြီးပါတယ်'' ဟု မြန်မာကွန်ဆိုလီဒိတ်တက်မီဒီယာကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ
ဦးသိန်းထွန်းက ပြောကြားသည်။

ဆူရင်၏ပို့ချချက်အပြီးတွင် အာဆီယံ၌ မြန်မာနိုင်ငံ၏ အလားအလာခေါင်းစဉ်ဖြင့်
ပါရမီစွမ်းအင်ကုမ္ပဏီအုပ်စု အကြီးတန်းအကြံပေးပုဂ္ဂိုလ် ဦးတင်ချို၊ MISIS ကဦးခင်မောင်လင်း၊
Centre for Economic andSocial Development အမှုဆောင်ဒါရိုက်တာ
ဒေါက်တာဇော်ဦးနှင့် NikkeiAsian Review အယ်ဒီတာချုပ် ဂွမ်ရော်ဘင်ဆန်
အပါအဝင် အာဆီယံအရေး ကျွမ်းကျင်သူများက အဖွဲ့လိုက် အပြန်အလှန်ဆွေးနွေးမည်
ဖြစ်သည်။

ဆွေးနွေးပွဲကို လာမည့် မတ် ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာ
ဟိုတယ်၊ ကပွဲခန်းမ(၂)၌ မွန်းလွဲ ၁၂ နာရီခွဲမှညနေ ၄ နာရီခွဲအထိ ကျင်းပမည်ဖြစ်ပြီး
ဝင်ကြေးအခမဲ့ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး