ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရန် ကုလလူ့အခွင့်အရေးကောင်စီတွင် တောင်းဆိုခဲ့သော်လည်း ထောက်ခံမှု မရရှိ

ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရန် ကုလလူ့အခွင့်အရေးကောင်စီတွင် တောင်းဆိုခဲ့သော်လည်း ထောက်ခံမှု မရရှိ

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် မတ် ၁၃ ရက်က
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ
လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီက တိုက်တွန်းခဲ့သော်လည်း
လူ့အခွင့်အရေးကောင်စီ အဓိကအဖွဲ့ဝင်နိုင်ငံများက ထောက်ခံခြင်း မရှိခဲ့ကြောင်း
အေအက်ဖ်ပီသတင်းဌာနတွင် ရေးသားဖော်ပြထားသည်။

ကုလ လူ့အခွင့်အရေးကောင်စီသည် ယခုလကုန်ပိုင်းတွင် ပြီးဆုံးမည့် လူ့အခွင့်အရေးကောင်စီ
အစည်းအဝေးများမတိုင်မီ ကော်မရှင်တစ်ရပ်ဖွဲ့စည်းနိုင်ခြေရှိသော်လည်း ကုလသမဂ္ဂ၏
စုံစမ်းစစ်ဆေးမှုသည် မြန်မာနိုင်ငံ၏ ထိလွယ်ရှလွယ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို
ခြိမ်းခြောက်နိုင်သောကြောင့် ဥရောပသမဂ္ဂအပါအဝင် အဓိက အဖွဲ့ဝင်နိုင်ငံများက မစ္စယန်ဟီးလီ၏
တောင်းဆိုချက်ကို အားပေးထောက်ခံခြင်းမရှိကြောင်း အဆိုပါ သတင်းတွင် ဖော်ပြပါရှိသည်။

ရခိုင်ပြည်နယ်သို့ နှစ်ကြိမ်လာရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားဒေသထိ
သွားရောက်ခဲ့သည့် မစ္စယန်ဟီးလီက ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုး ဖောက်မှုများ
ဆက်လက်ဖြစ်ပွားနေသည့်အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေဖြင့် စုံစမ်းစစ်ဆေးရေး
ကော်မရှင် ဖွဲ့စည်းသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

"မြန်မာအစိုးရက ရိုဟင်ဂျာတွေအားလုံးကို တိုင်းပြည်ကနေ နှင်ထုတ်ဖို့ ကြိုးစားနေတာမျိုး
ရှိနိုင်တယ်" ဟု မစ္စယန်ဟီးလီက ကုလ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင်
ပြောကြားခဲ့သည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များတွင်
မြန်မာအစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ အဆင့်မြင့်ဆုံး
စုံစမ်းစစ်ဆေးမှုအဖြစ် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် မစ္စယန်ဟီးလီက
ကုလလူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် တင်ပြခဲ့သည်။

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်များဖွဲ့စည်း၍ အလေးအနက်ထား
ဆောင်ရွက်နေသည့်အတွက် မစ္စယန်ဟီးလီတောင်းဆိုသကဲ့သို့ ကုလစုံစမ်းစစ်ဆေးရေးကော်မရှင်
ဖွဲ့စည်းရန် မလိုအပ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးထင်လင်းက
အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ကုလ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး တက်ရောက်လာသည့် ဥရောပသမဂ္ဂ၊ နယ်သာလန်နှင့်
ဗြိတိန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်များက စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းရေးနှင့်
ပတ်သက်ပြီး ရှောင်ရှားခဲ့သည်။

"နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရနဲ့ စစ်တပ်ကြား ချိန်ညှိနေရတဲ့
အနေအထားကို မထိခိုက်စေဘဲ မြန်မာအစိုးရနဲ့ ဆက်ဆံသင့်ပါတယ်" ဟု ဗြိတိန်ကိုယ်စားလှယ်
ဂျူလီယန် ဘရိတ်သ်ဝိတ်က ပြောကြားခဲ့သည်။

မောင်တောဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနိုင်ရန် ဒုတိယသမ္မတ ဦးမြင့်ဆွေဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး
ကော်မရှင် အပါအဝင် တပ်မတော်အဆင့်မြင့်အရာရှိငါးဦး ပါ၀င်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို
ဖွဲ့စည်းထားပြီးဖြစ်သည်။

ရခိုင်ပြည်နယ်နှင့် ပတ်သက်ပြီး လူမျိုးတုန်း သတ်ဖြတ်မှုအပါအဝင် နိုင်ငံတကာက စွပ်စွဲထားသည့်
လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်များ အမှန်တကယ် ဖြစ်နိုင်ခြေမရှိသည်ကို တွေ့ရှိရပြီး
ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်သူများကို စုံစမ်းစစ်ဆေးနိုင်ဖို့ နှစ်နိုင်ငံကြား
ညှိနှိုင်းဆွေးနွေးနေသည်ဟု မောင်တောဒေသစုံစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်ကြည်က
ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း မြန်မာတိုင်း(မ်)ကို ပြောကြားထားသည်။

ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်သည့် တပ်မတော်စုံစမ်းစစ်ဆေးရေးအဖွဲ့သည်လည်း
တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေပြီး
လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့ပါက တပ်မတော်သား များကို ဥပဒေအရ ပြင်းပြင်းထန်ထန်
အရေးယူမည်ဟု ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားထားသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ ယခုလ ၁၄ ရက်ထုတ်ပြန်ချက်အရ
မောင်တောဒေသဖြစ်စဉ်တွင် ပါ၀င်သည်ဟု ယူဆမှုဖြင့်လူပေါင်း ၆၁၂ ဦး ကို ဖမ်းဆီးစစ်ဆေးနေပြီး
တရားရုံးစစ်ဆေးဆဲ ၅၄၅ ဦး ကျန်ရှိနေသည်။

ဖြစ်စဉ်တွင် တပ်မတော်သား ခုနစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ပြီး ဒေသခံ ၄၀ နီးပါးကို
အကြမ်းဖက်သမားများက ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး