ဂျပန်နိုင်ငံ၊ နာရာစီရင်စုအခြေစိုက် အာဆီယံနှင့်အရှေ့အာရှဒေသဆိုင်ရာ စီးပွားရေးသုတေသန
အင်စတီကျုက ချီးမြှင့်သည့် Asia Cosmopolitan Award ဆုရရှိခဲ့သည့် နိုင်ငံတော်
သမ္မတဟောင်း ဦးသိန်းစိန်က ယခင်အစိုးရအဖွဲ့တွင် ပါဝင်ဆောင်ရွက်ခဲ့သူများကို မတ် ၁၉ ရက်က
နေပြည်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် ဧည့်ခံခဲ့သည်။
နေပြည်တော်ရှိ Kempenski ဟိုတယ်တွင်ကျင်းပပြုလုပ်ခဲ့သည့် သမ္မတဟောင်းဦးသိန်းစိန်၏
ဂုဏ်ပြုညစာစားပွဲတွင် ယခင်အစိုးရအဖွဲ့တွင် ပါဝင်ခဲ့သည့် ပြည်ထောင်စုအဆင့်ဝန်ကြီးများ၊
ဒုတိယဝန်ကြီးများ၊ သမ္မတအကြံပေးအဖြစ်ဆောင်ရွက်ခဲ့သူများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
''ဒီဆုက လုပ်ဖော်ကိုင်ဖက်တွေကြောင့် ရရှိတဲ့ဆုဖြစ်ပါတယ်'' ဟု အဆိုပါ ညစာစားပွဲတွင်
ဦးသိန်းစိန်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဆူပူအကြမ်းဖက်မှုများကြောင့်ဒီမိုကရေစီစနစ်ကို ပြောင်းလဲခဲ့ရကြောင်း၊
ပြုပြင်ပြောင်းလဲမှုများနှင့်အတူ စီးပွားရေးနှင့် တည်ငြိမ်းအေးချမ်းရေးကို
အထိုက်အလျောက်ပြောင်းလဲခဲ့ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်းအခြေခံကောင်း
အချက်တစ်ခုအဖြစ် ချမှတ်ပေးနိုင်ခဲ့ကြောင်းနှင့် ပြည်သူများက ရွေးချယ်သည့် အစိုးရကိုလည်း
ညင်ညင်သာသာဖြင့် လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း ၄င်းက ပြောကြားခဲ့သည်။
















