မောင်တော ရသေ့တောင် အကြမ်းဖက်ခံရမှု စုံစမ်းလေ့လာရေး ကော်မတီ၏ အပြီးသတ်အစီရင်ခံစာတင်သွင်း

မောင်တော ရသေ့တောင် အကြမ်းဖက်ခံရမှု စုံစမ်းလေ့လာရေး ကော်မတီ၏ အပြီးသတ်အစီရင်ခံစာတင်သွင်း

ရခိုင်ပြည်နယ်လွှတ်တော်မှဖွဲ့စည်းထားသော ၉/၁၀ မောင်တော၊ ရသေ့တောင် ဘင်္ဂါလီ
အကြမ်းဖက်ခံရမှု စုံစမ်းလေ့လာ ရေးကော်မတီ၏ အပြီးသတ်အစီရင်ခံစာကို ယနေ့ကျင်းပသော
စတုတ္ထအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးဆဋ္ဌမနေ့တွင် တင်သွင်းခဲ့သည်။

ကော်မတီအနေနှင့် ပထမအစီရင်ခံစာကို ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင်
တင်သွင်းခဲ့ပြီး ၂၀၁၆ ခု နိုဝင်ဘာလအတွင်းက ဒုတိယအကြိမ်အဖြစ်မောင်တောမြို့နယ်
မြောက်ပိုင်းနှင့် တောင်ပိုင်း ကျေးရွာများသို့ စုံစမ်းလေ့လာရေး ခရီးစဉ်သွားရောက်ခဲ့ပြီးနောက်
အပြီးသတ်အစီရင်ခံစာတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ကော်မတီ အတွင်းရေးမှူး၊ဘူးသီးတောင်မြို့နယ်
မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က ပြောသည်။

လေ့လာချက်များအရ ဘင်္ဂါလီလူမျိုးများကြားတွင်လည်း ကြီးမားသောခြိမ်းခြောက်ခံရမှုများ
ရှိနေကြောင်း၊ အေးချမ်းစွာ နေထိုင်လိုသော ဘင်္ဂါလီအချို့မှာ နိုင်ငံသားဖြစ်ခွင့်ရရန်လိုလား
လျက်ရှိပြီး၊ အချို့မှာ နိုင်ငံသားရရှိပိုင်ခွင့် မရှိသဖြင့် ရိုဟင်ဂျာအမည်ကို တရားသေစွဲကိုင်ကာ
ရိုဟင်ဂျာတိုင်းရင်းသား ဖြစ်ခွင့်ရရေး လွဲမှားစွာ ဆောင်ရွက်နေကြ သူများလည်းရှိကြောင်း
ဦးဇော်ဇော်မြင့်က ဆိုသည်။

ကော်မတီ၏ မူလသက်တမ်းမှာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် ကုန်ဆုံးမည် ဖြစ်သော်လည်း
အပြီးသတ်အစီရင်ခံစာ မတင်သွင်းနိုင်သေးခြင်းနှင့် အဆိုပါဒေသများတွင်
ဆက်လက်လေ့လာစုံစမ်းစရာများ ကျန်ရှိနေသေးသည့်အတွက်ကော်မတီ၏ သက်တမ်းကို
နောက်ထပ်သုံးလ ထပ်တိုးခဲ့ခြင်းဖြစ်ကြောင်း ကော်မတီ အဖွဲ့ဝင်ရသေ့တောင် မြို့နယ်
မဲဆန္ဒနယ်အမှတ်(၂)မှပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က ပြောသည်။

“ပထမအစီရင်ခံစာအပေါ် အစိုးရဘက်က တုန့်ပြန်မှုမရှိခဲ့ပေမယ့် ပြည်သူတွေကတော့
တော်တော်လေး လက်ခံခဲ့ကြတယ်။ အခုတင်တဲ့ အစီရင်ခံစာအပေါ် ဘယ်လိုတုန့်ပြန်မလဲ
စောင့်ကြည့်ရမယ်။ လွှတ်တော်က အတည်ပြု ပြီးရင်တော့ ပြည်ထောင်စုအစိုးရထိ တင်ပြသွားမှာ
ဖြစ်ပါတယ်”ဟု ဦးဦးသန်းနိုင်က ဆိုသည်။

ဒုတိယအကြိမ် စုံစမ်းလေ့လာရေး ခရီးစဉ်တွင် တွေ့ဆုံရန်အခွင့်သာသော
ဘင်္ဂါလီလူမျိုးများနှင့်တွေ့ဆုံခဲ့ရာ ၎င်းတို့တွင်လည်း ခြိမ်းခြောက်ခံရမှုများရှိနေသဖြင့်
အဖြစ်မှန်ကိုပြောဆိုရန်အခက်အခဲများရှိခဲ့ကြောင်း၊ ပြောဆိုခဲ့သော သူများမှာလည်း
အမည်ကိုမဖော်ပြရန် အကြိမ်ကြိမ်တောင်းဆိုမှုများရှိခဲ့ကြောင်း အစီရင်ခံစာတွင်
ဖော်ပြထားသည်။

အစီရင်ခံစာတွင် အကြမ်းဖက်သူများ၏ အကြမ်းဖက်လိုသော စိတ်အခြေခံ၊ နိုင်ငံသားစိစစ်မှုနှင့်
စိစစ်မခံမှု ပြဿနာကို ဖြေရှင်းနိုင်ရေး၊ ပဋိပက္ခနှင့် အကြမ်းဖက်မှု ထပ်မံမပေါ်ပေါက်ရေး
နည်းလမ်းများကို သုံးသပ်ရန်၊ ယခင်နှင့် ယခု လုံခြံုရေးအစီအမံများ၊ ခိုင်မာသောနယ်စပ်
ကာကွယ်ရေး ရေတိုရေရှည်အစီအစဉ်များ၊ နယ်စပ်ဒေသ တိုင်းရင်းသားများ လူမှုစီးပွားဘဝ
ရေရှည်အာမခံချက်ရရှိရေးနှင့် မြို့ရွာများစုဖွဲ့မှုကိုသုံးသပ်ရန်၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့
အစည်းများအပါအဝင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍
ဖြစ်စေ ပါဝင်ပတ်သက်နေ သည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်များနှင့်
ဆောင်ရွက်ချက်များ၊ တရားဥပဒေစိုးမိုးရေးအတွက် ဘင်္ဂါလီကျေးရွာ များတွင် လိုအပ်ချက်အရ
ဌာနဆိုင်ရာအားလုံး၏ လုပ်ငန်းများကို ပုံမှန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေး စသည့်
အချက်များကို အဓိကထား လေ့လာတင်ပြထားသည်။

ရခိုင်လူမျိုးတို့၏ နိုင်ငံရေးဆိုင်ရာ ပိုင်ခွင့်ကို ထည့်သွင်းစဉ်းစားရန်လိုအပ်ပြီး ပြဿနာဖြေရှင်းရေး
အနီးကပ်ဆုံး အဆုံးအဖြတ်ရယူသည့်နေရာများတွင် ရခိုင်လူမျိုးများပါဝင်ခွင့်ရရှိရေး၊
မဟာဗျူဟာမြောက် ဖြေရှင်းရေးနည်းဗျူဟာ အခင်းအကျင်းများတွင် ဘင်္ဂါလီများနှင့် ရင်းနှီး
ကျွမ်းဝင်သောရခိုင်နှင့် ရခိုင်နွယ်ဖွား တိုင်းရင်းသားများပါဝင်ရန် လိုအပ်ချက်ကို ထည့်သွင်း
စဉ်းစားရေးတို့မှာ အရေးကြီးသော အချက်များဖြစ်ကြောင်း အစီရင်ခံစာတွင် ခြံုငုံသုံးသပ်
တင်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး