ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများကို ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေနှင့်မညီဘဲ
နိုင်ငံသားကတ်များ ထုတ်ပေးခြင်းအတွက် စစ်တွေမြို့တွင် သပိတ်စခန်းဖွင့်လှစ်ကာ ရက်သတ္တပတ်
တစ်ပတ်ကြာထိ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်မှုရာတွင် ဦးဆောင်ပါ၀င်သူ
တစ်ဦးဖြစ်သည့် ဦးအောင်ဋ္ဌေးက ပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများကို ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေနှင့် မညီဘဲ
နိုင်ငံသားကတ်များထုတ်ပေးခြင်းအတွက် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနှင့်
ရသေ့တောင်မြို့နယ်များမှ ဒေသခံများ ပူးပေါင်း၍ ယခုလ ၁၉ ရက်က စတင်ကာ ရခိုင်ပြည်နယ်
တစ်ခုလုံးတွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုလ ၂၀ ရက်တွင် စစ်တွေမြို့
၀င်္ကဘာကွင်းတွင် သပိတ်စခန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း ဥပဒေနှင့်မညီဘဲ နိုင်ငံသားကတ်ထုတ်ပေးနေခြင်းအပေါ် ပြီးခဲ့သည့်လတွင်
ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့သော်လည်း အစိုးရဘက်မှ တစ်စုံတစ်ရာ ပြန်လည်တုံ့ပြန်ခြင်း မရှိသဖြင့်
ယခုကဲ့သို့ ထပ်မံဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဦးအောင်ဋ္ဌေးက ပြောသည်။
"ကျွန်တော်တို့အနေနဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေအတိုင်း တိတိကျကျစိစစ်ဖို့ တောင်းဆိုချင်ပါတယ်။
နိုင်ငံသားစိစစ်ရေးကော်မတီမှာ တတ်သိနားလည်းတဲ့ ဒေသခံကိုယ်စားလှယ်တွေ ထည့်ပေးဖို့လည်း
လိုအပ်ပါတယ်။ ခုလို ဆန္ဒဖော် ထုတ်တောင်းဆိုတာကို အစိုးရဘက်က တစ်စုံတစ်ရာ ပြန်လည်
မတု့ံပြန်ရင် ဆန္ဒထုတ်ဖော်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ" ဟု ၎င်းက ဆိုသည်။
ဆန္ဒဖော်ထုတ်မှုများတွင် ပါ၀င်သော တောင်းဆိုချက်များအနက် ဥပဒေနှင့်ညီသော အချက်များကို
သက်ဆိုင်ရာဌာနဆိုင်ရာများက ပြန်လည်ဖြေရှင်းပေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း၊
လောလောဆယ်တွင် အစိုးရအနေဖြင့် ဆန္ဒထုတ်ဖော်မှုအပေါ် ဖြေရှင်းချက်တစ်စုံတစ်ရာပြုရန်
မရှိသေးကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောသည်။
"တောင်းဆိုချက်တွေ အားလုံးထဲမှာ ဥပဒေနဲ့ညီရင်တော့ လုပ်ပေးနေတယ်။ ဥပဒေနဲ့ မညီတာကိုတော့
လုပ်ပေးလို့ မရဘူးပေါ့" ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားဖြစ်သင့်သူများကို ဥပဒေနှင့်အညီ နိုင်ငံသားကတ်
ထုတ်ပေးသင့်သော်လည်း ဥပဒေနှင့် မညီသည့်သူများကို နိုင်ငံသားကတ် ထုတ်ပေးမှုများ
ရှိနေကြောင်း၊ တချို့မှာ နိုင်ငံသားစိစစ်မှု ကတ်ပင်မရှိသေးသော်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြား
ရရှိနေမှုများရှိကြောင်း မောင်တောမြို့ဒေသခံ ဦးအောင်လေးက ပြောသည်။
"နိုင်ငံသားစိစစ်မှုကတ် ထုတ်ပေးပြီးတော့ သူတို့ကိုလွတ်လပ်စွာသွားလာခွင့် ပြုပေးတယ်ဆိုရင်တောင်
ကျွန်တော်တို့ ကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမဲ့ ဥပဒေနဲ့ မညီတဲ့ သူတွေကို နိုင်ငံသားကတ်
ထုတ်ပေးတာတော့ လုံးဝ လက်မခံနိုင်ပါဘူး" ဟု ဦးမောင်လေးက ပြောသည်။
အဆိုပါ ဆန္ဒဖော်ထုတ်မှုကို အနောက်ဘက်တံခါးဒေသ ကူညီစောင့်ရှောက်မှုအဖွဲ့က
ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရဟန်းရှင်လူပြည်သူ ၁,၀၀၀ ကျော်ပါ၀င်ခဲ့သည်ဟု ဆိုသည်။
















