စိုက်ပျိုးရေအဓိကနိုင်ငံဖြစ်သော မြန်မာနိုင်ငံနှင့် စိုက်ပျိုးရေးနည်းပညာတွင် ရှေ့တန်း
ရောက်နေသော အစ္စရေးနိုင်ငံတို့အကြား လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်
နည်းပညာပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး၊ မြန်မာနိုင်ငံတွင် သုတေသနနှင့် တောင်သူ
ပညာပေး စံပြစိုက်ကွင်းကြီးများ ထူထောင်ရေးအတွက်လည်း ဆွေးနွေးလျက်ရှိကြောင်း
တာဝန်ရှိသူများက ပြောသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဆောင်သော
အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး မစ္စတာ ဒန်နီရယ်နှင့်
မတ် ၂ဝ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်
ထားသည်။
အဆိုပါထုတ်ပြန်ချက်အရ နှစ်နိုင်ငံအကြား အဆင့်မြင့်နည်းပညာပိုင်းဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာ စံနှုန်းမီ ဂျီအေပီ Good Agriculture Practice
အသိအမှတ်ပြု စျေးကွက်ဝင်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေး၊ သုတေသနနှင့်
တောင်သူပညာပေး စံပြစိုက်ကွင်းကြီးများ ထူထောင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။
အထက်ပါဆွေးနွေးချက်များသည် ကနဦးဆွေးနွေးမှုများသာဖြစ်ပြီး အသေးစိတ်ကိုမူ
ဆက်လက် ဆွေးနွေးရဦးမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာရဲတင့်ထွန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။ ''ဒါက ကနဦးဆွေးနွေးမှုပဲ
ရှိပါသေးတယ်။ နောက်ထပ် အသေးစိတ်ထပ်ပြီး ဆွေးနွေးရဦးမှာပါ''ဟု ၄င်းက
ပြောသည်။
ယခင်က အစ္စရေးနိုင်ငံသို့ လုပ်ငန်းခွင်ပညာသင် (On Job Training) သင်တန်း
သားများ စေလွှတ်ခဲ့သော်လည်း ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ဆက်လက်စေလွှတ်ခြင်း
မရှိခဲ့ပေ။ အစ္စရေးနိုင်ငံသည် မြန်မာနိုင်ငံမှ စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းဆင်းများကို
လုပ်ငန်းခွင် ပညာပေးသင်တန်းသားများအဖြစ် ခေါ်ယူခဲ့သော်လည်း အမှန်တွင်
အလုပ်သမားကဲ့သို့သာ စေခိုင်းလေ့ရှိသောကြောင့်ဆက်လက်စေလွှတ်ခြင်း မရှိတော့ကြောင်း
လည်း အစိုးရသစ်လက်ထက်တွင် ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ
ဒေါက်တာထွန်းဝင်းက ပြောကြားသည်။
''ဒုဝန်ကြီးဟောင်း ဒေါက်တာထွန်းဝင်းပြောတာလည်း မမှားဘူး။ အစ္စရေးက ဒီမှာသာ
လူကြားကောင်းအောင် ပညာသင်ဆိုပြီးခေါ်တာ။ ဟိုရောက်တော့ အလုပ်သမားလို
ခိုင်းတာ။ သူတို့ဆီက ပညာရတယ်ဆိုတာလည်း အတော်နည်းပါတယ်။ ဒါကြောင့်လည်း
ဦးမြင့်လှိုင်လက်ထက်မှာ အဲဒါနဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့ဟန်မပြတော့
ထပ်မလာတော့ဘူး။ အခုထပ်လာတာ''ဟု အဆိုပါဝန်ကြီးဌာနမှ အမည်မဖော်လိုသော
အရာထမ်းတစ်ဦးက ပြောကြားသည်။
















