အမျိုးသမီး ရွှေ့ပြောင်းလုပ်သားများ၏ အရည်အသွေး တိုးတက်လာစေရေးနှင့် ၄င်းတို့
အတွက် ဘေးကင်းလုံခြံုစိတ်ချသော လုပ်ငန်းခွင်ဖြစ်ပေါ်လာစေရေးအတွက် ရည်ရွယ်ကာ
'အောင်မြင်မှုစီမံကိန်း'ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
Care Myanmar Organization မှ အစီအစဉ်ညွှန်ကြားရေးမှူး ဒေါ်အိရွှေရည်ဝင်းက
ပြောသည်။
''စီမံကိန်းက ၂၈ လကြာမှာပါ။ ကျွန်မတို့နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက သူ့အပိုင်းနဲ့သူ
ကျွမ်းကျင်တဲ့ အပိုင်းကနေ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်မတို့အဖွဲ့က
လုပ်ငန်းခွင်အတွင်းမှာရော၊ လုပ်ငန်းခွင်ပြင်ပမှာရော အမျိုးသမီးတွေ လိင်ပိုင်းဆိုင်
ရာနှောင့်ယှက်ခံရတာတွေ ရှိနေပါတယ်။ ဒါတွေကို ဖြေရှင်းပေးဖို့ အလုပ်ရှင်တွေနဲ့
တိုင်ပင်ပြီးဒါတွေနဲ့ပတ်သက်လို့ ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာတွေ ပူးပေါင်းလုပ်သွားဖို့
ရှိပါတယ်။ အဓိကအားဖြင့် ရွှေ့ပြောင်းလုပ်သားအမျိုးသမီးတွေအတွက် ဘေးကင်းတဲ့
လုပ်ငန်းခွင်ဖြစ်လာဖို့ပါ'' ဟု ဒေါ်အိရွှေရည်ဝင်းက မတ် ၁၉ ရက်တွင် ပြောသည်။
'အောင်မြင်မှုစီမံချက်'ကို မတ် ၁၉ ရက်တွင် စတင်မိတ်ဆက်ခဲ့ပြီး လှိုင်သာယာမြို့နယ်နှင့်
ရွှေပြည်သာမြို့နယ်တွင် ဆောင်ရွက်မည်ဖြစ်ကာ အထူးသဖြင့် အထည်ချုပ်လုပ်ငန်းများတွင်
လုပ်ကိုင်နေသည့် အမျိုးသမီးများအတွက် ရည်ရွယ်ထားကာ လူဦးရေ ၅၄,ဝဝဝ ခန့်
တိုက်ရိုက်လွှမ်းခြံုနိုင်ရန် ရည်ရွယ်ထားကြောင်း ၄င်းက ပြောသည်။
အဆိုပါစီမံကိန်းအတွက် အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံငွေ
(LIFT) က ငွေကြေးပံ့ပိုးပေးခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ သုံးသန်းခန့် သုံးစွဲသွားမည်
ဖြစ်ကြောင်း ဒေါ်အိရွှေရည်ဝင်းက ပြောသည်။ ''ဒီစီမံကိန်းကနေ သူ့ကဏ္ဍအလိုက်
အဖွဲ့အစည်းတွေက အမျိုးသမီးတွေ လုပ်ငန်းခွင်မှာ ဖြစ်ပေါ်ခံစားနေရတာတွေကို
အကူအညီပေးသွားမှာဖြစ်တဲ့ အတွက် သူတို့အတွက်ကောင်းတဲ့ အကျိုးရလဒ်တွေ
ရလာမှာပါ။ ဒီဟာက သူတို့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးဖို့လည်း ဖြစ်ပါတယ်''ဟု
၄င်းက ပြောသည်။
အဆိုပါ စီမံကိန်းတွင် ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးများအတွက် ဘေးကင်း
လုံခြံုသည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ လူမှုရေးဆိုင်ရာ၊ ကာကွယ်မှု
ဆိုင်ရာ ဝန်ဆောင်မှုများ လက်လှမ်းမီစေရန် ကူညီခြင်း၊ လိုအပ်သည့် သက်မွေးဝမ်းကျောင်း
သင်တန်းများ ဖန်တီးပေးခြင်းနှင့် လုပ်ငန်းခွင်အတွက် လိုအပ်သည့်သင်တန်းများ
စီစဉ်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် ရရှိစေရန် ချိတ်ဆက်ပေးခြင်း၊
လုပ်ငန်းခွင်ဆိုင်ရာ ပြဿနာများနှင့် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရခြင်နှင့်
ပတ်သက်၍ အသိပညာပေးခြင်းနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးများကို
ဆောင်ရွက်မည်ဖြစ်သည်။
အဆိုပါ စီမံကိန်းကို Care Myanmar အဖွဲ့၊ ပျိုးပင်အစီအစဉ်နှင့် မိတ်ဖက်အဖွဲ့အစည်းများ
ဖြစ်သော BusinessKind Myanmar ၊ My Jobs ၊ Legal Clinic Myanmar နှင့်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနဖြင့် ပူးပေါင်း
အကောင်အထည်ဖော် သွားမည်ဖြစ်သည်။
အမျိုးသမီး လုပ်သားများအတွက် အထည်ချုပ်သင်တန်းကျောင်းကို ပျိုးပင်အစီအစဉ်က
လည်းကောင်း၊ အမျိုးသမီးလုပ်သားများ၏ လူမှုရေး၊လုပ်ငန်းခွင်ဆိုင်ရာ ဘေးအန္တရာယ်
ကင်းရှင်းရေး၊ အကာအကွယ်ပေးရေးနှင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရမှုများနှင့်
ပတ်သက်သည့် သတင်းအချက်အလက်နှင့်အကြံဉာဏ်များကို Care Myanmar
အဖွဲ့နှင့် Legal Clinic Myanmar တို့ကလည်းကောင်း၊ BusinessKind Myanmar
အဖွဲ့ကထောက်ပံ့နေသည့် သုံးပန်လှအဖွဲ့မှ အသိပညာပေးခြင်းနှင့်သင်တန်းပေးခြင်း၊
အလုပ်ရှာနေသည့်သူများကို သင့်တော်သည့်အလုပ်အကိုင်များနှင့် ချိတ်ဆက်ပေးခြင်းကို
My Jobs ကလည်းကောင်းကူညီဆောင်ရွက်ပေးမည်ဖြစ်သည်။
အောင်မြင်မှုစီမံကိန်း၏ အစိတ်အပိုင်း တစ်ခုအနေဖြင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဦးစီးဌာနနှင့် ပူးပေါင်းကာ အထည်ချုပ်လုပ်ငန်းဆိုင်ရာ သင်တန်းကျောင်းကို
လာမည့် စက်တင်ဘာလတွင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပျိုးပင်အစီအစဉ်မှ အစီအစဉ်
စေ့စပ်ညှိနှိုင်းရေးမှူး ဒေါ်ကြွယ်ဖြိုးဖြိုးအေးက ပြောသည်။
''အထည်ချုပ်သင်တန်းကျောင်း အစီအစဉ်အနေနဲ့ကတော့ ၂၂ လကြာမှာပါ။ သင်တန်း
အပတ်စဉ် တစ်ခုကို နှစ်လ တက်ရမှာဖြစ်ပြီးတော့ အခမဲ့ သင်ပေးမှာဖြစ်ပါတယ်။ ဒီသင်တန်းက
နယ်ကလာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အထည်ချုပ်လုပ်ငန်းကို စိတ်ဝင်စားတဲ့
သူတွေ၊ ဒါမှမဟုတ်အထည်ချုပ်လုပ်ငန်းကနေပြီး သူတို့အရည်အသွေးတိုးတက်လာပြီး
သင့်တော်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ်။
အများစုက အလုပ်ဝင်တုန်းက မလုပ်တတ်ဘူး၊ အလုပ်ထဲကျမှ အဆင်ပြေသလို
သင်ယူကြရတယ်။ အဲဒီအတွက် သူတို့မှာ အခက်အခဲတွေဖြစ်လာရတယ်''ဟု ၄င်းက
ပြောသည်။
အဆိုပါသင်တန်းတွင် အခြေခံစက်ချုပ်သင်တန်း၊ စက်ပြင်သင်တန်း၊ ပစ္စည်းထုပ်ပိုးမှု၊
အထည်ချုပ်နှင့် ဆက်စပ်သော စီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှုဆိုင်ရာသင်တန်းများနှင့်
ဆက်စပ်သင်တန်းများကို သင်ကြားပေး မည်ဖြစ်ပြီး အသိအမှတ်ပြုလက်မှတ်ရရှိ
စေရန်လည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဒေါ်ကြွယ်ဖြိုးဖြိုးအေးက ပြောသည်။
''စက်ရုံအပြင်မှာ သင်တန်းပေးပြီး လက်မှတ်ပေးမယ်ဆိုတာ ကောင်းပါတယ်။ ကျွန်မ
အလုပ်ဝင်တုန်းက စက်မချုပ်တတ်ဘူး။ အလုပ်ထဲရောက်မှသင်ရတာလေ။ သေသေချာချာ
လုပ်တတ်တယ်ဆိုရင် အလုပ်ကောင်းကောင်းလည်း ရနိုင်တာပေါ့''ဟု အထည်ချုပ်စက်ရုံ
တစ်ရုံတွင် အလုပ်လုပ်နေသည့် ဒေါ်နီနီဝင်းက ပြောသည်။
မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းနယ်ပယ်တွင် လွန်ခဲ့သည့် နှစ်နှစ်က ခန့်မှန်းခြေလုပ်သား
၁၂၆,ဝဝဝ ရှိခဲ့ရာမှ လက်ရှိအချိန်တွင် ၃၅ဝ,ဝဝဝ ခန့်အထိရှိလာသည်ကို တွေ့ရှိရပြီး
၄င်းတို့အနက် ရ၄ ရာခိုင်နှုန်းသည် ရန်ကုန်ပြင်ပမှ လာရောက်လုပ်ကြသူများဖြစ်သည်ကို
တွေ့ရှိရကြောင်း Care Myanmar က ထုတ်ပြန်ထားသည်။
အမျိုးသမီးများသည် လူကုန်ကူးခံရခြင်းနှင့်အတူ လိင်လုပ်ငန်းသို့ ရောက်ရှိနိုင်ခြေများရှိနေပြီး
အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ဖြည့်ဆည်းပေးခြင်း၊
ပညာရေးနှင့် သက်မွေးဝမ်းကျောင်းဆိုင်ရာအထောက်အပံ့များ လက်လှမ်းမီ ရရှိစေရန်
ဆောင်ရွက်ပေးခြင်းတို့သည် အဓိကကျသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။















