တီဘီရောဂါတိုက်ဖျက်ရေး သုတေသနပြုနေသူ ဒေါက်တာ ထင်လင်းအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

တီဘီရောဂါတိုက်ဖျက်ရေး သုတေသနပြုနေသူ ဒေါက်တာ ထင်လင်းအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး
စီမံကိန်းနှင့် နယူးဇီလန်နိုင်ငံမှ Otago တက္ကသိုလ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင်
တီဘီရောဂါတိုက်ဖျက်ရေး သုတေသနကို ၂ဝ၁၅ ခုနှစ်မှစ၍ ပြုလုပ်လျက်ရှိသည်။
အဆိုပါ သုတေသနလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသည့် Otago တက္ကသိုလ်၊ အဏုဇီဝနှင့်
ကိုယ်ခံအားစနစ်ဗေဒဌာနမှ ပါရဂူဘွဲ့လွန်ပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာထင်လင်းအောင်ကို
မြန်မာတိုင်း(မ်)သတင်းထောက်ထိုက်နန္ဒာဝင်းက ရန်ကုန်မြို့တွင် တွေ့ဆုံမေးမြန်းထားသည်။

မြန်မာနိုင်ငံမှာ တီဘီရောဂါဖြစ်ပွားမှုအခြေအနေက အတော်ဆိုးရွားတဲ့အထဲမှာ
ပါနေပါသလား။

ကျွန်တော်တို့ နိုင်ငံက တီဘီရောဂါအခြေအနေက တော်တော်ဆိုးနေပါတယ်။ ၂ဝ၁၆ ခုနှစ်အတွက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်တဲ့ တီဘီရောဂါ အဖြစ်အများဆုံး၊ ဆေးယဉ်တီဘီရောဂါအဖြစ်
အများဆုံး၊ အိတ်ချ်အိုင်ဗီတီဘီရောဂါ အဖြစ်အများဆုံး နိုင်ငံ၁၄ နိုင်ငံထဲမှာ မြန်မာနိုင်ငံ
ပါဝင်နေပါတယ်။တီဘီရောဂါတိုက်ဖျက်တဲ့နေရာမှာ တစ်ခန်းတစ်ကဏ္ဍကနေ ပူးပေါင်းပါဝင်ချင်တဲ့
ဆန္ဒအရ ဒီသုသေသနကို ဦးဆောင်ပြီး လုပ်နေတာဖြစ်ပါတယ်။ သုတေသနလုပ်ရာက နေရလာတဲ့
အထောက်အထားတွေကို မူဝါဒချမှတ်နိုင်တဲ့ လူတွေဆီပေးမယ်။ ဒီသုတေသနက လိုအပ်တဲ့
မူဝါဒတွေကိုပြောင်းလဲစေပြီး တီဘီရောဂါတိုက် ဖျက်ရေးကို လုပ်နိုင်ဖို့ မျှော်လင့်တယ်။ သုတေသန
အတွက် ၂ဝ၁၅ ခုနှစ် နှစ်လယ်လောက်မှာ ကျန်းမာရေးဝန်ကြီးဌာနနဲ့ နားလည်မှုစာချွန်လွှာ
လက်မှတ်ရေးထိုးခဲ့ပါတယ်။

သုတေသနလုပ်ငန်းမှာ ဘာတွေ ပါဝင်ပါသလဲ။ ဘယ်လိုတွေ ဆောင်ရွက်
နေပါသလဲ။

ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ထိရောက်တဲ့ တီဘီရောဂါရှာဖွေမှု၊ ထိရောက်တဲ့
ကုသမှုတွေပေးနိုင်ဖို့ ဆိုပြီးတော့ သုတေသနကို လုပ်တယ်။ လုပ်တဲ့အခါမှာ အမျိုးသား
တီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်းရဲ့ပူးပေါင်းကူညီမှုတွေ အများကြီးပါပါတယ်။ သူတို့ကလည်း
အားတက်သရော ပူးပေါင်းဆောင်ရွက်တဲ့အတွက် ကျွန်တော်တို့ တော်တော်ကြီးကို
ခရီးရောက်ပါတယ်။ သိပ္ပံဆိုင်ရာ ထုတ်ပြန်ချက်တွေလည်း တော်တော်များများထွက်ပါတယ်။

ပထမ အဆင့်အနေနဲ့ လုပ်နေတာကတော့ ရန်ကုန်တိုင်းကို အခြေခံပြီးတော့ လုပ်ပါတယ်။
တီဘီရောဂါ အဖြစ်အများဆုံး၊ ဆေးယဉ်ပါး တီဘီရောဂါ အဖြစ်အများဆုံးဖြစ်တဲ့အတွက်
ရန်ကုန်တိုင်းကို စရွေးချယ် တာပါ။ ရန်ကုန်တိုင်းပြီးသွားရင်တော့ ကျန်ပြည်နယ်နဲ့ တိုင်းတွေကို
ဆက်လုပ်မှာပါ။ ရန်ကုန်တိုင်းမှာ အင်းစိန်ယူတီအိုင်ရယ်၊ မြောက်ဥက္ကလာပရယ်၊ လသာမှာရှိတဲ့
တီဘီဆေးခန်းသုံးခန်းက တီဘီလူနာ ၄၅ဝ ဦးကို ရွေးပြီးတော့ သုတေသနတွေ
ပြုလုပ်နေပါတယ်။ ဆေးယဉ်ပါးတီဘီရောဂါသည်တွေပါသလို၊ ရိုးရိုးတီဘီရောဂါသည်
တွေလည်း ပါပါတယ်။ တီဘီရောဂါပိုးစစ်ဆေးသည့် Genie Expert စက်ကိုသုံးပြီးတော့
ရွေးပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ ဆေးယဉ်ပါးတီဘီရောဂါသည် ၂၅ဝ၊ သာမန်
တီဘီလူနာ ၂ဝဝ ပါ။ အဲဒါကလည်း အခု ပထမအဆင့်လုပ်မယ့် သုတေသနအတွက်
စတင်စုဆောင်းထားတဲ့ လူဦးရေပါ။

သုတေသနလုပ်ရင်းတွေ့ရှိတဲ့ သိပ္ပံပညာပိုင်းဆိုင်ရာ ထုတ်ပြန်ချက်တွေမှာ
မြန်မာနိုင်ငံရဲ့တီဘီရောဂါ အခြေအနေက ဘယ်လိုရှိပါသလဲ။

သိပ္ပံပညာပိုင်းနဲ့ ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ဆေးယဉ်ပါးတီဘီရောဂါဟာ
ထင်ထားတာထက် ပိုဆိုးနေတယ်ဆိုတာကို တွေ့ရှိထားပါတယ်။ တွေ့ရှိချက်တွေအပေါ်
အခြေခံပြီးတော့လည်း အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်းက ထိရောက်တဲ့
မူဝါဒတွေကို ချမှတ်နေပါတယ်။ ကျွန်တော်တို့က အစိုးရနဲ့ တွဲပြီးတော့ လုပ်ကိုင်ရတဲ့
သုတေသနအဖွဲ့ဖြစ်တာကြောင့် အစိုးရက ထုတ်ပြန်မှရမယ့်အချက်အလက်
တွေရှိပါတယ်။ ရလဒ်အားလုံးကို ကျွန်တော်တို့ ပြောပြပိုင်ခွင့် မရှိပါဘူး။

သုသေသနမှာ ရွေးချယ်တဲ့ စံသတ်မှတ်ချက်တွေက ဘာတွေပါလဲ။

အဓိကကတော့ ရန်ကုန်တိုင်းမှာနေတဲ့လူနာဖြစ်ရမယ်။ ဒါကတော့ အရေးကြီးပါတယ်။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရန်ကုန်တိုင်းကို အခြေပြုတဲ့ အချက်အလက်မရပဲနဲ့
တခြားတိုင်းတွေက အချက်အလက်တွေ ရောသွားမှာစိုးလို့ပါ။ နောက်တစ်ချက်ကတော့
အသက်အပိုင်းအခြားဖြစ်ပါတယ်။ကျွန်တော်တို့က ၁၆ နှစ်နဲ့ အထက်ကိုရွေးထားပါတယ်။
တီဘီက ကလေးတီဘီဖြစ်တာတွေလည်းရှိတော့ ကျွန်တော်တို့ General Population
မှာ ဖြစ်နေတဲ့ Representative Data တွေကို ရချင်တဲ့အတွက်ကြောင့်ပါ။
နောက်တစ်ချက်ကတော့ အဲဒီလူနာတွေက Gen စက်နဲ့ စစ်ဆေးလို့ရတဲ့ လူနာ
ဖြစ်ရပါမယ်။ အဲဒီဟာတွေ ပြည့်မီတဲ့သူတိုင်း သုသေသနမှာ ပါဝင်ဖို့ခေါ်တယ်။ လူနာရဲ့
စိတ်ကိုတော့ အရင်မေးပါတယ်။

သုသေသန သက်တမ်းကို ဘယ်လောက် သတ်မှတ်ထားပါသလဲ။

ပထမအဆင့်ကိုတော့ သုံးနှစ်သတ်မှတ်ထားပါတယ်။၂ဝ၁၅ ခုနှစ်ကနေ ၂ဝ၁၈ ခုနှစ်ထိ
ဆောင်ရွက်မှာပါ။ ဒီပထမအဆင့် မကုန်မီမှာကို ဒုတိယအဆင့်ကို စနိုင်ဖို့ ကျွန်တော်တို့
ကြိုးစားနေပါတယ်။ ၂ဝ၁၈ ခုနှစ် နှစ်ဆန်းလောက်ကစပြီးတော့ ရန်ကုန်တိုင်း
အပြင်ဘက်ကို တိုးချဲ့ဖို့အတွက် ဆောင်ရွက်နေပါတယ်။ နောက်ထပ်လုပ်မှာကတော့
ထိရောက်တဲ့ ရောဂါရှာဖွေမှု၊ ကုသမှုတွေပေးတယ်။ အဆင်မြင့်စက်တွေကိုလည်း
ဒီလူနာတွေမှာ သုံးနေပြီ၊ မြန်မာနိုင်ငံမှာ စက်မရှိသေးတဲ့အတွက် မြန်မာပြည်
ကနေပြီးတော့ အချို့အစိတ်အပိုင်းတွေ လုပ်ပြီးတော့ နယူးဇီလန်နိုင်ငံမှာ ဆက်ပြီးတော့
ဆောင်ရွက်ရတာတွေရှိတယ်။ အခုလက်ရှိဖြစ်နေတဲ့အနေအထားကို ကျွန်တော်က
မကြိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုအဆင့်ဆင့် လုပ်နေရတော့ ရောဂါရှာဖွေတဲ့
အချိန်က ကြာသွားတယ်။ ထိရောက်တဲ့ ရောဂါရှာဖွေမှုထဲမှာ မပါဘူး။ ဒါကြောင့် စက်ကို
မြန်မာနိုင်ငံမှာ ထားချင်တယ်။ ဒါမှလျင်မြန်တဲ့၊ ထိရောက်တဲ့ ရောဂါရှာဖွေမှုရမှာ။
သုသေသနလုပ်ငန်းစဉ်လည်း ပိုမြန်လာမယ်။ လူနာရဲ့ ဆေးယဉ်ပါးဖြစ်နေတာဆိုရင်လည်း
ဘယ်ဆေးတွေ ယဉ်ပါးနေတာလဲဆိုတာ တစ်ခါတည်းသိပြီးတော့ ထိရောက်တဲ့အရာ
လုပ်ပေးနိုင်မှာပါ။

အဲဒီလိုထိရောက်တဲ့ စက်ပစ္စည်းကိရိယာတွေ မြန်မာနိုင်ငံရောက်လာအောင်
ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ ဆောင်ရွက်လို့ ရမလဲ။

ကျွန်တော်ကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေကို အဓိကပြောချင်ပါတယ်။ သူတို့
ကူညီထောက်ပံ့ပေးမယ်ဆိုရင်တော့ ဒီကိုရောက်လာဖို့ ပိုပြီးတော့ မြန်ပါလိမ့်မယ်။
ကျွန်တော်တို့မှာ ကျွမ်းကျင်တဲ့သူရှိတယ်၊ နည်းပညာရှိပြီးသားဆိုရင် အဲဒီလို
အဆင့်မြင့်နည်းပညာနဲ့စက်တွေ မြန်မာနိုင်ငံမှာ ဝယ်ပြီးထားနိုင်ဖို့ပဲ အရေးကြီးတာပါ။
အဲဒီလိုမျိုးတွေရှိလာမယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထဲမှာ
ပါတဲ့ ဆေးယဉ်ပါးတီဘီရောဂါ အဖြစ်များဆုံးတိုင်းပြည်တွေထဲမှာမှ ဒီလိုမျိုးအဆင့်မြင့်
နည်းပညာကို သုံးနိုင်တဲ့ ပထမဦးဆုံးနိုင်ငံတစ်ခု ဖြစ်လာပါလိမ့်မယ်။

ဒါတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေကို တင်ပြထားပါသလား။

ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရအနေနဲ့တော့ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး
စီမံကိန်းကတော့ သိပါတယ်။ တစ်ချိန်တည်းမှာပဲ နယူးဇီလန်နိုင်ငံအစိုးရကိုလည်း
ကျွန်တော် တင်ပြထားပါတယ်။ သူတို့ စဉ်းစားဆုံးဖြတ်နေတုန်း လုပ်ငန်းစဉ်ပဲရှိပါသေးတယ်။
ကျွန်တော်ကတော့ စက်ဒီမှာရှိစေချင်တာပေါ့။ ရှိမယ်ဆိုရင်ရလာမယ့် အကျိုးဆက်တွေက
အများကြီးဖြစ်တဲ့အတွက် ဒီမှာရှိစေချင်တာပါ။

မြန်မာနိုင်ငံမှာ သုသေသနလုပ်ထားတဲ့ တွေ့ရှိချက်တွေနဲ့ပတ်သက်ပြီး
ပြောပြနိုင်မယ့်အချက်တွေရှိရင် ပြောပြပါလား။

ဆေးယဉ်ပါးတီဘီရောဂါ အပါအဝင်၊ သာမန်ရိုးရိုးတီဘီရောဂါကို ကုသဖို့အတွက်
အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်းမှာ လုံလောက်တဲ့ ဆေးဝါးများ
ရှိနေတယ်လို့ ကျွန်တော်သိထားရပါတယ်။ ဒါကြောင့်ဆေးမလုံလောက်တဲ့အပိုင်းမှာတော့
အခက်အခဲမရှိဘူးလို့ ကျွန်တော် သုံးသပ်ပါတယ်။ ရှိနေတဲ့ဆေးတွေကို ထိရောက်စွာ
အသုံးချဖို့ကတော့ လိုအပ်ပါတယ်။ နောက်ပြီးတော့ တစ်ခါတည်းမှာပဲ ကုသရေးအပြင်
ပြည်သူလူထုကို အသိပညာပေးရေး၊ ထိရောက်တဲ့ မူဝါဒချမှတ်ရေးတွေမှာလည်း ပိုပြီးတော့
တိုးမြှင့်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ကျွန်တော်ကတော့ မြင်ပါတယ်။ တီဘီရောဂါနဲ့ ပတ်သက်ပြီး
ကုသတဲ့ မူဝါဒတွေဟာ အချို့နေရာတွေမှာ ခေတ်နဲ့အညီ ပြောင်းလဲဖို့ လိုအပ်နေပြီလို့
မြင်ပါတယ်။ ဥပမာအားဖြင့် အများပြည်သူနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ လုပ်သားပြည်သူတွေကို
ဘတ်စ်ကားယာဉ်မောင်းတွေ၊ ဝန်ဆောင်မှု ပေးနေရတဲ့ ဝန်ထမ်းတွေ အလုပ်လျှောက်တဲ့
အခါမှာ အလုပ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးစစ်ဆေးချက်တွေ ဆောင်ရွက်တဲ့နေရာမှာ
တီဘီရောဂါကိုလည်း ထည့်ပြီးတော့ ဆောင်ရွက်သင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။
ဆောင်ရွက်ခြင်းက အလုပ်မရအောင် ခွဲခြားတာလို့လည်း မမြင်စေချင်ပါဘူး။ တီဘီရောဂါ
ဖြစ်နေတဲ့သူလို့ စောစောသိရင် ထိရောက်တဲ့ ဆေးပေးနိုင်မယ်။ အဲဒီတော့ လူနာလည်း
ရောဂါပျောက်ကင်းသွားသလို၊ သူ့ဆီကတစ်ဆင့် ကူးစက်မယ့် ရောဂါကူးစက်နှုန်းလည်း
လျော့သွားမယ်။ အဲဒါတွေ လုပ်ဖို့သင့်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဝန်ဆောင်မှု
ပေးနေတဲ့ ဝန်ထမ်းနဲ့ ဧည့်သည်နဲ့ သွေးချင်းထိဖို့ဆိုတာက အလှမ်းဝေးပါသေးတယ်။
ပိုပြီးစစ်ဖို့လိုအပ်တယ်လို့ ကျွန်တော်မြင်တယ်။ တီဘီရောဂါဖြစ်တဲ့ လူတိုင်းသည် ဆေးကုသမှု
ကိုခံယူရမယ်ဆိုတဲ့ ဥပဒေရှိသင့်တယ်။ တီဘီက ကုရင်ပျောက်တယ်။ မကုရင်တော့
မပျောက်တဲ့အပြင် အများပြည်သူကိုလည်း အန္တရာယ်ပေးနိုင်၊ ကူးစက်နိုင်တော့ တစ်ယောက်
တည်းနဲ့ဆိုင်တဲ့ ရောဂါမဟုတ်ဘူးလေ။ အများထိခိုက်မှာဖြစ်တဲ့အတွက် ကူးစက်ရောဂါနဲ့
ပတ်သက်ရင် ဥပဒေနဲ့ ထုတ်ပြီးတော့ ဆေးကုသဖို့ ဆောင်ရွက်သင့်တယ်လို့
ကျွန်တော်မြင်တယ်။

မြန်မာနိုင်ငံမှာ တီဘီရောဂါနဲ့ ပတ်သက်ပြိးတော့ ဆေးဝါးက အလကားရနေတယ်။
ဒါပေမဲ့ ယခုနှစ်ဆန်းပိုင်းမှာ ဆေးယဉ်ပါးတီဘီရောဂါခံစားရလို့ တစ်မိသားစုလုံး
သတ်သေတဲ့ ကိစ္စရှိခဲ့တယ်။ ဒီလိုမျိုး ဖြစ်တာတွေရှိနေတော့ တီဘီရောဂါကုသရ
တဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေဖြစ်နေပါသလဲ။

ဆေးဝါးပိုင်းမှာတော့ အမျိုးသားတီဘီတိုက်ဖျက်ရေးက ဆေးဝါးများပေးနေပါတယ်။
လူနာတိုင်းဆေးရဖို့ ပူပင်ဖို့ မလိုပါဘူး။ ဆေးတစ်ခုတည်း အလကားရနေရုံနဲ့တော့
မရပါဘူး။ လူနာအတွက် တခြားသောလိုအပ်ချက်တွေရှိဦးမှာပါ။ ဆေးယဉ်ပါးတီဘီဆေးက
ပြင်းထန်တဲ့အတွက် ဆေးသောက်ချိန်မှာ အလုပ်မလုပ်နိုင်တာတွေ ရှိနိုင်ပါတယ်။
အဲဒီတော့ စားဝတ်နေရေးအတွက် ပူပန်နေရရင်တော့ တီဘီရောဂါကို သေချာစွာ
ကုသနိုင်ဖို့ ခက်ခဲမှာပါ။ ပြုပြင်ပြောင်းလဲဖို့လိုတာကတော့ လူမှုစောင့်ရှောက်ရေးဆိုတဲ့
ဘက်မှာ ပိုပြီးတော့ စောင့်ရှောက်မှု ပေးနိုင်မယ်၊ နိုင်ငံတကာကလည်း ပိုပြီးတော့
ပါဝင်လာရင် ပိုကောင်းလာမယ်လို့ ထင်ပါတယ်။

လက်ရှိဆောက်ရွက်နေတဲ့ သုတေသနလုပ်ငန်းအတွက် အသုံးစရိတ်ပမာဏ
ဘယ်လောက်ရှိပါသလဲ။

နယူးဇီလန်ငွေ သန်းဝက်နီးပါး ပေးထားပါတယ်။ နယူးဇီလန် တစ်ဒေါ်လာက စင်ကာပူ
ဒေါ်လာနဲ့ စျေးတူတယ်။ အဲဒါကလည်း ကျွန်တော်တို့ အဆင့်မြင့်နည်းပညာကို သုံးရတဲ့
အသုံးစရိတ်က တော်တော်များပါတယ်။ အဲဒီထဲကနေပြီးတော့ မြန်မာနိုင်ငံမှာ
လုပ်နေတာတွေကလည်း အများကြီးပါပဲ။ လူနာစုတယ်။ စုဖို့အတွက်လည်း လိုအပ်တဲ့
ပစ္စည်းတွေ ဝယ်ရပါတယ်။ အဲဒါတွေ အသုံးပြုနေပါတယ်။ ပိုပြီးတော့ ဘတ်ဂျက်တွေရမယ်
ဆိုရင်တော့ ဒီထက်မကလုပ်နိုင်မယ့်အရာတွေ အများကြီးရှိပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး