ရှမ်းပြည်တောင်ပိုင်းရှိ ကျေးရွာ ၄၁၆ ရွာကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးအတွက်
ဂျာမနီထံမှ ယူရို ၂၃ သန်းကျော် ချေးယူသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ
တာဝန်ရှိသူက ပြောသည်။
အဆိုပါဒေသရှိ ရေအားလျှပ်စစ်စက်ရုံများမှ မဟာဓာတ်အားလိုင်းဖြင့် ဖြန့်လွှတ်နိုင်ရေးအတွက်
လိုအပ်သော လျှပ်စစ် အခြေခံအဆောက်အအုံများကို တည်ဆောက်ရေးအတွက်
ယူရို ၂၃ သန်းကျော် ချေးယူရန် ဝန်ကြီးဌာနက လွှတ်တော်သို့တင်ပြထားပြီး ချေးငွေအတွက်
ဂျာမနီနှင့် သဘောတူညီမှုရပြီဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။
ဂျာမနီနိုင်ငံရှိ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ ယူရို ၂၃ ဒသမ ၈၈၄ သန်းချေးယူရန် ပြီးခဲ့သော
ရက်ပိုင်းက နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့ခဲ့ပြီး
အဆိုပါချေးငွေအစီအစဉ်အတွက် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့သည်။
''လွှတ်တော်က ခွင့်ပြုချက်ရမှ ချေးလို့ရမှာ။ ပိုက်ဆံချေးပြီး လုပ်ဦးတော့ ဘယ်ကနေ
ရေအရင်းအမြစ်ရမှာလဲ။ ရေအားလျှပ်စစ်ကရမှာလား၊ ဓာတ်အားပေးလိုင်းရှိရဲ့လား၊
ဖြန့်ချိရေးပိုင်းရှိရဲ့လား၊ အဲဒါတွေအပေါ် မူတည်ပြီး ချေးငွေနဲ့ လုပ်တာ။ ရှိပြီးသားတွေကနေ
ဓာတ်အားယူဖို့ မဟာဓာတ်အားလိုင်းဆောက်ရမယ်။အခြေခံအဆောက်အအုံတွေ လုပ်ရမယ်''ဟု
၄င်းက ပြောသည်။
လျှပ်စစ်ဓာတ်အားရရှိရေးအတွက် လုပ်ဆောင်ရာတွင် ထုတ်လုပ်ရေးပိုင်း၊ မဟာဓာတ်အား
လိုင်း ပေးပို့ရေးပိုင်း၊ ဖြန့်ချိရေးအပိုင်းများအတွက် ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာ
တည်ဆောက်ရေး အပိုင်းများကို လုပ်ဆောင်ရမည်ဟု ဆိုသည်။
လက်ရှိတွင် ရေအားလျှပ်စစ်အရင်းအမြစ်ရယူရန် လုပ်ဆောင်ထားသည့် စီမံကိန်းအသေးများ
ရှိပြီး ဓာတ်အားထုတ်လုပ်နေသော ရှမ်းပြည်နယ်တောင်ပိုင်း ပတ်ဝန်းကျင်ရှိ
တည်ဆောက်ပြီးစီးထားသော စီမံကိန်းများထဲမှ လျှပ်စစ်ဓာတ်အားရယူမည်ဖြစ်ကြောင်း
တာဝန်ရှိသူက ပြောသည်။ လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း၌ ရွှေလီဓာတ်အားပေး
စက်ရုံ၊ တာပိန် (၁)ဓာတ်အားပေး စက်ရုံနှင့် တရုတ်နိုင်ငံနှင့် အကျိုးတူဖက်စပ်လုပ်ကိုင်သည့်
ရေအားလျှပ်စစ်လုပ်ငန်းများ ရှိသည်။
''လက်ရှိ ရှိပြီးသားထဲက နိုင်ငံသုံးအတွက် ပေးနိုင်တဲ့ ပမာဏကို ရယူပြီး သုံးရမှာဖြစ်ပါတယ်။
မဟာဓာတ်အားလိုင်းမရှိဘဲ ဓာတ်အားဖြန့်လို့မရဘူး။ ဒီဇယ်သုံး မီးအားမြှင့်စက်သုံးပြီး
လျှပ်စစ်ဖြန့်ဝေမှုက အကုန်အကျ များပါတယ်'' ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် လျှပ်စစ်ဓာတ်အားဖြန့်ချိရေးစီမံကိန်းအတွက် လိုအပ်သော
အခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင် တောင်တန်းဒေသဖြစ်သောကြောင့်
မြေပြန့်ထက် ပိုမိုကြာမြင့်နိုင်ကြောင်း၄င်းက ပြောသည်။
နိုင်ငံအတွင်းရှိ အိမ်ထောင်စုပေါင်း ၁ဝ သန်းကျော်ထဲမှ ၃ ဒသမ ၅ သန်းခန့်သာ
လျှပ်စစ်မီးရရှိသေးပြီး အိမ်ထောင်စုပေါင်း၆ ဒသမ ၅ သန်းခန့် လျှပ်စစ်မီးမရရှိသေးဘဲ
မဟာဓာတ်အားလိုင်း မရောက်ရှိသေးသည့် ဒေသများတွင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ
ကျေးရွာများလည်း အပါအဝင်ဖြစ်သည်။
လက်ရှိတွင် မဟာဓာတ်အားလိုင်းစနစ်မှဓာတ်အားရရှိနေသူများအတွက် နိုင်ငံတော်က
နှစ်စဉ် အရှုံးခံစိုက်ထုတ်နေရပြီး လက်ရှိ ဓာတ်အားစနစ်ပြင်ပရှိ ဝေးလံခေါင်ဖျားသော
ဒေသနေသူများသည် ကြီးမြင့်သော ဓာတ်အားနှုန်းထားဖြင့် ရပ်တည်နေရသည်။ အခွန်များ
ပေးဆောင်နေရသော်လည်း မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားရရှိနေသူများအတွက်
စိုက်ထုတ်ပေးနေရခြင်းကြောင့် သာတူညီမျှမဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်က မတ်လဆန်းပိုင်းတွင် ပြုလုပ်သော စွမ်းအင်ကဏ္ဍဖွံ့ဖြိုး
တိုးတက်ရေးဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။















