နှစ်သန်းပေါင်း ၄ဝ သက်တမ်းရှိ လူတူပရိုင်းမိတ်များ ရှာဖွေတွေ့ရှိခဲ့သည့် ပုံတောင်ပုံညာဒေသကို
ယူနက်စကိုကမ္ဘာ့အမွေအနှစ် အဆိုပြုစာရင်းတင်သွင်းရန် စီစဉ်လျက်ရှိကြောင်း ရှေးဟောင်း
သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောသည်။
အဆိုပါ ပုံတောင်ပုံညာဒေသကို ကမ္ဘာ့အမွေအနှစ် အဆိုပြုစာရင်းတင်သွင်းနိုင်ရန် ယခုနှစ်
ဖေဖော်ဝါရီလကုန်ပိုင်းက စတင်အကောင်အထည်ဖော်လျက်ရှိပြီး ယူနက်စကို ကမ္ဘာ့အမွေအနှစ်
အဆိုပြုစာရင်းသို့ အမှန်တကယ်တင်သွင်းနိုင်ရန် တစ်နှစ်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း ၄င်းက
ပြောသည်။
ပုံတောင်ပုံညာဒေသတွင် နှစ်ပေါင်းသန်း ၄ဝ ရှိ ပရိုင်းမိတ်များကို ၁၉၈၅ ခုနှစ်က ပြင်သစ်၊
ဂျပန်နှင့် အမေရိကန်ပညာရှင်များပါဝင်သော သုတေသနအဖွဲ့က စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး
ထိုတွေ့ရှိချက်များကို ၁၉၈၇ ခုနှစ်တွင် ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ ၁၉၉ဝ ပြည့်နှစ်နောက်ပိုင်းတွင်
ထိုဒေသရှိ ပရိုင်းမိတ်များကို အစိုးရက သုတေသနဆက်လက်လုပ်ဆောင်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင်
တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။
''အဲဒီဒေသကို ၂ဝဝ၂ ခုနှစ်ကစတင်ပြီး ခုထိ နှစ်တိုင်းနှစ်လအချိန်နဲ့ သုတေသနနဲ့
လေ့လာသုံးသပ်မှုတွေကိုလုပ်ပြီး အဲဒါတွေကိုပြတိုက်ကိုပေးပြီး အများပြည်သူကိုချပြပါတယ်'' ဟု
ဦးသန်းဇော်ဦးက ပြောသည်။
ထိုနှစ်စဉ်သုတေသနတွင် မြန်မာနိုင်ငံတက္ကသိုလ်များက ဘူမိဗေဒပါမောက္ခများ၊ အဆင့်မြင့်ပညာ
ဦးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ တိုကျိုတက္ကသိုလ်က
ပါမောက္ခများ၊ ပြင်သစ်နိုင်ငံ ဗဟိုအမျိုးသားသုတေသနအဖွဲ့က သုတေသနပညာရှင်များ
ပါဝင်ကြောင်း ၄င်းက ပြောသည်။
အဆိုပါ ပုံတောင်ပုံညာဒေသကို ပရိုင်းမိတ်များကြောင့် ၁၉၉၈ ခုနှစ် အမျိုးသားယဉ်ကျေးမှု
အမွေအနှစ်ဒေသများ ကာကွယ်ရေးဥပဒေဖြင့်ကာကွယ်ထားပြီး ပုံတောင်ပုံညာ ဒေသတွင်
တွေ့ရှိခဲ့သော ပရိုင်းမိတ်များသည် နှစ်သန်းပေါင်း ၄ဝ ခန့်ရှိပြီး အီဂျစ်တွင် တွေ့ရှိခဲ့သော
ပရိုင်းမိတ်များထက် နှစ်လေးသန်းပိုစောကြောင်း ရှေးဟောင်းသုတေသနနှင့်
အမျိုးသားပြတိုက်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံက ယခုနှစ်တွင်ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ခုနစ်ခု၊ သဘာဝ
အမွေအနှစ် ခုနစ်ခု၊ စုစုပေါင်း ၁၄ ခုကို ယူနက်စကိုကမ္ဘာ့အမွေအနှစ်ရုံးသို့
အဆိုပြုစာရင်းတင်သွင်းထားသည်။















