မောင်တော၊ ရသေ့တောင် ဘင်္ဂါလီအကြမ်းဖက်ခံရမှု စုံစမ်းလေ့လာရေး ကော်မတီ၏ အပြီးသတ်အစီရင်ခံစာ တင်သွင်း

မောင်တော၊ ရသေ့တောင် ဘင်္ဂါလီအကြမ်းဖက်ခံရမှု စုံစမ်းလေ့လာရေး ကော်မတီ၏ အပြီးသတ်အစီရင်ခံစာ တင်သွင်း

ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားသော မောင်တော၊ ရသေ့တောင် ဘင်္ဂါလီအကြမ်းဖက်ခံရမှု
စုံစမ်းလေ့လာရေးကော်မတီ၏ အပြီးသတ်အစီရင်ခံစာကို မတ် ၂၁ ရက်တွင် ကျင်းပသည့်
စတုတ္ထအကြိမ် ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေး ဆဋ္ဌမမြောက်နေ့တွင် တင်သွင်းခဲ့ကြောင်း
လွှတ်တော်မှတ်တမ်းအရ သိရသည်။

အဆိုပါ ကော်မတီ၏ ပထမအစီရင်ခံစာကို ရခိုင်ပြည်နယ်လွှတ်တော် တတိယအကြိမ်
ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး နောက်ယမန်နှစ် နိုဝင်ဘာလအတွင်း မောင်တောဒေသသို့
စုံစမ်းလေ့လာရေးထပ်မံ သွားရောက်ခဲ့ကာ စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးတွင် အပြီးသတ်
အစီရင်ခံစာ တင်သွင်းခြင်းဖြစ်ကြောင်း ကော်မတီအတွင်းရေးမှူး ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်
အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က ပြောသည်။

ကော်မတီ၏ စုံစမ်းလေ့လာတွေ့ရှိချက်များအရ ဘင်္ဂါလီလူမျိုးများကြားတွင် ကြီးမားသော
ခြိမ်းခြောက်ခံရမှုများ ရှိနေကြောင်း၊ အေးချမ်းစွာနေထိုင်လိုသော ဘင်္ဂါလီအချို့မှာ နိုင်ငံသားဖြစ်ခွင့်ရရန်
လိုလားလျက်ရှိပြီး အချို့မှာ နိုင်ငံသားရရှိပိုင်ခွင့် မရှိသဖြင့် ရိုဟင်ဂျာအမည်ကို တရားသေစွဲကိုင်ကာ
ရိုဟင်ဂျာတိုင်းရင်းသား ဖြစ်ခွင့်ရရေးအတွက် လွဲမှားစွာဆောင်ရွက်နေမှုများလည်း ရှိသည်ကို
တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။

"ပထမအစီရင်ခံစာအပေါ် အစိုးရဘက်က တုံ့ပြန်မှုမရှိခဲ့ပေမဲ့ ပြည်သူတွေကတော့ တော်တော်လေး
လက်ခံခဲ့ကြတယ်။ အခုတင်တဲ့ အစီရင်ခံစာအပေါ် ဘယ်လိုတုံ့ပြန်မလဲစောင့်ကြည့်ရမယ်။
လွှတ်တော်က အတည်ပြုပြီးရင်တော့ ပြည်ထောင်စုအစိုးရထိ တင်ပြမှာ ဖြစ်ပါတယ်" ဟု
ကော်မတီအဖွဲ့ဝင် ရသေ့တောင် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်
ဦးဦးသန်းနိုင်က ပြောသည်။

ကော်မတီ၏ မူလသက်တမ်းမှာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလကုန်တွင် ကုန်ဆုံးမည် ဖြစ်သော်လည်း
အပြီးသတ်အစီရင်ခံစာ တင်သွင်းနိုင်မှု မရှိခြင်းနှင့် အဆိုပါ ဒေသများတွင် ဆက်လက်လေ့လာ
စုံစမ်းမှုများ ပြုလုပ်ရန် ကျန်ရှိနေခြင်းကြောင့် ကော်မတီ၏ သက်တမ်းကို နောက်ထပ်သုံးလ
သက်တမ်းတိုးခဲ့ပြီး ယခုမှသာ အပြီးသတ်အစီရင်ခံစာ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ကော်မတီ၏ စုံစမ်းလေ့လာရေးခရီးစဉ်တွင် တွေ့ဆုံရန်အခွင့်သာသော ဘင်္ဂါလီလူမျိုးများနှင့်
တွေ့ဆုံခဲ့ရာ၌ ၎င်းတို့တွင်လည်း ခြိမ်းခြောက်ခံရမှုများရှိနေသဖြင့် အဖြစ်မှန်ကို ပြောဆိုရန်
အခက်အခဲများရှိကြောင်း၊ ပြောဆိုခဲ့သူများမှာလည်း အမည်ကို မဖော်ပြရန် အကြိမ်ကြိမ်
တောင်းဆိုမှုများရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကော်မတီ၏ အစီရင်ခံစာတွင် အကြမ်းဖက်သူများ၏ အကြမ်းဖက်လိုသော စိတ်အခြေခံ၊ နိုင်ငံသား
စိစစ်မှုနှင့် စိစစ်မခံမှု ပြဿနာကို ဖြေရှင်းနိုင်ရေး၊ ပဋိပက္ခနှင့် အကြမ်းဖက်မှုထပ်မံမပေါ်ပေါက်ရေး
နည်းလမ်းများကို သုံးသပ်ရန်၊ ယခင်နှင့်ယခု လုံခြံုရေး အစီအမံများ၊ ခိုင်မာသောနယ်စပ်ကာကွယ်ရေး
ရေတိုရေရှည်အစီအစဉ်များ၊ နယ်စပ်ဒေသ တိုင်းရင်းသားများ လူမှုစီးပွားဘဝ ရေရှည် အာမခံချက်
ရရှိရေးနှင့် မြို့ရွာများ စုဖွဲ့မှုကို သုံးသပ်ရန် အချက်များကို တင်ပြထားသည်။

သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ အပါအဝင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်
တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါ၀င်ပတ်သက်နေသည့် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ၏
လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ချက်များ၊ တရားဥပဒေစိုးမိုးရေးအတွက် ဘင်္ဂါလီကျေးရွာများတွင်
လိုအပ်ချက်အရ ဌာနဆိုင်ရာ အားလုံး၏ လုပ်ငန်းများကို ပုံမှန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေး
အချက်များကို အဓိကထားတင်ပြထားသည်။

"ရခိုင်လူမျိုးတို့၏ နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်ကို ထည့်သွင်းစဉ်းစားရန်လိုအပ်ပြီး ပြဿနာဖြေရှင်းရေး
အဆုံးအဖြတ်ရယူသည့် နေရာများတွင် ရခိုင်လူမျိုးများ ပါ၀င်ခွင့်ရရှိရေး၊ ဘင်္ဂါလီများနှင့်
ရင်းနှီးကျွမ်းဝင်သော ရခိုင်နှင့် ရခိုင်နွယ်ဖွား တိုင်းရင်းသားများ ပါ၀င်ရန် ထည့်သွင်းစဉ်းစားရေးမှာ
အရေးကြီးသော အချက်များ ဖြစ်သည်" ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

၉/၁၀ မောင်တော၊ ရသေ့တောင် ဘင်္ဂါလီ အကြမ်းဖက်ခံရမှု စုံစမ်းလေ့လာရေးကော်မတီကို
ရခိုင်ပြည်နယ်လွှတ်တော်က ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်တွင် မြေပုံမြို့နယ် မဲဆန္ဒနယ်
အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ
အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး