တရားဟောကြားခွင့် ပိတ်ပင်ခံထားရသော်လည်း ဆရာတော်ဦးဝီရသူ၏ အသံတိတ်တရားဟောသည့်
လုပ်ဆောင်ချက်သည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားချက်အပေါ် ချိုးဖောက်မှု
ရှိ၊ မရှိ ဆိုသည်မှာ ဥပဒေအရ ဖြေရှင်းရမည့် ပြဿနာဖြစ်ကြောင်း သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး
ဦးထွန်းညွှန့်(၀ိနိစ္ဆယရေးရာ)က မြန်မာတိုင်း(မ်)ကို ပြောသည်။
နိုင်ငံတော် သံဃမဟာနာယက (မဟန) အဖွဲ့က ဆရာတော် ဦးဝီရသူကို မြန်မာနိုင်ငံ တစ်ဝန်းတွင်
တရားဟောပြောခွင့် တစ်နှစ်ပိတ်ပင်ကြောင်း မတ် ၁၀ ရက်တွင် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီးနောက်
ဆရာတော် ဦးဝိစိတ္တာရဘိ၀ံသ(ခ) အရှင်ဝီရသူသည် ကိုယ်တိုင် တိုက်ရိုက်တရားဟောပြောခြင်း
မရှိသော်လည်း ပါးစပ်ကို တိပ်ဖြင့် ပိတ်လျက် တရားတိတ်ခွေဖွင့်ကာ တရားဟောပြောမှုများ
ပြုလုပ်လျက်ရှိခြင်းကြောင့် ထိုကိစ္စသည် အရပ်ဘက်ဥပဒေအရ အဖြေရှာရမည့် ပြဿနာဖြစ်ကြောင်း
၎င်းက ဆိုသည်။
"အရပ်ဘက်ဒေသဆိုင်ရာ ဆောင်ရွက်ရာမှာ တရားဟောပိတ်ပင်တာကို ဆန့်ကျင်ပြီး တရားဟောတဲ့
အဓိပ္ပာယ် သက်ရောက်ခဲ့မယ်ဆိုရင် အရပ်ဘက်ဥပဒေအရ ငြိစွန်းတယ်ဆိုရင် အရေးယူ
ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။ ငြိစွန်းတာ၊ မငြိစွန်းတာကတော့ အရပ်ဘက်ဥပဒေအရ ချိန်ဆရမှာ
ဖြစ်ပါတယ်။ သံဃမဟာနာယကအဖွဲ့က မူဝါဒချမှတ်တဲ့ အပိုင်းပဲရှိတယ်။ ကိုယ်တိုင်တရားစွဲမှာ
မဟုတ်ဘူး။ အဲဒါကို သံဃမဟာနာယကအဖွဲ့ တရားစွဲမလား ထင်နေရင် မှားတာပေါ့" ဟု
ဦးထွန်းညွန့်က ပြောသည်။
ဆရာတော် ဦးဝီရသူသည် အသံတိတ် တရားဟောပြောမှုများကို တရားဟောကြားခွင့်
တားမြစ်ခံရပြီးနောက်တစ်ရက် မတ် ၁၁ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်
သီးကွင်းကျေးရွာ၌လည်းကောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်းကွေ့ရွာ
ဇေယျာသီရိကျောင်းတိုက်တွင် မတ် ၁၅ ရက်က ပြုလုပ်သည့် အလှူတရားပွဲတွင် လည်းကောင်း၊
မိတ္ထီလာမြို့ ရန်မျိုးအောင် ရပ်ကွက် မင်္ဂလာဇေယျုံ ၃ လမ်းတွင် မတ် ၁၇ ရက်၌ ပြုလုပ်သည့်
တရားပွဲတွင် လည်းကောင်း ပါးစပ်ကို တိပ်ပိတ်လျက် တရားခွေများဖွင့်ကာ တရားပွဲ ကျင်းပခဲ့ခြင်း
ဖြစ်သည်။
"ဥပဒေအရမှာ တရားဟောမှ တရားပွဲ မဟုတ်ဘူးလေ၊ တရားပွဲမှာ လူစုလူဝေးလုပ်ပြီး သူ့အခွေ
ဖွင့်ပြသွားတာလည်း တရားပွဲ လုပ်တာပဲ။ အမိန့်ထဲမှာ ပါးစပ်နဲ့ မပြောပေမဲ့ တိတ်ခွေနဲ့
ဟောခွင့်ရှိတယ်လို့ ပြောမထားဘူးလေ။ တရားပွဲဆို မလုပ်ရဘူးလို့ ပြောထားတယ်။ ဒါကတော့
သံဃမဟာ နာယကနဲ့ သာသနာရေးကို နားရွက်တံတွေး ဆွတ်တဲ့သဘောပါ" ဟု တရားလွှတ်တော်
ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။
နိုင်ငံတော်သံဃာ့အဖွဲ့အစည်းတစ်ရပ်က ချမှတ်ထားသော အမိန့်ကို လိုက်နာမှု ရှိ၊ မရှိဆိုသည်မှာ
တရားဥပဒေအရ တရားရုံးတင် စစ်ဆေးမှသာ သိရှိနိုင်မည်ဖြစ်သော်လည်း စစ်အစိုးရလက်ထက်
ဆိုပါက ဆူပူအုံကြွအောင် ဆောင်ရွက်မှုဖြင့် ထောင်ကျမည်ဖြစ်ကြောင်း၊ လက်ရှိ ဆရာတော်ဦးဝီရသူ၏
ဆောင်ရွက်မှုများသည် တားမြစ်ညွှန်ကြားချက်ကို တိုက်ရိုက်ချိုးဖောက်ခြင်း မဟုတ်သော်လည်း
ဥပဒေအရ သွယ်ဝိုက်ချိုးဖောက်သည့် သဘောသက်ရောက်ပြီး မလိုက်နာနိုင်ကြောင်း
ပြဆိုနေခြင်းကြောင်း ၎င်းက ဆိုသည်။
ဆရာတော် ဦးဝီရသူက မြစ်ကြီးနားတရားပွဲနှင့် ပတ်သက်ပြီး တရားပွဲပင့်ထားသည်မှာ
နှစ်ချီကြာမြင့်နေပြီ ဖြစ်ကြောင်း၊ တရားဟောခွင့် ပိတ်ပင်ကာလအတွင်း ရောက်ရှိနေသည့်အတွက်
ကိုယ်တိုင်တရားဟောခွင့် မရခဲ့ကြောင်း၊ တရားပွဲကာလအတွင်း အုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများက
လာရောက် လျှောက်ထားမှုများရှိသော်လည်း တစ်စုံတစ်ရာ နှောင့်ယှက်မှု မရှိကြောင်း ၎င်း၏
လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
"ဆက်လက်တရားဟောမည်ဆိုပါက ဥပဒေအရ ဆောင်ရွက်သွားရန် ဆိုပြီး 'ရန်' ဆိုတာကတော့
သူများကို ခိုင်းတာကို ပြောဆိုတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေသော်
လည်းကောင်း တိုင်းဒေသကြီး သာသနာရေးမှူးတွေသော် လည်းကောင်း သက်ဆိုင်ရာ သာသနာရေး
၀န်ကြီးသော်လည်းကောင်း ခိုင်းလိုက်တာ ဖြစ်ပါတယ်။ ခိုင်းထားပြီးပြီဆိုတော့ သက်ဆိုင်ရာ
နီးစပ်သူများကနေ အရေးယူဆောင်ရွက်ရမှာ ဖြစ်တယ်" ၎င်းက ဆိုသည်။
မန္တလေးတိုင်းဒေသကြီး သံဃမဟာနာယကအဖွဲ့သည် ဆရာတော်ဦးဝီရသူကို ခေါ်ယူတွေ့ဆုံကာ
နိုင်ငံအဝှမ်း တရားဟောခွင့်တစ်နှစ် ပိတ်ပင်ထားသည့် ညွှန်ကြားချက်ကို လိုက်နာရန်နှင့်
ဖောက်ဖျက်ပါက တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ခေါ်ယူသတိပေးခဲ့ပြီး အမိန့်စာကို
ဖတ်ကြားကာ လက်မှတ်ရေးထိုးစေခဲ့သည်။
















