မွန်ပြည်နယ်မြို့တော် မော်လမြိုင်နှင့် ချောင်းဆုံမြို့ကို ဆက်သွယ်တည်ဆောက်ထားသည့်
ပေ ၁,၇ဝဝ ကျော် အရှည်ရှိတံတားကြီးသည် ယခုနှစ်အတွင်း စတင်အသုံးပြုနိုင်တော့မည်ဖြစ်သည်။
ယခင်အစိုးရလက်ထက်တွင် စတင်တည်ဆောက်ခဲ့သည့် အဆိုပါတံတားမှာ လက်ရှိတွင်
ပြီးစီးလုပြီဖြစ်သော်လည်း တံတားအမည်နှင့် ပတ်သက်၍ အာဏာရပါတီနှင့် ဒေသခံများအကြား
အငြင်းပွားမှု ဖြစ်ပေါ်လျက်ရှိသည်။
အာဏာရပါတီက အဆိုပါတံတားအမည်ကို နိုင်ငံ့လွတ်လပ်ရေးဖခင်ကြီးကို ဂုဏ်ပြုသောအားဖြင့်
'ဗိုလ်ချုပ်အောင်ဆန်းတံတား' ဟု အမည်ပေးရန် ကြိုးပမ်းခဲ့ပြီး ဒေသခံများနှင့် မွန်လူမျိုးစု
ကိုယ်စားပြု နိုင်ငံရေး အသိုင်းအဝိုင်းကမူ 'ရာမည' သို့မဟုတ် 'သံလွင်ချောင်းဆုံတံတား'
အမည်ကို ပေးစေလိုသည်။
လွန်ခဲ့သည့် မတ် ၁၉ ရက်က မော်လမြိုင်မြို့တွင် ဒေသခံနှစ်သောင်းနီးပါး စုဝေးခဲ့ကြပြီး
ဗိုလ်ချုပ်အောင်ဆန်း တံတားအမည်ပေးမှုကို ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးမှုကို ဒေသခံများက မနှစ်မြို့ဟုဆိုရာတွင်ချောင်းဆုံနှင့်
ဘီလူးကျွန်းဒေသခံအားလုံးကတညီတညွတ်တည်း ကန့်ကွက်သည်ဟု ပြောဆိုရန် ခက်ခဲသည်။
မတ် ၁၉ ရက် ဆန္ဒဖော်ထုတ်ရာတွင် လူနှစ်သောင်းနီးပါး ပါဝင်ခဲ့သည်ကိုတော့ အာဏာရပါတီ
အတွက် လျစ်လျူမရှုသင့်သည့် အချက်တစ်ခုဖြစ်နေသည်။
ဆန္ဒဖော်ထုတ်မှုအတွင်း မြန်မာတိုင်း(မ်)က လိုက်လံမေးမြန်းရာတွင် ပွဲစီစဉ်သူများ၏ အဆိုအရ
ပါဝင်သူများသည် မော်လမြိုင်၊ ချောင်းဆုံ စသည့်မြို့များက လာကြသူများရှိသကဲ့သို့ ပေါင်၊
သထုံ၊ ကျိုက်မရော၊ ရေး၊ရန်ကုန်၊ ပဲခူးနှင့် ကရင်ပြည်နယ်ဘက်က လာကြသူများလည်း ရှိခဲ့သည်။
မတ်လဆန်းပိုင်းက ချောင်းဆုံတံတားအမည်ကိစ္စ ဆွေးနွေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပါတီ၏ အဆိုကို ပြည်သူ့လွှတ်တော်က မှတ်တမ်းတင်ခဲ့သည့်အတွက် ဒေသခံ ၃,ဝဝဝ နီးပါးက
ဆန္ဒဖော်ထုတ်ခဲ့ပြီးဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးရန် ပြည်ထောင်စုအစိုးရကို
တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်တွင် အတည်ပြုလိုက်သောအခါ လူဦးရေ နှစ်သောင်းနီးပါး
ပါဝင်သည့် ဆန္ဒဖော်ထုတ်မှုကြီး ဖြစ်လာခဲ့သည်။
ဆန္ဒဖော်ထုတ်မှုအတွင်း ဗိုလ်ချုပ်အောင်ဆန်းတံတားအမည် အလိုမရှိကြောင်း၊ဒေသခံတိုင်းရင်းသား
များ၏ ဆန္ဒကို အသိအမှတ်ပြုရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ စစ်မှန်သော ဖက်ဒရယ်
ပြည်ထောင်စုစနစ် ပေါ်ထွန်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေး စသည့် အချက်များကို ကြွေးကြော်
တောင်းဆိုခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဒေသခံများ၏ အသံကို မကြားသေးသည်ဟုထင်၍
လူအင်အား သောင်းနှင့်ချီ ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူ
တစ်ဦးဖြစ်သည့် မိဂျွမ်တဲနွမ်က ပြောသည်။ ''ဒီအသံကို သူတို့မကြားသေးတာလား။ သူတို့ကြား
သွားလို့ရှိရင် ဘယ်လိုပြန် အသိအမှတ်ပြုပေးမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့'' ဟု ၄င်းက
ပြောသည်။

မွန်တိုင်းရင်းသားများနှင့် တစ်သားတည်းရှိကြောင်း ပြသလို၍ ဆန္ဒဖော်ထုတ်ရန် လာရောက်
ခဲ့ခြင်းဖြစ်သည်ဟု ပအိုဝ်းရိုးရာဝတ်စုံဝတ်ထားသည့် လူငယ်တစ်စုကို ဦးဆောင်သူ
ကိုခွန်သိန်းထွန်းက ပြောသည်။ ၄င်းတို့ လူစုသည် ဆန္ဒဖော်ထုတ်ရန် သထုံမြို့နယ်မှ
လာရောက်ခဲ့သည်ဟု ဆိုသည်။
''တကယ်စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုသွားမယ်ဆိုရင် အစိုးရအနေနဲ့ ကိုယ်က ဘယ်လောက်ပဲ
အင်အားကြီးတဲ့သူဖြစ်ဖြစ် တိုင်းရင်းသားတွေရဲ့ အသံတွေကို နားထောင်ဖို့လိုတယ်'' ဟု ၄င်းက
ပြောသည်။
တံတားအမည်ကိစ္စတွင် ဒေသခံများ၏ ဆန္ဒကိုဆန့်ကျင်၍ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို တိုင်းရင်းသားပါတီများ၏ ကန့်ကွက်ဝေဖန်သံများ
ထွက်ပေါ်လာသည်။ ဒေသခံမွန်အမျိုးသားများက ကန့်ကွက်နေသည့်ကြားမှ ပြည်သူ့
လွှတ်တော်တွင် အများစုမဲနှင့် အနိုင်ယူခဲ့သည်မှာ ''အလွန်လွဲမှားသော ဆုံးဖြတ်ချက်'' ဖြစ်သည်ဟု
အာဏာရပါတီ၏ နိုင်ငံရေးမဟာမိတ်အဖွဲ့ဖြစ်သည့် စည်းလုံးညီညွတ်သော တိုင်းရင်းသား
လူမျိုးများ မဟာမိတ်အဖွဲ့ (့ဗြ) က မတ် ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်မည်ဆိုလျှင်
ကိုယ်စားလှယ်မဲ အများစုဖြစ်နေပါစေ ရှင်းရှင်းလင်းလင်း ရှောင်ရှားရမည်ဟု ယူဆကြောင်း
အဆိုပါ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ မွန်အရပ်ဘက်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့
အစည်းများကလည်း ဒေသခံမွန်တိုင်းရင်းသားများ၏ ဆန္ဒကို လျစ်လျူရှုကာ တံတားအမည်
ကိစ္စ ဆက်လက်ဆောင်ရွက်နေခြင်းကို ကန့်ကွက်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။
တံတားအမည်ကိစ္စနှင့်စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တစ်ဖက်၊
တိုင်းရင်းသားပါတီများနှင့် မွန်အမျိုးသားရေးလှုပ်ရှားသူများက တစ်ဖက်ဟု ရှုမြင်သူများလည်း
ရှိနေသည်။ တံတားအမည်ဂယက်မှာ ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအပေါ်
လွှမ်းမိုးမှုရှိလာမည်ဟု လေ့လာသူများက ဆိုသည်။
ချောင်းဆုံမြို့နယ်၏ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲရလဒ်များကို ပြန်နှိုင်းယှဉ်ကြည့်ပါက
ဆန္ဒမဲရရှိမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဌေးကြွယ်က
မဲအရေအတွက် ၂၃,ဝဝဝ ကျော် ရရှိပြီး ရွေးကောက်ခံခဲ့ရသည်။ ဒုတိယမဲအများဆုံးပါတီမှာ
ပြည်ခိုင်ဖြိုးပါတီဖြစ်ပြီး ရရှိဆန္ဒမဲမှာ ၁၆,ဝဝဝ ကျော် ဖြစ်သည်။ လက်ရှိအာဏာရပါတီနှင့်
ပြည်ခိုင်ဖြိုးပါတီတို့အကြား မဲအရေအတွက်အရ လူကြိုက်များမှုမှာ မတိမ်းမယိမ်း
အနေအထားတွင်ရှိနေသည်။
တံတားအမည်ကိစ္စ အငြင်းပွားမှုမှာ ကြားဖြတ်ရွေးကောက်ပွဲအပေါ် ရိုက်ခတ်မှု အနည်းငယ်
ရှိနိုင်သော်လည်း ရွေးကောက်ခံရရန် မိမိကိုယ်မိမိ ယုံကြည်မှုရှိသည်ဟု ချောင်းဆုံမြို့နယ်တွင်
ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်း ဦးအေးဝင်းက
ပြောသည်။ ''နာမည်ကိစ္စတွေထက်စာရင် ဒေသအတွက် ဘယ်လိုကောင်းအောင်လုပ်မယ်ဆိုတဲ့
စိတ်ဓာတ်သာရှိရင် ဒီပြဿနာ မရှိနိုင်ဘူး'' ဟု ၄င်းက ပြောသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း
ဦးဝင်းထွဋ်ကမူ အဆိုပါ တံတားကိစ္စနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက
သတိထားသင့်သည်ဟု ဆိုသည်။ ''၂ဝ၁၅ ရွေးကောက်ပွဲမှာ သူတို့ကို မဲပေးခဲ့ကြပေမဲ့
ဒီဖြစ်စဉ်တွေကြောင့် မွန်လူမျိုးတွေ စိတ်ပြောင်းသွားနိုင်တယ်''ဟု ၄င်းက ဆိုသည်။
ချောင်းဆုံမြို့နှင့် အနီးရှိ ရွာအချို့ကို မြန်မာတိုင်း(မ်)က သွားရောက်ခဲ့ပြီး ဒေသခံအချို့နှင့် တွေ့ဆုံ
မေးမြန်းခဲ့ရာတွင် ဒေသခံများက တံတားအမည်ကိစ္စကို အာရုံစိုက်ဟန် သိပ်မပြုဘဲ၊ တံတားကို
အမြန်တည်ဆောက်ပြီး အသုံးပြုလိုသောဆန္ဒရှိသည်ဟု ဆိုကြသည်။
''အရင်ကဆို သွားရေး၊ လာရေး အရမ်းခက်ခဲတယ်။ လှေ၊ သမ္ဗန်တို့ကိုပဲ အားထားရတယ်။
ကျန်းမာရေး၊ အရေးပေါ်ကိစ္စတွေဆို မလွယ်ဘူး။ တံတားကြီးပြီးသွားရင်တော့ အဲဒီဟာတွေ
တော်တော်အဆင်ပြေသွားမယ်'' ဟု ချောင်းဆုံမြို့နယ်၊ သက္ကောစံပြကျေးရွာနေ ဦးအေးကိုက
ပြောသည်။
''တံတားမရှိတော့ မိုးရာသီဆို ပိုဆိုးတာပေါ့။ အသက်အန္တရာယ်ကို မမှုဘဲ၊ ဟိုဘက်ကမ်းကို
ကူးနေရတယ်။ ကျွန်တော်တို့ကတော့ တံတားကြီးကို အမြန်ပြီးစေချင်တယ်'' ဟု ကိုအေးချစ်က
ပြောသည်။
















