မြန်မာနိုင်ငံမှာ အာဆီယံအတွက် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့နဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့
အခွင့်အလမ်းရှိနေပါတယ်လို့ အာဆီယံအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဆူရင်ပစ်ဆူဝမ်က
ယမန်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ Myanmar Times Public Forum မှာ ပြောကြား
ခဲ့ပါတယ်။ ''မြန်မာ့အောင်မြင်မှုဟာအာဆီယံရဲ့အောင်မြင်မှုဖြစ်ပါတယ်လို့'' သူက ထုတ်ဖော်
ပြောကြားခဲ့ပါတယ်။
အာဆီယံနှစ် ၅ဝ ပြည့်အခမ်းအနားတွင်မြန်မာနိုင်ငံနှင့်ပတ်သက်သော စိန်ခေါ်မှုများနှင့်
၂ဝဝ၈၂ဝ၁၂ ကာလအတွင်း အာဆီယံဥက္ကဋ္ဌလုပ်ငန်းများအကြောင်းကို မစ္စတာဆူရင်က
ဆွေးနွေးခဲ့ပြီး၊ ဒီမိုကရေစီ အစိုးရ မဖြစ်ခင်ကာလက မြန်မာနိုင်ငံနှင့်ဆက်ဆံခဲ့ရတဲ့ အတွေ့
အကြုံတွေကိုလည်း ပြန်လည်ဝေငှခဲ့ပါတယ်။
ဆိုင်ကလုန်းနာဂစ်ကာလအတွင်း နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံကို ဂရုစိုက်သည်ကို
ပြသခဲ့ကြောင်း၊ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ချမှတ်ထားလင့်ကစား ထိုအချိန်က
မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်နိုင်ရန်
အာဆီယံအဖွဲ့အစည်းကြီးကိုယ်စား ဆောင်ရွက်ခဲ့ရကြောင်း မစ္စတာဆူရင်က ပြောကြားခဲ့ပါတယ်။
နာဂစ်မုန်တိုင်းအပြီး အာဆီယံ၊ မြန်မာနဲ့ နိုင်ငံတကာအဖွဲ့က အရာရှိတွေပါဝင်တဲ့ သုံးပွင့်ဆိုင်
ကော်မတီဟာ လူသားချင်းစာနာတဲ့ အကူအညီတွေကို ဆိုင်ကလုံးဒုက္ခသည်တွေဆီ ရောက်အောင်
နှစ်နှစ်ခွဲကြာ ဆောင်ရွက်ခဲ့ရပါတယ်။ အကျိုးဆက်အနေနဲ့ ချွတ်ခြံုကျနေတဲ့ လူ့အဖွဲ့အစည်းနဲ့
စီးပွားရေးပြန်လည်ထူထောင်ရေးမှာ အစိုးရမဟုတ်တဲ့အဖွဲ့တွေရဲ့ အခန်းကဏ္ဍကို
တည်ဆောက်နိုင်ခဲ့ပါတယ်လို့ ဆိုပါတယ်။
''နာဂစ်မုန်တိုင်း သဘာဝဘေးဟာ အာဆီယံအဖွဲ့ဝင်တွေကို မြန်မာပြည်အတွက် တက်ညီလက်ညီ
စုပေါင်းကူညီခွင့် ရစေခဲ့ပါတယ်'' လို့ မစ္စတာဆူရင်က ဆိုပါတယ်။ ရခိုင်အရေးနဲ့ ပတ်သက်ပြီး
အာဆီယံလုပ်ဖော်ကိုင်ဖက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြတဲ့အပေါ်မှာလည်း
အာဆီယံဟာ ပိုမိုသက်ဝင်လှုပ်ရှားလာပြီး၊ အာဆီယံအဖွဲ့ဝင်တွေဟာ အခုဆိုရင် သိမ်မွေ့ခက်ခဲတဲ့
ပြည်တွင်းရေးကိစ္စတွေကို ဆွေးနွေးလာနိုင်ပြီလို့ဆိုပါတယ်။ ''အတိတ်တုန်းကဆိုရင်
ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တယ်လို့ ထင်ခဲ့တဲ့ အချိန်တွေ ရှိခဲ့ပါတယ်'' လို့ သူက
ထောက်ပြတယ်။
မြန်မာနိုင်ငံဟာ တံခါးဖွင့်စီးပွားရေးဝါဒနဲ့ စတင်ခဲ့ပြီး ကိုယ်ကျိုးစီးပွားကာကွယ်မှု
အနည်းငယ်သာ ရှိတယ်လို့ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ ဆူရင်က
ပြောပါတယ်။ ''မြန်မာနိုင်ငံအနေနဲ့ မိမိကုန်သွယ်ရေးစနစ်ရဲ့ တံခါးဖွင့်ဝါဒကို ဆက်လက်
ကျင့်သုံးပြီး အခြားအာဆီယံနိုင်ငံတွေကိုလည်း အလားတူ လိုက်လုပ်စေအောင်သြဇာ
လွှမ်းမိုးသင့်ပါတယ်'' လို့ ဆိုပါတယ်။
မဟာဗျူဟာကျတဲ့နေရာမှာ တည်ရှိတာကြောင့် မြန်မာနိုင်ငံရဲ့ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေ
အပေါ် ဆက်ဆံရေးဟာ အာဆီယံရဲ့အနာဂတ်အတွက် အလွန်အရေးကြီးတယ်လို့လည်း
မစ္စတာဆူရင်က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့အောင်မြင်တဲ့ သံတမန်ဆက်ဆံရေးက အာဆီယံရဲ့
သူတစ်ပါးယုံကြည်လက်ခံနိုင်စွမ်းနဲ့ အာဆီယံအချက်အချာကျမှုကို အားဖြည့်ပေးစေမှာဖြစ်တယ်လို့
မစ္စတာဆူရင်က ပြောကြားခဲ့ပါတယ်။ ဇာဇာစိုး၊ ဇော်ညွှန့်၊ကျော်စိုးထက်နှင့် ဆွေဇင်မိုး
ဘာသာပြန်သည်။
















