ကိုရီးယားအလုပ်အကိုင်အတွက် မြန်မာလုပ်သား ၄,၁ဝဝ ခန့်သာ ခေါ်ယူမည်

ကိုရီးယားအလုပ်အကိုင်အတွက် မြန်မာလုပ်သား ၄,၁ဝဝ ခန့်သာ ခေါ်ယူမည်

 

တောင်ကိုရီးယားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ခွင့်အတွက် အရည်အချင်းစစ်စာမေးပွဲ
ဖြေဆိုခွင့် လျှောက်လွှာ ထုတ်ပေးထားသူပေါင်း ၃ဝ,ဝဝဝ ကျော်သွားပြီဖြစ်သော်လည်း ယခုနှစ်
အတွက် မြန်မာအလုပ်သမား ၄,၁ဝဝ ခန့်ကိုသာ ခေါ်ယူသွားရန် သတ်မှတ်ထားကြောင်း
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းလွင်က ယမန်နေ့တွင်
ပြောသည်။

''နှစ်တိုင်းကတော့ အနည်းဆုံး ၅,ဝဝဝ ဝန်းကျင်လောက် ခေါ်ပါတယ်။ ဒီနှစ်အတွက်ကတော့
စာမေးပွဲအောင်မြင်မှုနှုန်းကို ၄,၁ဝဝ ပဲ သတ်မှတ်ထားပါတယ်''ဟု ၄င်းက ပြောသည်။

တောင်ကိုရီးယား အလုပ်အကိုင်အတွက် အရည်အချင်းစစ် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများကို
မတ် ၂ဝ ရက်က စတင်ထုတ်ပေးခဲ့ရာ လူထောင်ပေါင်းများစွာ လာရောက်လျှောက်လွှာဝယ်ယူခဲ့သည့်
အတွက် ခိုက်ရန်ဖြစ်ပွားမှုနှင့် လူအုပ်ကြား သတိလစ်မေ့မြောမှုများရှိခဲ့သဖြင့် လျှောက်လွှာ
ထုတ်ပေးမည့်ရက်ကို သုံးရက်မှ ငါးရက်အထိ တိုးမြှင့်သတ်မှတ်ခဲ့ရကြောင်း ဒေါ်သင်းသင်းလွင်က
ပြောသည်။

''ဒီနှစ်ဆိုလည်း တစ်သောင်းခွဲလောက်ပဲ မှန်းထားတယ်။ အရင်နှစ်တွေတုန်းကလည်း
တစ်သောင်းကျော်လောက်ပဲရှိတယ်။ ဒီနှစ်မှာ မထင်မှတ်ဘဲ လူတွေ အဲဒီလို များသွားတာ
လုံးဝထင်မထားဘူး''ဟု ၄င်းက ပြောသည်။

ကိုရီးယားနိုင်ငံသို့ သွားရောက်ရန် တတိယအကြိမ်မြောက် စာမေးပွဲဖြေဆိုခြင်းဖြစ်ပြီး
မထမအကြိမ်တွင် အရည်အချင်းစစ်စာမေးပွဲ ရှုံးနိမ့်ခဲ့ကြောင်းနှင့် ဒုတိယအကြိမ်မြောက်တွင်
စာတွေ့၊ လက်တွေ့အရည်အချင်းစစ်စာမေးပွဲများကို အောင်မြင်ထားပြီးဖြစ်သော်လည်း
အလုပ်ခေါ်စာမရရှိသဖြင့် အလိုအလျောက်ပျက်ပြယ်သွားခဲ့သဖြင့် ယခုတစ်ခေါက်
ထပ်မံဖြေဆိုရန် လျှောက်လွှာလာရောက်ဝယ်ယူခြင်းဖြစ်ကြောင်း ပခုက္ကူမြို့နယ်မှ
လာရောက်သည့် ကိုစိုင်းမင်းဇော်က ပြောသည်။

''သုံးရက်ရှိပြီ လျှောက်လွှာအတွက် လာတိုးတာ။ ဒီနေ့တောင် မနက် ၅ နာရီလောက်ကတည်းက
လာတန်းစီတာ။ လူအုပ်ထဲ အသက်ရှူကျပ်လို့ ပြန်ထွက်လာခဲ့ရတယ်။ ဒုတိယအခေါက်ပြန်တိုးမှပဲ
လျှောက်လွှာရခဲ့တယ်''ဟု ၄င်းက ပြောသည်။

ယခင်က မလေးရှားနှင့် ထိုင်းနိုင်ငံများတွင် စုစုပေါင်း ကိုးနှစ်ကြာ သွားရောက် အလုပ်လုပ်
ကိုင်ခဲ့ပြီး နယ်ဒေသများတွင် အလုပ်အကိုင် အခွင့်အလမ်းရှားပါးလာခြင်းကြောင့် ကိုရီးယားနိုင်ငံသို့
သွားရောက် လုပ်ကိုင်ရန် ကြိုးပမ်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း ကိုစိုင်းမင်းဇော်က ပြောသည်။

''အဓိကတော့ စကေးတပ် (လုပ်ငန်းခွင်ကျွမ်းကျင်မှုစာမေးပွဲ) ကျရင် ကျတာကိုပဲ ပြန်ဖြေခိုင်း
စေချင်တယ်။ ခုဟာက ကျွန်တော်တို့အတွက် အများကြီးဆုံးရှုံးနစ်နာရတယ်။ အခုဟာက
စကေးတပ်ကျရင်လည်း စာမေးပွဲတစ်ခုလုံးကို ပြန်ဖြေရတာ။ ဒါကို ကျောင်းသားအားလုံးကလည်း
မလိုလားဘူး''ဟု ကိုရီးယားနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ရန် သုံးကြိမ်မြောက်အဖြစ်
ကြိုးပမ်းနေသည့် ကိုအောင်မျိုးက ပြောသည်။

ကိုရီးယားအလုပ်အကိုင် အရည်အချင်းစစ်စာမေးပွဲအတွက် ဖြေဆိုခွင့်လျှောက်လွှာတစ်စောင်လျှင်
ငွေကျပ် ၃၃,ဝဝဝ သတ်မှတ်ထားပြီး၊ ငါးရက်အတွင်း လုံလောက်စွာ ရောင်းချပေးနိုင်ရန်
စီစဉ်ထားကြောင်း အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီဌာနက သတင်းထုတ်ပြန်ထားသည်။

တောင်ကိုရီးယားနိုင်ငံသို့ အလုပ်သမားစေလွှတ်ခြင်းကို နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ
စနစ်ဖြင့် အစိုးရကိုယ်တိုင် တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး ကိုရီးယားနိုင်ငံသို့ သွားရောက်
လုပ်ကိုင်သည့် အလုပ်သမားများသည် တစ်လဝင်ငွေ အနည်းဆုံး ကျပ် ၁ဝ သိန်းကျော်အထိ
ရရှိသည်ဟု ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး