ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ၂,၂၀၀ ခန့်
စာရင်းတင်သွင်းထားသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး တာဝန်ရှိသူက ပြောသည်။
ပြည်တွင်းရှိ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်း ကိုးခုမှ စောင့်ကြည့်လေ့လာသူ
၁,၉၀၀ ကျော် စာရင်းပေးသွင်းထားပြီး၊ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး
အဖွဲ့အစည်းတစ်ခု၊ ဥရောပ သမဂ္ဂ၊ နိုင်ငံတကာ သံရုံးများနှင့် နိုင်ငံတကာ ရွေးကောက်ပွဲဆိုင်ရာ
ကူညီထောက်ပံ့ရေးအဖွဲ့အစည်းမှ စောင့်ကြည့်လေ့လာသူပေါင်း ၃၀၀ ခန့် စာရင်းပေးသွင်းထားသည်။
"ကျွန်တော်တို့ကတော့ စာရင်းတင်သွင်းသူ မှန်သမျှကို အဆင်ပြေအောင် ဆောင်ရွက်ပေးပါတယ်။
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့ အသိအမှတ်ပြုကတ် တချို့တဝက်ကိုလည်း ထုတ်ပေးထားပြီး
ဖြစ်တယ်" ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဦးညွန့်တင်က ပြောသည်။
ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများကို မတ် ၁၇ ရက်မှ မတ် ၃၀ ရက်အထိ ရွေးကောက်ပွဲ ကော်မရှင်
ရုံးခွဲများတွင် ကြေညာထားပြီး တချိန်တည်းတွင်ပင် မဲဆန္ဒရှင် သက်သေခံ လက်မှတ်များကိုလည်း
အဆိုပါရုံးများတွင်ပင် ထုတ်ပေးလျက်ရှိသည်။
ကြိုတင်ဆန္ဒမဲများကို မတ် ၂၂ ရက်မှစ၍ ရွေးကောက်ပွဲ မကျင်းပမီနေ့ထိ သက်ဆိုင်ရာ ရွေးကောက်ပွဲ
ကော်မရှင်ရုံးခွဲများတွင် ပေးနိုင်မည်ဖြစ်ပြီး သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်သူများအတွက်
ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ နောက်ဆုံးနှစ်ရက်တွင် အိမ်တိုင်ရာရောက်
ဆန္ဒမဲကောက်ယူသွားမည်ဖြစ်သည်။















