ဖိအားပေးမှု ရှိလာနိုင်သည့် ရှမ်းပြည်နယ်၊ ကြားဖြတ်ရွေးကောက်ပွဲ

ဖိအားပေးမှု ရှိလာနိုင်သည့် ရှမ်းပြည်နယ်၊ ကြားဖြတ်ရွေးကောက်ပွဲ

ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ၂၂ မြို့နယ်တွင် ကျင်းပသွားမည်
ဖြစ်ပြီး၊ ရှမ်းပြည်နယ်သည် လစ်လပ်မဲဆန္ဒနယ် ခုနစ်နေရာ ရှိသည့်အတွက် အများဆုံးဖြစ်သည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် တိုက်ပွဲများကြောင့် ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင်
ရွေးကောက်ပွဲပြုလုပ်ရန် ဖျက်သိမ်းခဲ့ရပြီး ယခုကြားဖြတ်ရွေးကောက်ပွဲတွင် ယင်းမြို့နယ် နှစ်ခုလုံး၌
ပြုလုပ်သွားမည်ဖြစ်သည်။

ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/
ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)၏ ၀မ်ဟိုင်းဌာနချုပ်တည်ရှိရာ ကျေးသီးမြို့နယ်နှင့် ယင်းမြို့နယ်နှင့်
နီးစပ်သည့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးလုပ်ရန် ကိုယ်စားလှယ်လောင်းများ
အတွက် ကြီးမားသည့် အခက်အခဲတစ်ခုရှိနေသည်။

လက်နက်ကိုင်အဖွဲ့၏ နယ်မြေနှင့် ထိစပ်တည်ရှိနေခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ
သည် မဲဆွယ်စည်းရုံးရေး မပြုလုပ်မီတွင် ယင်းအဖွဲ့သို့ ကြိုတင်အကြောင်းကြားရခြင်းများရှိပြီး
ခွင့်ပြုမှသာ ကျေးရွာများသို့ ၀င်ရောက်စည်းရုံးခွင့်ရှိသည့် ကန့်သတ်ချက်ဖြင့် ကိုယ်စားလှယ်လောင်းများ
ကြံုတွေ့နေရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၂) ၏
ကိုယ်စားလှယ်လောင်း ဦးစိုင်းမိုးကျော်သူက ယခုကြားဖြတ် ရွေးကောက်ပွဲကို တရားမျှတစွာ
ယှဉ်ပြိုင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးခွင့်ကို လွတ်လပ်စွာ ပြုလုပ်နိုင်ခွင့်ရှိရန် လိုအပ်သည်ဟု
ယခုလ ၂၀ ရက်တွင် မြန်မာတိုင်း (မ်) ကို ပြောသည်။

"ကျွန်တော်တို့အနေနဲ့ မဲဆွယ်စည်းရုံးခွင့် သိပ်မလွတ်လပ်တာနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ
ကော်မရှင်ကို ပြောခဲ့တာမျိုးတွေတော့ ရှိပါတယ်။ သူတို့က ခွင့်မပြုတာတော့ မဟုတ်ဘူး။
အကန့်အသတ်လေး နည်းနည်းရှိတာပေါ့"ဟု ၎င်းကပြောသည်။

ကျေးသီးမြို့နယ်နှင့် မိုင်းရှူးမြို့နယ်အတွက် လစ်လပ်မဲဆန္ဒနယ်များတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်
နိုင်ငံရေးပါတီ ငါးခုရှိသည့်အနက် ကျားခေါင်းပါတီဟု လူသိများသည့် ရှမ်းတိုင်းရင်းသားများ
ဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ်လောင်းများကမူ မဲဆွယ်စည်းရုံးရေး ကဏ္ဍတွင် အခြားပါတီများ၏
ကိုယ်စားလှယ်လောင်းများထက် အခွင့်အရေး သာလွန်နေသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏
ကျေးသီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း
ဦးစိုင်းသန့်ဇင်လင်း က ပြောသည်။

ရှမ်းပြည်တိုးတက်ရေးပါတီနှင့် ကျားခေါင်းပါတီတို့အကြား ဆက်ဆံရေးသည် အခြားသော
နိုင်ငံရေးပါတီများထက် သာလွန်နေခြင်းကြောင့် မဲဆွယ်စည်းရုံးရေး ပြုလုပ်ရာတွင် အခြားနိုင်ငံရေး
ပါတီများကဲ့သို့ ခွင့်ပြုချက်များ တောင်းခံရသော်လည်း ကျားခေါင်းပါတီသည် အခြားပါတီများထက်
လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့် ရရှိနေသည်ဟု ၎င်းကပြောသည်။

"မဲဆွယ်စည်းရုံးခွင့်မှာ ကျွန်တော်တို့က သူတို့လောက် မလုပ်နိုင်ပါဘူး။ ကျွန်တော်တို့လို တခြားသော
ပါတီတွေအတွက် စိန်ခေါ်မှုတစ်ခုလည်း ဖြစ်ပါတယ်"ဟု ဦးစိုင်းသန့်ဇင်လင်းက ပြောသည်။

နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးခွင့်ကို ရှမ်းပြည်တိုးတက်ရေးပါတီက ကန့်သတ်နေသည်ဟူသော
စွပ်စွဲချက်များကို ပါတီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးစိုင်းဖုန်းဟန် က ငြင်းပယ်လိုက်ပြီး တရားဝင်
မှတ်ပုံတင်ထားသည့် မည်သည့်နိုင်ငံရေးပါတီမဆို လွတ်လပ်စွာ မဲဆွယ်စည်းရုံးနိုင်သည်ဟု
တုံ့ပြန်ပြောဆိုသည်။

"ကျွန်တော်တို့ အခု ကြားဖြတ်ရွေးကောက်ပွဲကို နှောင့်ယှက်တာမျိုး တစ်စုံတစ်ရာလုပ်မှာ မဟုတ်ပါဘူး။
လုပ်လည်း မလုပ်ပါဘူး"ဟု ၎င်းကပြောသည်။

ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ကျမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ
အတွက် အခြား အခက်အခဲတစ်ခုမှာ ကြားဖြတ်ရွေးကောက်ပွဲနေ့တွင် အရပ်သားလုံခြံုရေးကိုသာ
အသုံးပြုသွားမည့် ကိစ္စဖြစ်သည်။

အဆိုပါအခက်အခဲကြောင့် မိုင်းရှူးမြို့နယ်ရှိ SSPP ၏ ထိန်းချုပ်နယ်မြေဖြစ်သည့် ကျေးရွာအုပ်စု
သုံးခုတွင် ကြားဖြတ်ရွေးကောက်ပွဲ မပြုလုပ်ရန် လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင်ကို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များက မတ်၂၀ ရက်တွင် ကန့်ကွက်လွှာ
တင်ပြခဲ့ရာ ယနေ့တွင် အဆိုပါကိစ္စကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ခရိုင်ကော်မရှင် ဥက္ကဋ္ဌ
ဦးသန်းတင်က ပြောသည်။

နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲ ကော်မရှင်နှင့် လက်နက်ကိုင်အဖွဲ့များအကြား သဘောတူ
ဆုံးဖြတ်ထားချက်အရ ရွေးကောက်ပွဲနေ့တွင် မဲပေးနေစဉ်ကာလအတွင်း တစ်စုံတစ်ရာ
နှောင့်ယှက်ဖိအားပေးမှုများ ရှိပါက အဆိုပါမဲရုံတွင်ရှိသော မဲရလဒ်များကို ရေတွက်ခြင်းပြုလုပ်မည်
မဟုတ်ပေ။

"တိုင်တာတွေ၊ ကန့်ကွက်တာတွေက အင်န်အယ်လ်ဒီဘက်ကချည်းပဲ လုပ်နေတယ်။
တခြားဘယ်ပါတီက မလုပ်ပါဘူး။ အခုလည်း လုံခြံုရေးအခြေအနေကြောင့် မလုပ်ဖို့
တင်ပြလာတာပေါ့။ ကျွန်တော့် အမြင်ပြောရရင်တော့ အဲဒီဘက်က ရွေးကောက်ပွဲ မလုပ်နိုင်စရာ
အနေအထားမရှိပါဘူး"ဟု ဦးသန်းတင် က ဆိုသည်။

ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
တစ်ဦးဖြစ်သူ ဒေါ်နန်းတင်ဦးကလည်း ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှတမှုရှိစွာဖြင့် ယှဉ်ပြိုင်လိုပြီး
ဖိအားပေး ဆန္ဒမဲပေးမှုများ ရှိလာမည်ကို အထူးစိုးရိမ်နေသည်ဟု ပြောသည်။

"ရွေးကောက်ပွဲနေ့ မရောက်သေးတော့ ဖိအားပေးမှုရှိ၊ မရှိကို ပြောလို့မရသေးဘူး။ ဒါပေမဲ့ မရှိဖို့
လိုအပ်တယ်။ အဲဒါမှ တရားမျှတမယ်" ဟု ၎င်းကဆိုသည်။

အာဏာရပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ ကန့်ကွက်လွှာကို ရွေးကောက်ပွဲ
ကော်မရှင်က အတည်ပြုခဲ့မည်ဆိုပါက မဲဆန္ဒရှင် ၄,၄၂၅ ဦးသည် မဲပေးခွင့် ထပ်မံဆုံးရှုံးမည်ဖြစ်ပြီး
ယင်းကန့်ကွက်လွှာကို ကျားခေါင်းပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းများဘက်က
ထပ်မံ ကန့်ကွက်ထားသည်။

"အင်န်အယ်လ်ဒီရဲ့ ကန့်ကွက်လွှာအပေါ် ကျွန်မတို့သဘောမတူဘူး။ မဲပေးခွင့် ဆုံးရှုံးရင်
နိုင်ငံသားတစ်ဦးရဲ့ အခွင့်အရေးတွေလည်း ဆုံးရှုံးသွားလိမ့်မယ်။ ကျွန်မတို့ အနေနဲ့ SSPP နဲ့လည်း
ဆက်ဆံရေးက အထူးတလည် မရှိပါဘူး။ ရှမ်းအချင်းချင်းဖြစ်နေတာလေး တစ်ခုပဲရှိတာပါ"ဟု
မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း
ဒေါ်နန်းကောင်ခမ်းက ပြောသည်။

"ကျွန်တော်တို့အနေနဲ့ ကတိပေးပါတယ်။ ဘယ်ပါတီထည့်ပါ၊ ဒီပါတီထည့်ပါဆိုပြီး ပြောတာမျိုး
မလုပ်ပါဘူး။ ၀င်စွက်ဖက်ရင်လည်း အရေးယူမှာပါ"ဟု SSPP ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့်
ဗိုလ်မှူးစိုင်းဆုက ပြောသည်။

လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရ ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တို့တွင်
နိုင်ငံရေးပါတီ ငါးခုထက်မနည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကျေးသီးမြို့နယ်တွင် မဲရုံ ၅၇ ရုံ၊
မိုင်းရှူး မြို့နယ်တွင် မဲရုံ ၄၄ ရုံနှင့် ကြားဖြတ်ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်တွင် မဲပေးနိုင်သူဦးရေ
နှစ်သိန်းကျော် ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး