ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းမျှသာ ကျန်ရှိတော့သည်။
ယခင် တပ်မတော် ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်မှုအောက်တွင် ကျင်းပခဲ့သည့် ၂၀၁၂ ကြားဖြတ်နှင့်
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲများ၏ လွတ်လပ်မှု၊ မျှတမှုနှင့် စပ်လျဉ်း၍
မေးခွန်းများ၊ ဝေဖန်မှုများ ပြည့်နှက်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီပါတီ) ဦးဆောင်သည့် ရွေးကောက်ခံ အရပ်သားအစိုးရ
လက်ထက်တွင် ပထမဆုံးကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလတွင် လူထု စိတ်ဝင်စားမှု
နည်းပါးနေဆဲဖြစ်သည်။
လာမည့် ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အာဏာရပါတီ အပါအဝင်
နိုင်ငံရေးပါတီပေါင်း ၂၄ ပါတီမှ ကိုယ်စားလှယ်လောင်း ၈၈ ဦးနှင့် တစ်သီး ပုဂ္ဂလ ခုနစ်ဦး၊
စုစုပေါင်း ၉၅ ဦးသည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး
လွှတ်တော်များအတွက် လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးခွင့်ကို ဇန်နဝါရီ ၃၀ ရက်တွင်
စတင်ခွင့်ပြုထားပြီးဖြစ်သော်လည်း ယခင်ရွေးကောက်ပွဲအကြို ကာလများကဲ့သို့
စည်ကားသိုက်မြိုက်သော မဲဆွယ်စည်းရုံးမှုမျိုးကို နေရာအချို့တွင်သာ တွေ့မြင်ရသည်။
လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအနက် ကိုယ်စားလှယ်လောင်း အများဆုံးယှဉ်ပြိုင်ကြမည့် မဲဆန္ဒနယ်မှာ
ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်ဖြစ်သည့်
ရန်ကုန်တိုင်းဒေသကြီး ကော့မှူး မြို့နယ်ဖြစ်သည်။
ကော့မှူးမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော်အမတ် နေရာအတွက် တစ်သီးပုဂ္ဂလနှစ်ဦး အပါအဝင်
ပါတီကိုယ်စားပြု အမတ်လောင်း ခုနစ်ဦး ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
အင်န်အယ်လ်ဒီကမူ ကော့မှူးမဲဆန္ဒနယ်အတွက် တစ်ရေးနိုး ထပြိုင်လျှင်တောင် အနိုင်ရမည့်
မဲဆန္ဒနယ်ဖြစ်ကြောင်း ကြွေးကြော်ထားသည်။
နောက်ထပ် စိတ်ဝင်စားစရာကောင်းသည့် မဲဆန္ဒနယ်နှစ်ခုမှာ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးနှင့်
ကျေးသီးမြို့နယ်များအတွက် လစ်လပ်နေသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ဖြစ်သည်။
လုံခြံုရေး အခြေအနေကြောင့် ရွေးကောက်ပွဲ ကျင်းပရန် ချန်လှပ်ထားခဲ့သည့် နေရာများဖြစ်ပြီး
ကြားဖြတ်ရွေးကောက်ပွဲတွင် ပထမဆုံးပါ၀င်ခွင့်ရသည့် မဲဆန္ဒနယ်များ ဖြစ်သည်။
အင်န်အယ်လ်ဒီ၊ ပြည်ခိုင်ဖြိုး၊ '၀' လစ်ဘရယ် ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေးပါတီနှင့်
ရှမ်းတိုင်းရင်းသား ပါတီနှစ်ခု ၀င်ပြိုင်ကြမည် ဖြစ်သည်။
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်သည်လည်း စိတ်ဝင်တစားစောင့်ကြည့်ရမည့် မဲဆန္ဒနယ်တစ်ခု
ဖြစ်သည်။
အထူးသဖြင့် တည်ဆောက်ဆဲ တံတားအပေါ် အမည်နာမ သတ်မှတ်ချင်း ပြဿနာက
ကြားဖြတ်ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်ပြီး ချောင်းဆုံမြို့နယ်ကို ပိုမိုသတိထားစရာ
ဖြစ်လာခဲ့သည်။
တံတားကိစ္စကြောင့် အင်န်အယ်လ်ဒီပါတီ အားလျော့နိုင်သည်ဟု ပြောဆိုမှုများရှိသော်လည်း
မွန်ပါတီ နှစ်ခုကို မဲထည့်မည်ဆိုပါက မဲကွဲကာ နောက်ဆုံး အင်န်အယ်လ်ဒီပါတီကပင်
အနိုင်ရသွားနိုင်သည့် အခြေအနေလည်းရှိသည်။
၂၀၁၂ ကြားဖြတ်နှင့် ၂၀၁၅ ရွေးကောက်ပွဲ တွင် အခြားပါတီများကို အပြတ်အသတ် အနိုင်ရခဲ့သည့်
ထောက်ခံမှု အခိုင်အမာရရှိထားသည့် အင်န်အယ်လ်ဒီပါတီသည် လာမည့်
ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း၊ ကယားရှိ မဲဆန္ဒနယ်များတွင် အောင်ပွဲခံရန်
ရာနှုန်းများသော်လည်း ရှမ်း၊ ရခိုင်နှင့် မွန်ပြည်နယ်တို့တွင် တိုင်းရင်းသားများ၏ ထောက်ခံမှု ရရှိရန်
မသေချာပေ။
'ပြောင်းလဲချိန် တန်ပြီ' ဟူသော ကြွေးကြော်သံဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြိုင်ဘက်ပါတီများကို
အနိုင်ပိုင်းနိုင်ခဲ့သည့် အင်န်အယ်လ်ဒီသည် လာမည့်ရွေးကောက်ပွဲတွင်လည်း 'ပြောင်းလဲမှုတွေ
ဆက်လုပ်ဖို့ အင်န်အယ်လ်ဒီကို မဲပေးစို့' ဟူသော ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ဆောင်ပုဒ်ဖြင့်
တိုက်တွန်း နှိုးဆော်ထားသည်။
အပြောင်းအလဲဖြစ်ပေါ်ရန် အင်န်အယ်လ်ဒီ အစိုးရက တစ်နှစ်အတွင်း ကြိုးပမ်းမှုအပေါ် လူထု၏
အကဲဖြတ်မှုကို ရွေးကောက်ပွဲရလဒ်ကတစ်ဆင့် မြင်တွေ့ရမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် မဲမဆွယ်ပေးနိုင်သည့်အတွက် ရွေးကောက်ပွဲတွင် အနိုင်ရရန်
ကိုယ်စားလှယ်လောင်းများက ပိုမိုအားထုတ် ရန် လိုအပ်သည်ဟု ပါတီခေါင်းဆောင်များက
ပြောဆိုကြသော်လည်း ယှဉ်ပြိုင်မည့် အမတ်လောင်းများ၏ ကိုယ်ရေးအချက်အလက်နှင့်
ဆက်သွယ်ရမည့် ဖုန်းနံပါတ်ကိုပင် အများသိဝေငှရန် ပါတီက တုံ့ဆိုင်းနေသည်။
လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအနက် ၁၈ နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကမူ အင်န်အယ်လ်ဒီကို နှစ်ကြိမ်တိုင်တိုင် အပြတ်အသတ်
ရှုံးနိမ့်ခဲ့သည့်တိုင် ပါတီခေါင်းဆောင်များကိုယ်တိုင် မဲဆွယ်စည်းရုံး လျက်ရှိသည်။
တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးမှုများ၊ မဲဆန္ဒရှင် အသိပညာပေးမှုများ၊ မဲဆန္ဒရှင်များနှင့်
ကိုယ်စားလှယ်လောင်း တွေ့ဆုံပွဲများကို ပါတီက ဦးဆောင်ကာ နေရာအနှံ့ ဆောင်ရွက်လျက်ရှိသည်။

ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးသုဝေက ယခု လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီကြီးများသည်
ငွေအင်အားတောင့်တင်းခြင်းကြောင့် ကျယ်ကျယ်ပြန့်ပြန့် မဲဆွယ်စည်းရုံး နိုင်သော်လည်း
ပါတီငယ်များသည် တစ်အိမ် တက်ဆင်း စည်းရုံးမှုများသာ ပြုလုပ်နိုင်သည်ဟု ဆိုသည်။
"ပါတီကြီးတွေကတော့ ကားတွေငှားပြီး ရပ်ကွက်ထဲ သီချင်းဖွင့်ပြီး လှည့်တာမျိုး လုပ်နိုင်ပေမဲ့
ကျွန်တော်တို့ကျတော့ တစ်အိမ်တက်ဆင်းနည်းပဲ လုပ်ဖြစ်တယ်။ လူထုနဲ့ ထိတွေ့မှု အားပိုကောင်းလို့
ထိရောက်မှုပိုရှိပေမဲ့ အချိန်အတိုင်းအတာအားဖြင့်တော့ နှေးတာပေါ့" ဟု ဦးသုဝေက ပြောသည်။
ကော်မရှင်သည် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးခွင့်ကို ဇန်နဝါရီ ၃၀ ရက်မှ
မတ် ၃၀ ရက်အထိ သတ်မှတ်ထားရာ မဲဆွယ်စည်းရုံးခွင့်ကာလ မကြာမီ ကုန်ဆုံးတော့မည်ဖြစ်သည်။
ယုံကြည်ရသော ရွေးကောက်ပွဲများပေါ်ပေါက်ရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (PACE) ၏
ကနဦးအစီရင်ခံစာအရ ကိုယ်စားလှယ်လောင်းများအနက် အများစုမှာ စာရွက်စာတမ်းများ ဝေငှခြင်းကို
အဓိက အသုံးပြု ခဲ့ပြီး တစ်အိမ်တက်ဆင်း စည်းရုံးခြင်းကို ဒုတိယအများဆုံး အသုံးပြုခဲ့ကြသည်။
တိတ်ဆိတ်သည့် မဲဆွယ်မှုများကြောင့် မဲပေးရမည့်ရက် နီးကပ်လာသည့်တိုင် လူအများက
ရွေးကောက်ပွဲကို စိတ်ဝင်စားခြင်း မရှိပေ။
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့များ၏ ကနဦး လေ့လာမှုများအရ ရွေးကောက်ပွဲအပေါ်
လူထုစိတ်ဝင်စားမှု နည်းပါးသည်သာမက ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ် ၂၂ မြို့နယ်တွင်
နေထိုင်ကြသူ အများစုမှာလည်း မဲစာရင်းပင် လာမကြည့်ဟု ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်၌ ဖေဖော်ဝါရီ ၁၀ ရက်တွင် ပထမအကြိမ် မဲစာရင်းကြေညာခဲ့ရာ
မဲဆန္ဒရှင် ၂၀,၀၀၀ ကျော်အနက် ၁၀ ရာခိုင်နှုန်းခန့်သာ မဲစာရင်း ကို လာရောက်စစ်ဆေးကြပြီး
မဲစာရင်းပါ အချက်အလက်အချို့ကို ပြင်ဆင်ပေးရန် လျှောက်ထားသူ ၄၀ သာရှိကြောင်း
မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဒေါ်အိအိခင်က ပြောသည်။
"မဲစာရင်း လာကြည့်သူနည်းတဲ့ အကြောင်းက သုံးခုရှိတယ်။ ကော်မရှင်က မဲစာရင်း ကြေညာမှုနဲ့
ပတ်သက်တဲ့ သတင်းအချက်အလက် ဖြန့်ဝေမှုနဲ့ မဲဆန္ဒရှင် အသိပညာပေးမှု အားနည်းတာရယ်။
နောက်တစ်ချက်က တစ်အိမ်တက်ဆင်း မဲစာရင်းကောက်ခံခဲ့တာကြောင့် ဖြစ်တယ်" ဟု
PACE အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့် က ပြောသည်။
ရွေးကောက်ပွဲကို လူထုစိတ်ဝင်စားမှု နည်းပါးသည်က မြို့ကြီးများတွင်သာမက နယ်မြို့များတွင်လည်း
အလားတူပင် ဖြစ်သည်။
ယှဉ်ပြိုင်မည့် ပါတီများဝင်များက ရွေးကောက်ပွဲနေ့တွင် မဲပေးရန် စည်းရုံးပညာပေးမှုများကို
ပြုလုပ်နေရသည်။
မြို့နှင့် အလှမ်းဝေးသည့် မိုင်းရှူး၊ ကျေးသီးဒေသခံများက မဲပေးရန် တက်ကြွမှု မရှိသလို မြို့ကြီးဖြစ်သည့်
ကျိုင်းတုံမြို့နယ်တွင်လည်း ရွေးကောက်ပွဲအပေါ် အာရုံစိုက်မှု မရှိဟု ရှမ်းတိုင်းရင်းသားများ
ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် ရှမ်းပြည်နယ်ရှိ လစ်လပ်မဲဆန္ဒနယ်
ခြောက်နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်ခုတည်းသော နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့
Asian Network for Free Election (ANFREL) ၏ အမှုဆောင်အရာရှိ မစ္စတာ အစ်ရှယ်
ဆူပရီယာဒီကမူ ဒီမိုကရေစီအစိုးရ လက်ထက်တွင် ပထမဆုံးကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ၏
အရေးကြီးဆုံးအစိတ်အပိုင်းမှာ ၂၀၁၅ ရွေးကောက်ပွဲကို အဆုံးသတ်ပေးခြင်း ဖြစ်သည်ဟု ဆိုသည်။
"ကြားဖြတ်ရွေးကောက်ပွဲဟာ တကယ်ကိုပဲ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကနေရမယ့်
သင်ခန်းစာတွေကနေ နောက်ရွေးကောက်ပွဲမှာ ဘယ်လိုပိုကောင်းအောင် လုပ်မလဲဆိုတာ
ကျွန်တော်တို့ အကြံဉာဏ်ပေးနိုင်ပါတယ်။ ၂၀၁၅ က အစတစ်ခုဖြစ်ခဲ့ပြီး ၂၀၁၇ ကတော့
၂၀၂၀ အတွက် ပိုပြီး စနစ်တကျဖြစ်စေဖို့ ကြိုတင်ပြင်ဆင်မှုတစ်ခုပါပဲ" ဟု မစ္စတာ အစ်ရှယ်က
ပြောသည်။
လူထုစိတ်ဝင်စားမှု မြင့်တက်ခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ
ခြောက်သန်းကျော်တွင် မဲမပေးသူ ရ၀ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်
မဲဆန္ဒရှင် ၂၃ သန်းအနက် ၆၉ ရာခိုင်နှုန်းက မဲပေးရန် ပျက်ကွက်ခဲ့သည်။
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင်မူ မဲပေးပိုင်ခွင့်ရှိသူ နှစ်သန်းကျော် ရှိသည်။
ကြားဖြတ်ရွေးကောက်ပွဲသည် လစ်လပ် မဲဆန္ဒနယ် အရေအတွက် နည်းပါးခြင်းနှင့် လူထုစိတ်ဝင်စားမှု
နည်းပါးသည်ဆိုသော်လည်း နောက်ကွယ်တွင် စိတ်ဝင်စားစရာကောင်းသည့် ရွေးကောက်ပွဲ
အခင်းအကျင်း တစ်ခုရှိနေသည့်အတွက် မဲရလဒ်များကို လူတိုင်း စောင့်ကြည့်ကြမည်က
မလွဲမသွေပင်ဖြစ်သည်။
















