ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားသည့် အဖွဲ့ဝင် ၁၁ ဦးပါ ရသေ့တောင်၊ မောင်တောဒေသ
ဖြစ်စဉ် လေ့လာစုံစမ်းရေးကော်မတီသည် မတ် ၂၁ ရက်တွင် ကျင်းပခဲ့သည့် ပြည်နယ်လွှတ်တော်
အစည်းအဝေးတွင် ကော်မတီ၏ အပြီးသတ် အစီရင်ခံစာကို တင်သွင်းခဲ့သည်။
အကြမ်းဖက်လိုသူများ၏ အကြမ်းဖက်စိတ်ကို လေ့လာရန်၊ နိုင်ငံသားစိစစ်မှုနှင့် စိစစ်မခံမှုကို
လေ့လာနိုင်ရန် အချက်များ အပါအဝင် အချက်ရှစ်ချက်ကို လေ့လာစုံစမ်းရေးအတွက်
အဆိုပါကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ကော်မတီ၏ အစီရင်ခံစာအရ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များကို ကုလသမဂ္ဂ
အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များ ပါ၀င်ပတ်သက်လာခြင်းသည် အစိုးရအဆက်ဆက်က
တာဝန်ခံမှု မရှိသော ဖြေရှင်းနည်းများဖြင့် ဖြေရှင်းခဲ့ခြင်း၊ လုံခြံုရေးအတွက် လက်တွေ့ မပါသည့်
အပေါ်ယံ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်ခဲ့ခြင်း၊ မဟာဗျူဟာအဆင့်နှင့် နည်းဗျူဟာ အဆင့်ဆင့်တွင်
ဒေသခံ ရခိုင်တိုင်းရင်းသားများ ပါ၀င်ခွင့် မရခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
"ဘင်္ဂါလီပြဿနာကို မဟာဗျူဟာမြောက်ဖြေရှင်းရေးတွင် လိုအပ်သည့် နည်းပရိယာယ်ပိုင်း၊ နည်းစနစ်ပိုင်း
တိကျမှန်ကန်ရေးဖြစ်သဖြင့် ဘင်္ဂါလီများ၏ အလေ့အကျင့်နှင့် တွေးတောစဉ်းစားပုံကို အနီးကပ်
ရင်းနှီးကျွမ်းဝင်သော ရခိုင်နှင့် ရခိုင်နွယ်ဖွား တိုင်းရင်းသားများ ပါ၀င်ခွင့်ရရှိရေးဖြစ်ကြောင်း
လေ့လာတွေ့ရှိရပါသည်" ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ
အကြံပေးကော်မရှင်က ထုတ်ပြန်ခဲ့သည့် ကြားဖြတ်အစီရင်ခံစာ ထွက်ပေါ်ပြီး ငါးရက်အကြာတွင်
ရခိုင်ပြည်နယ်အဆင့် ကော်မတီ၏ အစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။
ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က မတ် ၁၆ ရက်တွင်
အကြံပြုချက်ပေါင်း ၃၀ ချက်ပါ ကြားဖြတ်အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ်အရေး ဖြေရှင်းရာတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးနိုင်မှု၊
သတင်းရယူခွင့်၊ တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဆိုင်ရာ ကိစ္စရပ်များ၊
ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် ဆက်ဆံရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု၊ လုံခြံုရေးတပ်ဖွဲ့ဝင်များကို
သင်တန်းပေးခြင်း၊ နို်င်ငံသားဖြစ်မှုနှင့် လွပ်လပ်စွာသွားလာခွင့်၊ ဒုက္ခသည်စခန်းများပိတ်သိမ်းရေး၊
ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များ၊ လူ့အဖွဲ့အစည်းများကြား တွေ့ဆုံ ဆွေးနွေးမှု၊ နိုင်ငံရေးကဏ္ဍနှင့်
အရပ်ဘက်လူမှု အဖွဲ့အစည်းများတွင် ကိုယ်စားလှယ်များထားရှိနိုင်မှုနှင့် ကိုယ်တိုင်ပါ၀င်နိုင်မှု၊
ဒေသတွင်းရှိ နိုင်ငံများနှင့်ဆက်ဆံရေး စသည့်အချက်များကို ကော်မရှင်က အကြံပြုထားသည်။
"ခုက ကြားဖြတ်အစီရင်ခံစာဆိုတော့ အပြီးသတ် အစီရင်ခံစာမှာ ဘယ်လိုလာဦးမယ်ဆိုတာ
စောင့်ကြည့်ရဦးမယ်။ လက်မခံနိုင်လောက်တဲ့ ကိစ္စတွေ ပါလာမယ်ဆိုရင်တော့ တရားဝင် ကန့်ကွက်ဖို့
လုပ်သွားမယ်" ဟု ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။
ကိုဖီအာနန် ဦးဆောင်သည့် အကြံပေးကော်မရှင်၏ အကြံပြုချက်များကို ကြိုဆိုကြောင်း
အကြံပြုချက်များကို အချိန်မဆိုင်းဘဲ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်
သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက မတ် ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အကြံပေးကော်မရှင်၏ အကြံပြုတင်ပြချက်များကို အပြည့်အဝထောက်ခံကြောင်းနှင့်
အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မြန်မာအစိုးရကို ကူညီထောက်ပံ့သွားရန်
အသင့်ရှိနေကြောင်း ဥရောပသမဂ္ဂဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက မတ် ၁၉ ရက်တွင်
သတင်းထုတ်ပြန်ခဲ့သည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်သည်လည်း
အစီရင်ခံစာ ထုတ်ပြန်နိုင်ရန် ကော်မရှင်အစည်းအဝေးများကို ဆောင်ရွက်နေပြီး
မကြာမီထုတ်ပြန်သွားရန် ရှိသည်ဟု ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင်း ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေနှင့် ညီညွတ်မှု မရှိဘဲ နိုင်ငံသားစိစစ်ရေး
ကတ်ပြားများ ထုတ်ပေးမှုအပေါ် ဒေသခံ ၁,၀၀၀ ကျော်က စစ်တွေမြို့တွင် သပိတ်စခန်း ဖွင့်လှစ်လျက်
ငါးရက်ကြာ ဆန္ဒထုတ်ဖော်လျက်ရှိသည်။















