ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ်ပါ၀င်ပတ်သက်မှု ကြီးထွားလာ

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ်ပါ၀င်ပတ်သက်မှု ကြီးထွားလာ

နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့ ယခုသီတင်းပတ်တွင် နေပြည်တော်၌
တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု တာဝန်ရှိသူများက သတင်းထုတ်ပြန်ထားသည်။

မဟာဗျူဟာမိတ်ဖက်နိုင်ငံများဖြစ်၍ နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် ရပ်တည်လုပ်ဆောင်ကြရမည်
ဖြစ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကို
ဆွေးနွေးခဲ့ကြသည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

တရုတ် - မြန်မာနယ်စပ်တွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် တပ်မတော်အကြား မတ် ၂၁ ရက်အထိ
တိုက်ပွဲများ ဆက်လက်ဖြစ်ပွားသည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်ထားပြီး၊
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏ ပါ၀င်ပတ်သက်မှုက အတိုင်းအတာတစ်ခုအထိ
ကြီးထွားလာသည်ဟု ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့လာသူများက ပြောကြားသည်။

အစိုးရသစ်တက်လာပြီးနောက်ပိုင်းတွင် တရုတ် - မြန်မာနယ်စပ်ဒေသများတွင် ဖြစ်ပွားနေသည့်
တိုက်ပွဲများကို ဖြေရှင်းရန် တရုတ်နိုင်ငံက ပိုမိုအားထုတ်လာသည်ကို တွေ့ရသည်။

အထူးသဖြင့် ၎င်းနှင့် ထိစပ်လျက်ရှိသည့် မုန်းကိုး၊ မူဆယ်၊ လောက်ကိုင် ဒေသများတွင် ဖြစ်ပွားသည့်
တိုက်ပွဲများ ရပ်စဲရန် တရုတ်က အပစ်မရပ်ရသေးသည့် အဖွဲ့များနှင့်သာမက အစိုးရ၊
တပ်မတော်တို့နှင့်ပါ တွေ့ဆုံဆွေးနွေးလျက်ရှိသည်။

ယခင်အစိုးရလက်ထက်တွင် အပစ်အခတ် ရပ်စဲရေးဆွေးနွေးမှုများတွင် လေ့လာသူအဆင့်သာ
ရှိခဲ့သော်လည်း လက်ရှိအစိုးရလက်ထက်တွင် ကြားဝင်စေ့စပ်ညှိနှိုင်းသူအဆင့်ထိ
ခြေလှမ်းစိပ်လာသည့်အတွက် အပစ်အခတ် မရပ်စဲရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့များနှင့် ဆွေးနွေးရာတွင် လက်ရှိအစိုးရ ညှိနှိုင်းရေးခေါင်းဆောင်များ၏ ဦးဆောင်နိုင်မှုမှာ
မေးခွန်းထုတ်စရာ ဖြစ်လာသည်။

ယခင်အစိုးရလက်ထက်တွင် တရုတ်အစိုးရ ကိုယ်စားလှယ်များကို 'လေ့လာသူ' အဆင့် အဖြစ်သာ
လက်ခံခဲ့ရာ ယခင်အစိုးရလက်ထက်တွင် အစိုးရညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဖြစ်ခဲ့သည့်
ဦးအောင်မင်းက တရုတ်ပါ၀င် ပတ်သက်မှုကို သတိပေးပြောဆိုထားသည်။

"လေ့လာသူအဆင့်ထက်မြင့်ရင် ဆွေးနွေး ပွဲညှိနှိုင်းပေး သူတို့ ဘာတို့ ဖြစ်လာတယ်။ လေ့လာသူ
ဆိုတာ အစည်းအဝေးမှာ လာထိုင်လို့ရတယ်။ ဆွေးနွေးပိုင်ခွင့် မရှိဘူး၊ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။
ဒီတစ်ချက်ကို သတိထားပြီး၊ ဒါကို ဆုပ်ကိုင်ပြီး လုပ်ဖို့လိုတယ်" ဟု လွန်ခဲ့သည့် ရက်သတ္တပတ်က
ပြုလုပ်ခဲ့သော အခမ်းအနားတစ်ခုတွင် ဦးအောင်မင်းက သတင်းထောက်များကို ပြောသည်။

ယခင်အစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတထံမှ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့်
တိကျပြတ်သားသည့် မူဝါဒများနှင့် ကိစ္စတော်တော်များများကို မိမိအဆင့်နှင့်သာ အဆုံးအဖြတ်
ပေးနိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် နယ်စပ်လုံခြံုရေး
အကြောင်းပြလျက် ကြားဝင်စေ့စပ်ညှိနှိုင်းပေးသူအဖြစ် ပါ၀င်လာသည်မှာ ကျိုးကြောင်း
ဆီလျော်သော်လည်း ပဋိပက္ခချုပ်ငြိမ်းခြင်း မရှိပါက ငြိမ်းချမ်းရေးတွင် တရုတ်နိုင်ငံက ပါ၀င်မှုကို
တားဆီးရန် မလွယ်ကူဟု နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က ဆိုသည်။

အပစ်မရပ်ရသေးသည့် အဖွဲ့များနှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင်
တွေ့ဆုံဆွေးနွေးရန် ၂၀၁၆ နှစ်ကုန်ပိုင်းက စီစဉ်ခဲ့သော်လည်း ဆွေးနွေးရန်ပုံစံအပေါ် သဘောမတူ၍
မအောင်မြင်ခဲ့ပေ။

ထိုစဉ်က တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ကိုယ်စားလှယ်များကို အစိုးရ နှင့် ဆွေးနွေးပွဲအတွင်း
လေ့လာသူအဖြစ် တက်ရောက်ရန် တိုင်းရင်းသားများက တောင်းဆိုခဲ့သည်။

အစိုးရကို မယုံကြည်၍ဟု သက်သေအဖြစ် တက်ရောက်ရန် တောင်းဆိုခြင်းဖြစ်သည်ဟု
မြောက်ပိုင်းမဟာမိတ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍
အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု့ (USIP) က မတ်လဆန်းပိုင်းတွင် ထုတ်ဝေခဲ့သော
အစီရင်ခံစာတွင် နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် တရုတ်အစိုးရတို့အကြား
အကျိုးစီးပွား ဆက်နွှယ်မှု မရှိသော်လည်း၊ ဒေသခံတရုတ်နိုင်ငံသားများနှင့်မူ ပတ်သက်မှုများရှိသည်ဟု
ဆိုသည်။

Yuchang Group ဟု အမည်ရသည့် တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီအုပ်စုက ၂၀၁၅ နှစ်ဦးပိုင်းတွင်
ကိုးကန့်အဖွဲ့ကို တရုတ်ယွမ်ငွေ ၁၀ သန်း လှူဒါန်းခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။

ယင်းကုမ္ပဏီအုပ်စုသည် လက်ရှိတွင် Ponzi Scheme ဟုခေါ်သော မသမာသော ငွေကြေး
ရင်းနှီးမြှုပ်နှံမှုကြောင့် တရုတ်အာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုကို ခံနေရသည်။

၂၀၁၅ ခုနှစ်ဦးပိုင်းတွင် ကိုးကန့်အဖွဲ့က မြန်မာနိုင်ငံအတွင်းရှိ ဟန်တရုတ်လူမျိုးများဆင်နွှဲမည့်
တော်လှန်ရေးအတွက် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ရန် ဆော်ဩချိန်တွင် အဆိုပါကုမ္ပဏီက
ငွေကြေးထောက်ပံ့မှု ပြုလုပ်ခဲ့ပြီး ယင်းအတွက် မည်သည့် တောင်းဆိုမှုကိုမျှ မပြုလုပ်ခဲ့ကြောင်း
ယင်းအစီရင်ခံစာတွင်ဖော်ပြထားသည်။

အဆိုပါ ကုမ္ပဏီအုပ်စုသည် '၀'ပြည် သွေးစည်းညီညွတ်ရေးပါတီ ခေါင်းဆောင်များနှင့်ပါ စီးပွားရေးအရ
ဆက်ဆံမှုရှိကြောင်း၊ '၀'ထိန်းချုပ်သည့် တရုတ် - မြန်မာနယ်စပ်ကို အရှေ့တောင်အာရှလွတ်လပ်သော
ကုန်သွယ်မှုဇုန်အဖြစ် ကြေညာပြီး ယွမ်ငွေ ၄၀ ဘီလျံ မတည်ရင်းနှီးပြီး Southeast Asian Union
Bank ကို '၀'နယ်မြေတွင် တည်ထောင်ရန်အထိပင် စီစဉ်ခဲ့သည်ဟု ဆိုသည်။

ယခုသီတင်းပတ်တွင် တရုတ်နိုင်ငံ၊ စိုက်ပျိုးရေးဘဏ် တစ်ခုဖြစ်သည့် Agbank က ယင်းထံတွင်
အပ်နှံထားသော မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ် (MNDAA) အဖွဲ့၏ ငွေစာရင်းတစ်ခုကို
ပိတ်သိမ်းလိုက်ကြောင်း ရိုက်တာသတင်းဌာနက မတ် ၂၁ ရက်တွင် ဖော်ပြသည်။

၂၀၁၅ ခုနှစ်၊ ဧပြီလမှ စ၍ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ငါးသိန်းကျော်ကို ကိုးကန့်အဖွဲ့က
လက်ခံရရှိခဲ့သည်ဟု ရိုက်တာက ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး