ဂျပန်အစိုးရ၏ အထောက်အပံ့ငွေဖြင့် စပါးခွံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကိုယခုလ ၂၃ ရက်တွင်
ပျဉ်းမနားမြို့မှာ စတင်ထုတ်လုပ််နေပြီဟု မြန်မာနိုင်ငံ လယ်ယာစီပွားရေး အများပိုင်ကော်ပိုရေးရှင်း
လီမီတက် (MAPCO)၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာစိုးထွန်းက ပြောသည်။
MAPCOကုမ္ပဏီ၏ ဆန်စက်နှင့် အခြောက်ခံစက်များအတွက် ဂျပန်နိုင်ငံ Yanmar ကုမ္ပဏီနှင့်
မိတ်ဖက်ကုမ္ပဏီများ၏ ပူးပေါင်းပါဝင်မှုဖြင့် နေပြည်တော် အဆင့်မြင့်ဆန်စက်တွင် ဂျပန်နည်းပညာ
(4th Generation-Waste-to-Energy Techonology)ဖြင့် စပါးခွံမှ လျှပ်စစ်ဓာတ်အား
ထုတ်လုပ်သွားမည်ဖြစ်သည်။
ယင်းအတွက် ဂျပန်အစိုးရက ကန်ဒေါ်လာ ၄ ဒသမ ရ မီလျံ ထောက်ပံ့ပေးထားပြီး တစ်ရက်လျှင်
လျှပ်စစ်ဓာတ်အား ၅ မဂ္ဂါဝပ် ထုတ်လုပ်မည်ဖြစ်ပြီး ၄ မဂ္ဂါဝပ်ကို ပြန်လည်အသုံးပြုမည်ဖြစ်ကြောင်း
၄င်းက ပြောသည်။
စပါးခွံမှ အပူပေးခြင်းကြောင့် ထွက်လာသည့် ကာပွန်မိုနှောက်ဆိုဒ်ကို ပြန်ယူ၍ လျှပ်စစ်ထုတ်ယူခြင်း
ဖြစ်သည်။
ပတ်ဝန်းကျင်ထိခိုက်မှုလည်း နည်းပြီး ပြန်ထွက်လာသည့် ပြာကိုလည်း မြေသြဇာအဖြစ်ပြန်လည်
အသုံးပြု၍ ရကြောင်း သိရသည်။
"စပါးခွံကနေ လျှပ်စစ်ထုတ်ရာမှာ ထွက်လာတဲ့ ကတ္တရာချိုးကို အားလုံးမချေဖျက်နိုင်ဘူး။ ဂျပန်က
ထုတ်တဲ့ နည်းပညာကတော့ ပိုမြင့်တယ်"ဟု ဒေါက်တာစိုးထွန်းကပြောသည်။
အဆိုပါ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် တည်ဆောက်မှုကို တစ်နှစ်ကြာမြင့်ပြီး ယခုအခါ
ပြီးစီးနေပြီဖြစ်သည်။
စက်ပစ္စည်းကို ဂျပန် Yanmar ကုမ္ပဏီနှင့် ၄င်းတို့ စက်အားမိတ်ဆက်ခြင်းဖြစ်ပြီး ၃၅ နှစ်
အာမခံထားကြောင်း သိရသည်။
ကျေးလက်ရှိဆန်စက်များတွင်လည်း စပါးခွံမှ လျှပ်စစ်ထုတ်လုပ်မှု လုပ်ဆောင်နေခြင်းများ
ရှိသော်လည်း ပြည်တွင်းနှင့် အိန္ဒိယနည်းပညာဖြင့်သာ လုပ်ဆောင်နေကြပြီး ဂျပန်နည်းပညာဖြင့်
ထုတ်လုပ်မှုမှာ ယခုစီမံကိန်းတွင်သာ စတင်ခြင်းဖြစ်သည်။
"အစိုးရအစီအစဉ်အနေနဲ့ ဧရာဝတီတိုင်းဘက်မှာ စပါးခွံကနေ လျှပ်စစ်ထုတ်နိုင်ရင်တော့
လျှပ်စစ်ဓာတ်အားမရတဲ့ ရွာတွေမှာ ပေးလို့ရတယ်" ဟု ၄င်းက ဆက်လက်ပြောသည်။
ဆန်စက်ရှိသောဒေသများတွင် စပါးခွံဖြင့် လျှပ်စစ်ထုတ်လုပ်နိုင်ပါက အခြားလောင်စာများကို
သုံးစွဲစရာမလိုသည့် အပြင်ထွက်လာသည့် ပြာကိုလည်း လယ်သမားများအနေဖြင့် မြေသြဇာအဖြစ်
ပြန်သုံး၍ရကြောင်း သိရသည်။















