တရားမမှုခင်းများ စေ့စပ်ဖြန်ဖြေခြင်းနည်းလမ်း အသုံးပြုရန် လေ့လာဆန်းစစ်နေ

တရားမမှုခင်းများ စေ့စပ်ဖြန်ဖြေခြင်းနည်းလမ်း အသုံးပြုရန် လေ့လာဆန်းစစ်နေ

 

တရားရုံးများတွင် ပေါ်ပေါက်လာသည့် တရားမမှုခင်းမျာနှင့် ပတ်သက်ပြီး စေ့စပ်ဖြန်ဖြေသည့်
နည်းလမ်း အသုံးပြုနိုင်ရန်လေ့လာဆန်းစစ်လျက်ရှိကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊
သတင်းအချက်အလက် နည်းပညာနှင့် ပြည်သူ့ဆက်ဆံရေးဌာနညွှန်ကြားရေးမှူး
ဦးဇော်မင်းအောင်က မြန်မာတိုင်း(မ်)ကိုပြောသည်။

တရားရုံးများတွင် လက်ခံစစ်ဆေးလျက်ရှိသည့် ရာဇဝတ်မှုနှင့် တရားမှုများအနက်
စေ့စပ်ဖြန်ဖြေခြင်းနည်းလမ်းကို တရားမမှုခင်းများတွင် ကျင့်သုံးသွားရန် ရည်ရွယ်ထားကြောင်း၊
ထိုသို့ ကျင့်သုံးခြင်းဖြင့် အမှုသည် များအကြား မလိုအပ်ဘဲ အမှုစစ်ဆေးနေရခြင်း၊ အမှုသည်များ၏
အချိန်နှင့် ငွေကြေးကုန်ကျမှုသက်သာစေခြင်း၊ တရားရုံးများတွင် အမှုအခင်း အရေအတွက်
များပြားနေခြင်းနှင့် အမှုစွဲဆိုချိန် ကြာမြင့်မှုကို လျှော့ချ နိုင်မည်ဖြစ်ကြောင်း ၄င်းက
ဆိုသည်။

''လက်ရှိတရားရုံးတွေမှာ စွဲဆိုထားတဲ့ အမှုတွေမှာ အမှုသည်အချင်းချင်းကနေ တရားရုံးပြင်ပမှာ
ညှိနှိုင်းပြီး အမှုကို ကျေအေးရုပ်သိမ်းကြောင်း တင်ပြလာတဲ့အခါ ဥပဒေနဲ့အညီ တရားရုံးက
ခွင့်ပြုဆောင်ရွက်ရတာတွေရှိတယ်။ ဒါပေမဲ့ တရားရုံးကနေ တိုက်ရိုက်ပါဝင်ဆောင်ရွက်ပေးခြင်း
တော့ မရှိပါဘူး။ အခြားကမ္ဘာ့နိုင်ငံ အများအပြားမှာတော့ တရားရုံးက ဦးဆောင်ပြီး စေ့စပ်ဖြေရှင်းတဲ့
နည်းလမ်းကို ကျင့်သုံးပြီး အောင်မြင်မှု ရရှိနေပါတယ်။ ဒီအတွက် မြန်မာနိုင်ငံမှာ တရားရုံးက
ဦးဆောင်ပြီး စေ့စပ်ဖြေရှင်းခြင်း နည်းလမ်း (ဃသကမအ ူနိ နြိငအေငသည)ကို စတင်အကောင်အထည်
ဖော်နိုင်ရေးအတွက် ပြည်ထောင်စုတရားလွှတ်တော် ချုပ်က လေ့လာဆောင်ရွက်နေပါတယ်'' ဟု
ဦးဇော်မင်းအောင်က ပြောသည်။

လက်ရှိကမ္ဘာနိုင်ငံများရှိ တရားရုံးများတွင် စေ့စပ်ဖြန်ဖြေခြင်း နည်းလမ်းကိုကျင့်သုံး အောင်မြင်
နေသော်လည်း မြန်မာနိုင်ငံတွင် စေ့စပ်ဖြန်ဖြေခြင်းစနစ် (MediationMechanism) ကို
ဥပဒေတစ်ရပ် အနေဖြင့်ပြဋ္ဌာန်းခြင်း မရှိသည့်အတွက် တရားရုံးရောက် အသင်းအဖွဲ့အသီးသီးသည်
၄င်းတို့သက်ဆိုင်ရာ အသင်းအဖွဲ့ဝင်တွေအကြား စေ့စပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးနေသည်ကို
လေ့လာတွေ့ရှိထားသည်။

လက်ရှိတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်လုပ်ငန်းအဖွဲ့သည် JICA  အဖွဲ့နှင့် ပူးပေါင်း၍
''တရားမမှုခင်းများစေ့စပ်ဖြန်ဖြေသည့်နည်းလမ်း အသုံးပြုရေးဖြစ်နိုင်ခြေများ (Feasibility of Study)
''အတွက် အာရှပစိဖိတ်ဒေသတွင်းနိုင်ငံများတွင် ဆောင်ရွက်လျက်ရှိသည့် စနစ်များကို
အထူးလေ့လာဆန်းစစ်လျက်ရှိကြောင်း၊ထိုသို့လေ့လာဆန်းစစ်ပြီးနောက် စေ့စပ်ဖြန်ဖြေခြင်းစနစ်
(Mediation Mechanism) ကို မြန်မာနိုင်ငံတွင် ဥပဒေတစ်ရပ်အနေဖြင့် ပြဋ္ဌာန်းနိုင်ရန်
ကြိုးပမ်းသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံပြည်ထောင်စု တရားလွှတ်တော်ချုပ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်
ရှိသည့် သုံးနှစ်တာ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း(၂ဝ၁၅-၁၇)၏ တတိယနှစ် လုပ်ငန်း
အစီအစဉ်တွင် မဟာဗျူဟာရည်မှန်းချက်နှင့် အစီအစဉ်များတွင် 'တရားမမှုခင်းများ စေ့စပ်ဖြန်ဖြေမှု
နည်းလမ်းအသုံးပြုနိုင်ရန် ဖြစ်နိုင်ခြေများကို လေ့လာခြင်း'ကို ထိပ်တန်းဦးစားပေးအဆင့်အဖြစ်
ထည့်သွင်းရေးဆွဲထားသည်။

ဖြစ်နိုင်ခြေများကို လေ့လာဆန်းစစ်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊
တရားမမှုခင်းများတွင် တရားရုံးက ဦးဆောင်၍ စေ့စပ်ဖြေရှင်းခြင်းဆိုင်ရာ ပြည်ပနိုင်ငံများ၏
အတွေ့အကြုံများအပေါ် လေ့လာဆန်းစစ်ခြင်းနှင့် တရားမမှုခင်းများတွင် တရားရုံးက
ဦးဆောင်သည့် စေ့စပ်ဖြေရှင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများရေးဆွဲခြင်းတို့ကို
ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးဇော်မင်းအောင်က ပြောသည်။

အဆိုပါ စေ့စပ်ဖြန်ဖြေခြင်းစနစ် (Mediation Mechanism) ကို အကောင်အထည်ဖော်
ဆောင်ရွက်ရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားမမှုခင်းများတွင်
တရားရုံးက ဦးဆောင်သည့်စေ့စပ်ဖြေရှင်းခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့်သြစတြေးလျဖက်ဒရယ်
တရားရုံး၊ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း
ဆောင်ရွက်ရေး အေဂျင်စီ၊ စင်ကာပူနိုင်ငံ ဥပဒေရေးရာ ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု
အစီအစဉ်တို့နှင့် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိသည်။

''စေ့စပ်ညှိနှိုင်းခြင်းက မူအရတော့ ကောင်းတယ်။ လက်တွေ့ ကျင့်သုံးမှုအပိုင်းမှာတော့
အခက်အခဲတွေ ရှိလာနိုင်တယ်။တကယ်တမ်းအကောင်အထည်ဖော် ကျင့်သုံးတဲ့အခါမှာ
ဘယ်လိုသူတွေက ဦးဆောင်ပါဝင် ညှိနှိုင်းကြမလဲဆိုတာ ဒါတွေက အဓိက အဆုံးအဖြတ်
ဖြစ်လာမယ် ထင်ပါတယ်။ ရည်ရွယ်ချက်ကောင်းသလောက် လက်တွေ့ကျင့်သုံးဖို့
မလွယ်လှဘူး။ စောင့်ကြည့်ရမှာပဲ''ဟု တရားလွှတ်တော်ရှေ့နေဖြစ်သူ
ဦးရောဘတ်စန်းအောင်က ပြောသည်။

တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းခြင်းဆိုင်ရာစနစ်ကို အကောင်အထည်ဖော်
ဆောင်ရွက်နိုင်ပါက တရားမမှုခင်းများတရားရုံးသို့ မရောက်မီ အမှုသည်များအကြား
စေ့စပ်ညှိနှိုင်းခြင်းဖြင့် ငွေကြေးကုန်ကျမှုနှင့်အမှုစွဲဆိုချိန်ကြာမြင့်မှုတို့ကို လျှော့ချနိုင်မည်
ဖြစ်ကြောင်း ၄င်းက ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး