အလုပ်အကိုင်ပြောင်းလာရသည့် မြန်မာ့သစ်ထုတ်လုပ်ရေး ဆင်များ

အလုပ်အကိုင်ပြောင်းလာရသည့် မြန်မာ့သစ်ထုတ်လုပ်ရေး ဆင်များ

အစိုးရသစ်လက်ထက် ၂ဝ၁၆ - ၁၇ ဘဏ္ဍာနှစ်မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သစ်ထုတ်
လုပ်မှုတစ်နှစ်ရပ်ဆိုင်းခဲ့ပါတယ်။ နိုင်ငံအလယ်ပိုင်း ပဲခူးရိုးမမှာ သစ်ထုတ်လုပ်ခြင်းကို ၁ဝ နှစ်ကြာ
ရပ်နားထားမှာဖြစ်ပါတယ်။ အဲဒီအတွက် မြန်မာ့သစ်လုပ်ငန်းရှိ ဆင်အကောင်ရေ ၃,ဝဝဝ ကျော်
အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

သစ်ထုတ်လုပ်ရေး ရပ်နားခဲ့တဲ့အတွက် အလုပ်လက်မဲ့ဖြစ်ခဲ့ကြတဲ့ မြန်မာ့သစ်လုပ်ငန်း
ဆင်စခန်းတွေဟာ အလုပ်အကိုင်သစ်တွေနဲ့ အခြေချနိုင်ဖို့ ကြိုးစားလာရပါတယ်။ အရင်က
ဆိုရင် မြန်မာ့သစ်လုပ်ငန်း ဆင်စခန်းတွေကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ကြည့်ရှုခွင့် မရှိပါဘူး။
ခုချိန်မှာတော့ ဆင်စခန်းတွေကို တိုက်ရိုက်သွားရောက်လည်ပတ်နိုင်ပြီဖြစ်တယ်လို့ မြန်မာ့
သစ်လုပ်ငန်းကလက်ထောက်မန်နေဂျာ ဦးတင်ကျော်မိုးက ပြောပါတယ်။

ဦးတင်ကျော်မိုးက ပဲခူးရိုးမရှိ မှော်ယောကြီး သစ်ထုတ်လုပ်ရေးဆင်စခန်းကို ပြည်တွင်းပြည်ပ
ခရီးသွားဧည့်သည်တွေ ဝင်ရောက်ကြည့်ရှုနိုင်တဲ့ ဆင်စခန်းအဖြစ် တာဝန်ယူဆောင်ရွက်နေသူ
ဖြစ်ပါတယ်။ ''ဒီနောက် ပိုင်း ပေါ်လာတဲ့ဆင်စခန်းတွေက ပဲခူးရိုးမ သစ်ထုတ်လုပ်ရေး ၁ဝ နှစ်
နားလိုက်လို့ပေါ်လာတာ မဟုတ်ပါဘူး။ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေအရ တစ်ချိန်က
သစ်ထုတ်လုပ်ရေးမှာ အသုံးပြုတဲ့ ဆင်စခန်းတွေကို ခရီးသွားလုပ်ငန်းလမ်းကြောင်းပေါ်
ရောက်အောင် ဆွဲယူလာတာဖြစ်တယ်'' လို့ သူက ဆိုပါတယ်။

ပဲခူးရိုးမ အရှေ့ခြမ်း၊ ရန်ကုန် မန္တလေး အမြန်လမ်းမ ၁ဝ၅ မိုင် ၄ ဖာလုံမှာရှိတဲ့ မှော်ယောကြီး
ဆင်စခန်းနဲ့ ဆင်သမားကျေးရွာကို ၁၉၉၈ ခုနှစ်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
သစ်တောဧရိယာ ၂ ဒသမ ၃၈ ဧကကျယ်ဝန်းတဲ့ ဆင်စခန်းမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့
ဝန်တင်ဆင် ၁၄ ကောင်၊ အနားပေးထားတဲ့ သက်ကြီးဆင်ငါးကောင်နဲ့ အသက်လေးနှစ်အောက်
ဆင်ကလေး လေးကောင်ရှိပါတယ်။

အရင်က သစ်ထုတ်လုပ်ရေးစခန်းတစ်ခုဖြစ်ခဲ့တဲ့ မှော်ယောကြီးဆင်စခန်းမှာ သစ်ထုတ်လုပ်ရေး
ဆင်ဝိုင်းသုံးဝိုင်းခန့် ရှိခဲ့ပါတယ်။အစိုးရသစ်လက်ထက်မှာ သစ်ထုတ်လုပ်ရေးရပ်ဆိုင်းပြီးနောက်
၂ဝ၁၆ ခုနှစ် ကမ္ဘာ့ဆင်များနေ့မှာ မှော်ယောကြီးဆင်စခန်းကို ခရီးသွားလုပ်ငန်းအသွင်
ကူးပြောင်းဆောင်ရွက်ခဲ့တယ်လို့ ဦးတင်ကျော်မိုးက ပြောပါတယ်။

မြန်မာ့သစ်လုပ်ငန်းရဲ့အဆိုအရ မြန်မာတစ်နိုင်ငံလုံးမှာ မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်စခန်း
၁၅ ခုရှိပါတယ်။ ပဲခူးရိုးမအရှေ့ခြမ်းမှာ ဖိုးကျား၊ မှော်ယောကြီး၊ ဝင်္ဂဘောနဲ့ မိုင်၂ဝ ဆင်
ဆေးရုံ၊ ပဲခူးရိုးမ အနောက်ခြမ်းမှာပေါ်လန်ကြီး၊ နတ်မော်၊ မှော်စာ၊ မြိုင်ဟေဝန်၊
စစ်တိုင်းတိုင်းဒေသကြီး မော်လိုက်မှာ ပျားစွဲဆင်စခန်း၊ ကသာမှာ နတ်ပေါက်၊ ဗန်းမော်မှာ
ဝဲမဆင်စခန်း၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မှာ ဝါးဖြူတောင် ဆင်စခန်း၊ ရခိုင်ပြည်နယ်
သံတွဲမှာ တလယ်ဆင်စခန်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာပုသိမ်မိုးမခဆင်စခန်းနဲ့
သစ်ကတိုး ဆင်စခန်းတွေ ဖြစ်ပါတယ်။ ဧရာဝတီ၊ မကွေးနဲ့ ရှမ်းပြည်နယ်ဘက်မှာ
ပုဂ္ဂလိကပိုင်ဆင်စခန်းသုံးခုလည်း ရှိပါတယ်။

''ခရီးသွားလုပ်ငန်းနဲ့ နွှယ်ပြီးလုပ်နိုင်အောင် ကြိုးစားနေတာပါ။ နောက်နှစ်တွေမှာ
တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာဖို့ ကြိုးစားနေပါတယ်။ မိုးတွင်းမှာ သစ်ပင်စိုက်တာ၊
နောက်နှစ်တွေမှာ ဆင်တွေက သစ်လုံးဆွဲပြတဲ့ ပြကွက်တွေနဲ့ ထိုင်းနိုင်ငံမှာ
ဆင်အလှပြတာတွေထက်ပိုတဲ့ နည်းပညာတွေ သင်ကြားပြသဖို့ ရှိပါတယ်'' လို့
ဦးတင်ကျော်မိုးက ပြောပါတယ်။

မှော်ယောကြီးဆင်စခန်းမှာ ပြည်တွင်းခရီးသွားတစ်ဦးကို ဝင်ကြေး ကျပ် ၁,ဝဝဝ၊ ဆင်စီးခ
တစ်ဦး ကျပ် ၅,ဝဝဝ နဲ့ နိုင်ငံခြားသား ခရီးသွားတစ်ဦးကို ဝင်ကြေးကျပ် ၂ဝ,ဝဝဝ နဲ့ဆင်စီးခ
ကျပ် ၂ဝ,ဝဝဝ ကျသင့်မှာ ဖြစ်ပါတယ်။မှော်ယောကြီးဆင်စခန်းကို ပြည်တွင်းခရီးသွား
၁,၅ဝဝ ကျော်နဲ့ ပြည်ပခရီးသွား ၂၂ ဦးလာရောက်လည်ပတ်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့သစ်လုပ်ငန်းမှာ ဆင်ကောင်ရေစုစုပေါင်း ၃,ဝဝ၈ ကောင်ရှိပြီး အသက်လေးနှစ်အောက်
အရွယ်ဆင် ၄၆၆ ကောင်၊ အသက်လေးနှစ်မှ ၁၇ နှစ်ကြား ဝန်တင်ဆင် ရ၅၇ကောင်၊
၁၈ နှစ်မှ ၅၅ နှစ် အရွယ် အလုပ်ဆင် ၁,၂ဝဝ နဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေအရ
အနားပေးထားတဲ့ သက်ကြီးဆင် ၅၈၅ ကောင် ရှိပါတယ်။

ဆင်အသက်လေးနှစ်မှာ လူတွေနဲ့အတူ အလုပ်လုပ်ကိုင်နိုင်ဖို့ ဆင်တစ်ကောင်ကို
ဆင်ဦးစီးတစ်ယောက်နှုန်း သင်ကြားပြသပေးရပါတယ်။ အသက်လေးနှစ်အထက်
ဆင်တွေအတွက် ဆင်ဦးစီး ၂,၅ဝဝ ကျော်ရှိနေပါတယ်။

၁၉၇ဝ ပြည့်နှစ်ကျော်တုန်းက မြန်မာနိုင်ငံမှာ တောဆင်ရိုင်းကောင်ရေ ၂ဝ,ဝဝဝ ကျော်
ရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ အရေအတွက် အများကြီးလျော့နည်းသွားပြီလို့ ခန့်မှန်း
ရပါတယ်။ ဆင်မုဆိုးတွေကို ကောင်းစွာ မထိန်းချုပ်နိုင်သေးတဲ့အတွက် တောဆင်ရိုင်းတွေ
အများကြီးဆုံးရှုံးခဲ့ရတယ်လို့ ဦးတင်ကျော်မိုးက ပြောပါတယ်။

''ဆင်မုဆိုး အန္တရာယ်က ခုချိန်ထိ ခြောက်လှန့်နေဆဲ ပြဿနာလို့ပြောလို့ရတယ်။ ဆင်မုဆိုးကြောင့်
သေတဲ့ဆင်က မနှစ်တုန်းက ခန့်မှန်းခြေ အကောင်ရေ ၂ဝ ကျော်တယ်။ ဒါက တရားဝင်သိတဲ့
အရေအတွက်ပါ။ ၂ဝဝဝ ပြည့်နှစ်ကစပြီး ဌာနပိုင်ဆင်ကောင်ရေ တိုးတက်လာတာ အခုဆိုရင်
အကောင် ၃,ဝဝဝ ကျော်ရှိပြီ။ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကပိုင်ဆင်အရေအတွက် ၂,ဝဝဝ လောက်
ရှိတယ်လို့ အကြမ်းဖျင်း သိထားတယ်'' လို့ ဦးတင်ကျော်မိုးက ပြောပါတယ်။

ဆင်မုဆိုးအန္တရာယ်အပြင် တောတွင်းရှိ မြေမြှုပ်မိုင်းနဲ့ ဆင်ကျက်စားစရာ သဘာဝ
ပတ်ဝန်းကျင်နည်းလာလို့ ၁၉၉ဝ ပြည့်နှစ်နဲ့နှိုင်းယှဉ်ရင် တောဆင်ရိုင်းအရေအတွက်
သိသိသာသာ လျော့နည်းလာတဲ့ အတွက် ဆင်စခန်းတွေ အများကြီးပေါ်လာတာက
ဆင်တွေရဲ့ အနာဂတ်ကောင်း ဖြစ်တယ်လို့ ကလောမြို့နယ်အတွင်းမှာ
Green Hill Valley အမည်နဲ့ မိသားစုပိုင် သက်ကြီးဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း
ဖွင့်လှစ်ထားတဲ့ ဒေါ်တင်ဝင်းမော်က ပြောပါတယ်။

''ဆင်တစ်ကောင်အတွက် သစ်တောဧရိယာ ၂၂ စတုရန်းမီတာ လိုအပ်တယ်။ သူတို့
မှီခိုနေတဲ့ သစ်တောတွေပြုန်းတော့ ဆင်တွေတော်တော်ပျက်စီးခဲ့ရတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက
အိန္ဒိယပြီးရင် အရှေ့တောင်အာရှမှာ ဆင်ကောင်ရေ ဒုတိယအများဆုံးနိုင်ငံဖြစ်နေသေးတယ်။
ရှားပါးမျိုးစိတ်ဝင်ဖြစ်တဲ့ မြန်မာ့ဆင်တွေကို မျိုးတုံးမသွားအောင် ကာကွယ်ရမယ်။
ဆင်မုဆိုးတွေကို တိတိကျကျ အရေးယူဆောင်ရွက်ရမယ်'' လို့ သူက ပြောပါတယ်။

သစ်ထုတ်လုပ်ရေး ရပ်နားလိုက်တဲ့အတွက် သစ်တောတွေပြန်ကောင်းလာနိုင်ပေမဲ့
ဆင်တွေ အစာစားဖို့နဲ့ ဆင်ဦးစီးတွေအတွက် အသုံးစရိတ် မရှိတော့တဲ့အတွက် ဆင်စခန်းတွေ
ခရီးသွားလုပ်ငန်း အသွင်ပြောင်းဖို့ လိုအပ်လာပါတယ်။ ဒါပေမဲ့ ဆင်တွေအတွက် သင့်တော်တဲ့
အချိန်ဇယားနဲ့ မှန်ကန်တိကျတဲ့ စီမံခန့်ခွဲရေးရှိဖို့လိုအပ်တယ်လို့ ဒေါ်တင်ဝင်းမော်က
ပြောပါတယ်။

ဆင်ကျန်းမာရေးထိန်းသိမ်းစောင့်ရှောက်ဖို့ ဆင်ဆရာဝန်အခန်းကဏ္ဍက အဓိက အရေး
ပါနေပါတယ်။ အထူးသဖြင့် သစ်လုပ်ငန်းက အနားပေးထားတဲ့ သက်ကြီးဆင်တွေအတွက်
ဆင်ဆရာဝန် ပိုမိုလိုအပ်ပြီး လက်ရှိအချိန်ထိ တစ်နိုင်ငံလုံးမှာ ဆင်ဆရာဝန် ၄ဝခန့်သာ
ရှိတယ်လို့ သူက ဆိုပါတယ်။

''ဆင်ဆရာဝန် အခန်းကဏ္ဍက အရမ်းအရေးကြီးတယ်။ ဆရာဝန်အချိုးက ဆင်အရေအတွက်နဲ့
မမျှတော့ စခန်းတစ်ခုမှာ ဆရာဝန်တစ်ဦးအမြဲ မနေပေးနိုင်ဘူး။ အဲဒီတော့ ဆင်ဆရာဝန်
၄ဝ လောက်က တစ်နိုင်ငံလုံးမှာရှိတဲ့ ဆင်စခန်းတွေမှာ ပတ်ချာလည်ပြေးနေရတယ်။
ဆင်ဆရာဝန်တစ်ယောက်ကို ဆင်ကောင်ရေ ၁ဝဝ လောက် တာဝန်ယူပေးနေရတယ်''လို့
ဒေါ်တင်ဝင်းမော်က ပြောပါတယ်။

မြန်မာ့ရတနာဖြစ်တဲ့ဆင်တွေ ရေရှည်ရပ်တည်နိုင်ဖို့ ဆင်ဆရာဝန်ရဲ့အခန်းကဏ္ဍက
အရေးကြီးပြီး မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်က စနစ်တကျသင်ကြားပေးထားတဲ့ ဆင်
ဆရာဝန်တွေကသာ ထိုက်သင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ပေးနိုင်လို့ဆင်ဆရာဝန်တွေ
များများရှိဖို့ လိုအပ်တယ်လို့ မြန်မာ့သစ်လုပ်ငန်းမှ ဆင်ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ
ဇော်မင်းဦးက ပြောပါတယ်။

''တချို့ဆင်စခန်းနေရာတွေက လူမနီးတဲ့တောထဲမှာ အရမ်းခေါင်တယ်။ တောထဲမှာပဲ
တစ်လကို ရက် ၂ဝ နီးပါးနေရတာမျိုးရှိပြီး တစ်တောနဲ့တစ်တောကူးနေရတာကများတယ်။
နေရေးထိုင်ရေးကလည်းဆင်းရဲတယ်။ အဲဒီတော့ နောက်ပိုင်းလူငယ်တွေက ဒီအလုပ်ပေါ်
စိတ်ဝင်စားမှု အားနည်းလာပြီ။ တော်ရုံဝါသနာမပါဘဲနဲ့ မလုပ်နိုင်ဘူး။ ဒါ့ပြင် ဖွဲ့စည်းပုံ
အရ ဆင်ဆရာဝန်တွေက အလုပ်စဝင်ကတည်းက ထွက်တဲ့အချိန်ထိ ဒီရာထူး အတိုင်းပဲ။
ဆင်ဆရာဝန်တွေ အခုထက်ပိုမိုများလာဖို့ဆိုရင် ထိုက်သင့်တဲ့ ရာထူး၊ ခံစားခွင့်တွေ
ပေးသင့်တယ်'' လို့ ဒေါက်တာဇော်မင်းဦးက ပြောပါတယ်။

ဆင်ကောင်ရေလျော့ပါးခြင်းမရှိအောင် တောထဲက ဆင်ရိုင်းတွေထိန်းသိမ်းစောင့်ရှောက်ရေး
အပြင် ခရီးသွားလုပ်ငန်းအသွင်ပြောင်းဖို့ကြိုးစားနေရတဲ့ သစ်ထုတ်လုပ်ရေးဆင်စခန်းတွေ
အတွက် ရေရှည်ရပ်တည်နိုင်ရေးကလည်း အရေးကြီးနေပါတယ်။

မြန်မာ့သစ်လုပ်ငန်းက သတ်မှတ်ထားတဲ့ ကျန်းမာတဲ့ဆင်တစ်ကောင်အတွက် တစ်နေ့တာ
ကျွေးမွေးတဲ့အစားအစာတွေက အစာကြမ်းလို့ခေါ်တဲ့ မြက်၊ ကောက်ရိုးခြောက်အားလုံးပေါင်း
၁ဝ ပိဿာအတွက် ကျပ် ၂,၅ဝဝ၊ အစာနုလို့ခေါ်တဲ့ ဂျုံ၊ ဖွဲကြမ်း၊ ပြောင်း၊ ထန်းလျက်ရည်နဲ့ ရောပြီး
ကျိုချက်ထားတဲ့စကွဲထမင်း၊ စပါးလေးပြည်အတွက်ကျပ် ၁,၅ဝဝ၊ စုစုပေါင်းကျပ်
၄,ဝဝဝ ကုန်ကျတယ်လို့  ဒေါက်တာဇော်မင်းဦးက ပြောပါတယ်။

''မူဝါဒပြောင်းလဲလာတော့ ဆင်ထိန်းသိမ်းစရိတ်၊ ဆေးဖိုးဝါးခ၊ ဝန်ထမ်းတွေရဲ့ လစာ၊
နေထိုင်စရိတ် ကုန်ကျငွေတွေက များတယ်။ အရင်တုန်းက သစ်ထုတ်လုပ်ငန်းကရတဲ့အမြတ်ငွေနဲ့
လည်ပတ်နေတာ'' လို့ သူက ပြောပါတယ်။

သစ်ထုတ်လုပ်ရေးဆင်စခန်းကနေ ခရီးသွားလုပ်ငန်းအသွင်ကူးပြောင်းလိုက်တဲ့အတွက်
ဆင်ဦးစီးနဲ့ဆင်တွေ အလုပ်အကိုင်ရရှိပြီး ခရီးသွားပြည်သူတွေအနေနဲ့ အတွေ့အကြံုအသစ်
ရစေပါတယ်။ အစိုးရအနေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို BOT စနစ်နဲ့ အငှားချထားဆောင်ရွက်
မယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးနိုင်တဲ့ ဆင်စခန်းတွေပေါ်ထွက်လာနိုင်တယ်လို့
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ဆိုပါတယ်။

အဲဒီလို ခရီးသွားလုပ်ငန်း အသွင်ကူးပြောင်းလာတဲ့ဆင်စခန်းတွေ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး
အတွက် ဆင်တွေရဲ့ ကျန်းမာရေးကို အခုထက်ပိုပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်တယ်လို့ ှ
Sunday Plus ခရီးသွား ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာဒေါ်စန္ဒီဝိုင်းက ပြောပါတယ်။

''သစ်ထုတ်လုပ်ငန်းရပ်သွားပြီဆိုတော့ ဆင်စခန်းတွေက ခရီးသွားလုပ်ငန်းပေါ် မှီခိုနေရတယ်။
ခုချိန်က ဆင်တွေ တောထဲဝင်ပြီး နားရမယ့်အချိန်။ လာတဲ့သူအကုန်လုံးက ဆင်စီးတဲ့သူများတော့
သူတို့မှာ မနားရဘူး။ ကျောက်ခဲတွေပေါ်လမ်းလျှောက်ရတာများတော့ ဆင်လေးတစ်ကောင်ဆို
ခြေထောက်နာနေတာ တွေ့ခဲ့ရတယ်'' လို့ မှော်ယောကြီး ဆင်စခန်းသွားခဲ့တုန်းက ကြံုတွေ့ခဲ့ရတဲ့
အဖြစ်အပျက်ကို သူက ပြောပြပါတယ်။

''ဆင်စီးခွင့်ဆိုတာက ပေါင် ၁၅ဝ ထက် မပိုသောဝန်ပဲတင်ရမယ်ဆိုတဲ့ သတ်မှတ်ထားတဲ့
အလေးချိန်၊ လမ်းလျှောက်ခွင့်ပြုထားတဲ့ အကွာအဝေးမိုင်နှုန်းထားတွေရှိတယ်။ ဆင်စီးတဲ့အခါ
ဒီနေ့စီးခွင့်ပြုတဲ့ဆင်ကို နောက်နေ့ကျ အနားပေးပြီး တခြားဆင်နဲ့ အပြောင်းအလဲလုပ်ပေး
ရတယ်။ အဲဒီလိုမဟုတ်ဘဲ နေ့တိုင်းဆက်တိုက်ကြီး ဒီဆင်တွေကိုပဲ စီးနေမယ်ဆိုရင်
ဆင်တွေအတွက်အရမ်းကို အန္တရာယ်များပါတယ်'' လို့ ဒေါက်တာ ဇော်မင်းဦးက
ရှင်းပြပါတယ်။

မှော်ယောကြီးဆင်စခန်းမှာ ပြုန်းတီးသစ်တောကို ပြန်လည်ပြုစုပျိုးထောင်ဖို့အပြင်
ဧည့်သည်တွေကို ပိုမိုဆွဲဆောင်နိုင်ဖို့ မိုးတွင်းမှာ စခန်းကနေ တောထဲအထိ ဆင်စီး
မယ်ဆိုရင် သစ်ပင်နှစ်ပင် စိုက်ခွင့်ရမှာဖြစ်ပြီး ရည်ရွယ်ချက်အမျိုးမျိုးနဲ့ သစ်ပင်စိုက်ချင်တဲ့
သူတွေကို ငါးနှစ်အာမခံ ထိန်းသိမ်းရေးလုပ်ငန်းများအတွက် တစ်ပင်ကို ကျပ် ၅,ဝဝဝ နဲ့
စိုက်ပျိုးနိုင်အောင် စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး