ယခုရက်သတ္တပတ်အတွင်း ကျင်းပခဲ့သည့် ရခိုင်ပြည်နယ်လွှတ်တော်၌ ၂၀၁၃ ခုနှစ်က လွှတ်တော်တွင်
ရေးဆွဲအတည်ပြုခဲ့သည့် ပြည်နယ်စည်ပင်သာယာရေး ဥပဒေကို ပြင်ဆင်၊ ဖျက်သိမ်းရန် တစ်စုံတစ်ရာ
ဆွေးနွေးခြင်း မရှိဘဲ ရခိုင်ပြည်နယ်စည်ပင် သာယာရေးဥပဒေ(မူကြမ်း)နှင့် စည်ပင်သာယာရေး
ကော်မတီများ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ(မူကြမ်း) များကို ပြည်နယ်အစိုးရအဖွဲ့က
တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သည်ဟု ပြည်နယ်လွှတ်တော်
ဥပဒေပြုရေးကော်မတီ ဥက္ကဋ္ဌ ဦးမြသန်းက ပြောသည်။
အဆိုပါ ဥပဒေ(မူကြမ်း)နှစ်ခုကို တောင်ကုတ် မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ် ဦးမင်းအောင်က မတ် ၂၄ ရက် ပြည်နယ်လွှတ်တော်စတုတ္ထ ပုံမှန်အစည်းအဝေး
နောက်ဆုံးနေ့တွင် လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။
"ဒီဥပဒေကြမ်းတွေမှာ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်၊
တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ထည့်သွင်းရေးဆွဲမထားဘူး။ ပြီးတော့ ဒီဥပဒေကြမ်းဟာ ရန်ကုန်မြို့တော်
စည်ပင်သာယာရေးဥပဒေကို မှီှငြမ်းရေးဆွဲထားတာဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်ရဲ့
ဒေသအခြေအနေနဲ့ ကိုက်ညီမှု မရှိတာကို တွေ့ရတယ်" ဟု ဦးမြသန်းက ပြောသည်။
ယခင်လွှတ်တော်သက်တမ်းက ပြဋ္ဌာန်းခဲ့သော ပြည်နယ်စည်ပင်သာယာရေးဥပဒေတွင် ပြစ်မှုပြစ်ဒဏ်
သတ်မှတ်ခြင်းနှင့် ကော်မတီဝင်များ၏ အရည်အချင်း သတ်မှတ်ချက်များတွင် အားနည်းနေသဖြင့်
ပြင်ဆင်နိုင်ရန် ကြိုးစားနေကြောင်း ဦးမြသန်း က ဆိုသည်။
ပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့သည့် ဥပဒေ(မူကြမ်း)ထဲတွင် ပြည်နယ်စည်ပင်သာယာ
ကော်မတီဝင်များ၏ လစာနှင့် စရိတ်များကို ပြည်နယ်အစိုးရ ရန်ပုံငွေမှထောက်ပံ့မည်ဟု
ဖော်ပြထားသဖြင့် ရခိုင်ပြည်နယ်အတွက် ရန်ပုံငွေများသည် ပြည်နယ်၏ အမှန်တကယ်
လိုအပ်သော နေရာများအတွက် လစ်လပ်သွားမည်ကို စိုးရိမ်မိကြောင်း ပုဏ္ဏားကျွန်းမြို့နယ်
မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းတင်က ပြောသည်။
ဥပဒေ(မူကြမ်း)တင်သွင်းသူ တောင်ကုတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ် (ပြည်နယ်စည်ပင်သာယာရေး ၀န်ကြီး) ဦးမင်းအောင်က "ကျွန်တော့်အနေနဲ့
လက်ရှိဥပဒေအပေါ် အခြေခံပြီးတော့ အဆင်ပြေအောင် ပိုမို ထိရောက်တဲ့ ညွှန်ကြားချက်တွေ၊
နည်းဥပဒေတွေကို ထုတ်ပြန်ပြီး လုပ်ငန်းတွေကို ဆောင်ရွက်ရမှာဖြစ်ပါတယ်" ဟု ပြောသည်။
ဥပဒေ(မူကြမ်း)နှစ်ခုစလုံးကို လွှတ်တော်တွင် လက်ခံ မဆွေးနွေးခဲ့သည့်အတွက်
လက်ရှိကျင့်သုံးနေသော စည်ပင်သာယာရေး ဥပဒေအတိုင်းသာ မြို့မိမြို့ဖများကို သင့်တော်သလို
ရွေးချယ် တင်မြှောက််ပြီး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ဟု ဦးမင်းအောင်က ဆိုသည်။
လက်ရှိ စည်ပင်သာယာရေးဥပဒေသည် ပြည်သူများအပေါ် စည်းမျဉ်းစည်းကမ်းများ ချမှတ်သည့်
နေရာတွင် ပြည့်စုံလုံလောက်မှု မရှိသည့်အတွက် ဥပဒေပညာရှင်များနှင့် ပူးပေါင်းပြီး ဥပဒေကြမ်းကို
တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။















