အငြင်းပွားမှု ရှိခဲ့ပေမဲ့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု ဦးဆောင်တဲ့ ပြည်နယ်အစိုးရအဖွဲ့ရဲ့
သက်တမ်းက ယခုလကုန်ဆိုရင် တစ်နှစ်ပြည့်ပြီဖြစ်ပါတယ်။
၀န်ကြီးချုပ်ရာထူး ရယူပြီးစ ရက် ၁၀၀ စီမံကိန်းကာလမှာ ပြည်နယ်အတွက် သိသာထင်ရှားပြီး
အကျိုးရှိမယ့် လုပ်ငန်းတွေကို လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဦးညီပုက ပြောခဲ့ပေမဲ့ မထင်မှတ်ဘဲ
ဖြစ်ပေါ်လာခဲ့တဲ့ အရေးကိစ္စတွေကြောင့် ပြည်နယ်အပေါ် စီမံခန့်ခွဲအုပ်ချုပ်မှုကို ပြည်ထောင်စုအစိုးရက
တိုက်ရိုက်စီမံခန့်ခွဲရတဲ့ အခင်းအကျင်းကို ရောက်ခဲ့ပါတယ်။
အစိုးရသစ် အာဏာလွှဲပြောင်းရယူပြီးနောက် လပိုင်းအတွင်းမှာပဲ တပ်မတော်နဲ့ ရခိုင်တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းရေးက
ပျက်ပြားခဲ့ပါတယ်။
ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့ ဆန္ဒထုတ်ဖော်မှုတွေ ဆက်တိုက်ဆိုသလိုဖြစ် ပေါ်လာခဲ့ပြီး
ဘင်္ဂါလီအရေးကိစ္စကို ပြည်နယ် အစိုးရအနေနဲ့ ကိုင်တွယ်ဖို့ ခက်ခဲတဲ့အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ပြည်နယ်အစိုးရအတွက် အခက်ခဲဆုံး ရင်ဆိုင်ခဲ့ရတဲ့ ကိစ္စကတော့ ယုံကြည်မှုတည်ဆောက်ခြင်းပဲလို့
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။
ယုံကြည်မှု တည်ဆောက်နိုင်မှ ပြဿနာတွေကို ဖြေရှင်းဖို့ ပိုမိုလွယ်ကူမယ်လို့ ၀န်ကြီးချုပ်က ဆိုပေမဲ့
၀န်ကြီးချုပ်ရာထူး ခန့်အပ်စဉ်ကတည်းက အစိုးရနဲ့ ရခိုင်အင်အားစုတွေအကြား ပျက်ပြယ်လုနီးပါး
ဖြစ်ခဲ့တဲ့ ယုံကြည်မှုက ပြန်လည်တည်ဆောက်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။
အင်အားကြီးပါတီဖြစ်တဲ့ ရခိုင်အမျိုးသားပါတီက အများစုကြီးစိုးထားတဲ့ ပြည်နယ် လွှတ်တော်အတွင်း
လွှတ်တော်နဲ့ အစိုးရကြား ပွတ်တိုက်မှုတွေလည်း ရှိခဲ့ပါတယ်။
ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး တင်သွင်းတဲ့ စည်ပင်ဥပဒေကြမ်းကို လွှတ်တော်တစ်ခုလုံးက
ကန့်ကွက်ခဲ့တာဟာ လွှတ်တော်နဲ့ အစိုးရကြားက ပွတ်တိုက်မှုကို မြင်သာစေတဲ့ အချက်ပါပဲ။
"ဒီတစ်နှစ်တာ လုပ်ဆောင်ချက်တွေကို ကြည့်မယ်ဆိုရင် ပြည်နယ်အစိုးရသစ်အနေနဲ့တော့
တိုးတက်အောင်လုပ်နိုင်တယ်လို့ ပြောရမယ်။ ဒါပေမဲ့ ပြဿနာတွေကတော့ ရှိနေဆဲပေါ့။ အားရတယ်လို့
ပြောလို့ရအောင်တော့ မရှိဘူး" လို့ ရခိုင်လူငယ်မျိုးဆက်အဖွဲ့ ခေါင်းဆောင် ဦးရဲမင်းဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့ ပတ်သက်ရင် ဖွံ့ဖြိုးရေး၊ လုံခြုံရေးအပြင် တခြားဖြေရှင်းရမယ့် ပြဿနာကတော့
လူ့အခွင့်အရေးပိုင်းဆိုင်ရာနဲ့ ပြန်လည်နေရာချထားရေး ပြဿနာပဲဖြစ်ပါတယ်။
၀န်ကြီးချုပ်ဦးညီပု ဦးဆောင်တဲ့ ပြည်နယ်အစိုးရသစ်လက်ထက်မှာ လမ်းပန်းဆက်သွယ်ရေးနဲ့
ပတ်သက်ပြီး တံတားတစ်စင်းသာ ဖွင့်လှစ်နိုင်ခဲ့ပြီး ထူခြားတဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင်နိုင်တာ
မရှိသေးပါဘူး။
အထူးသဖြင့် ၂၀၁၂ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့့် မီးလောင်ကျွမ်းခဲ့တဲ့ မြေနေရာတွေ
စီမံခန့်ခွဲမှုအပါအဝင် ပြန်လည်နေရာချထားရေးကိစ္စတွေကို အစိုးရ သက်တမ်းတစ်နှစ်အတွင်းမှာ
စတင်နိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ တွေအပါအဝင် ပြဿနာတွေကို တပ်မတော်ကပဲ အဓိက
ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်ထိ ရှိနေဆဲဖြစ်တဲ့ ဘင်္ဂါလီ ပြဿနာ၊ ပြန်လည်နေရာချထားရေးအပိုင်းတွေနဲ့ လုံခြံုရေး
ကိစ္စတွေကို တပ်နဲ့ပြည်ထဲရေးက ကိုင်တွယ်နေခဲ့တာဖြစ်ပါတယ်။
အစိုးရသစ်တာဝန်ယူပြီး နှစ်လကျော်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ဦးဆောင်တဲ့ အဖွဲ့ဝင် ၂၂ ဦးပါ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး
အကောင်အထည်ဖော်ရေးဗဟိုကော်မတီကို မေ ၃၀ ရက်မှာ ဖွဲ့စည်းခဲ့ပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်
အကြံပေးကော်မရှင်ကို ဩဂုတ်လထဲမှာ ထပ်မံဖွဲ့စည်းခဲ့ပါတယ်။
ဒီလိုဖွဲ့စည်းမှုအပေါ်မှာ ရခိုင်ပြည်နယ်ရဲ့ အင်အားကြီးပါတီဖြစ်တဲ့ ရခိုင်အမျိုးသားပါတီက
ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်ကို ဝေဖန်ခဲ့ပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ဝင်တွေဟာ ပြည်ထောင်စုအစိုးရက အမိန့်ညွှန်ကြားချက်ကို
လိုက်လံ လုပ်ဆောင်ရတဲ့အဆင့်ဖြစ်ပြီး ကိုယ်ပိုင် ချမှတ်လုပ်ကိုင်နိုင်မှု အားနည်းတယ်လို့
ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။
"၀န်ကြီးချုပ်က ဗဟိုက ညွှန်ကြားတာကို စောင့်ပြီး လုပ်နေရတဲ့ အဆင့်လို ဖြစ်နေတယ်။
ပြည်နယ်ကနေ ဆုံးဖြတ်ချက် လုပ်သင့်တာ လုပ်တာမျိုးမရှိဘူး" လို့ ဦးထွန်းအောင်ကျော်က
ပြောပါတယ်။
၂၀၁၂ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ တည်ငြိမ်ဖို့
ကြိုးစားတည်ဆောက်နေရတဲ့ ရခိုင်ပြည်နယ်အစိုးရအတွက် အောက်တိုဘာ ၉ ရက် မောင်တောခရိုင်
အကြမ်းဖက်မှုက ပြည်နယ်အစိုးရအတွက် အခက်ခဲဆုံး ပြဿနာတစ်ရပ်ဖြစ်လာခဲ့ပါတယ်။
ပြည်နယ်အစိုးရသစ် တာဝန်ယူပြီး ခြောက်လကျော်ကာလအတွင်းမှာ လက်နက်ကိုင် အကြမ်းဖက်
တိုက်ခိုက်မှုနဲ့ လူမျိုးရေး ပဋိပက္ခကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ကြံုတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
အဆိုပါ အကြမ်းဖက်မှု နောက်ဆက်တွဲ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေကို ပြည်နယ်အစိုးရ
သာမက ပြည်ထောင်စုအစိုးရပါ ရင်ဆိုင်နေရပါတယ်။
အရင်ကတည်းက တခြားသော ပြည်နယ်တိုင်းဒေသကြီးတွေထက် အကဲပိုဆတ်တဲ့ ရခိုင်ပြည်နယ်ဟာ
တစ်ကျော့ပြန်ပေါ်ထွက်လာတဲ့ ပြဿနာတွေကြောင့် ပြည်နယ်အစိုးရသစ်ဟာ ပြည်တွင်းသာမက
ပြည်ပဖိအားတွေ ပိုမိုရင်ဆိုင်ခဲ့ရပါတယ်။
အောက်တိုဘာ ၉ ရက် မောင်တောခရိုင် အကြမ်းဖက်တိုက်ခိုက်ခံရမှုနောက်ပိုင်း ပြည်ပဖိအားတွေကို
ပိုမိုရင်ဆိုင်ခဲ့ရပြီး ဒီဖိအားတွေနဲ့ပတ်သက်လို့ ပြည်ထောင်စုအစိုးရက တိုက်ရိုက် ကိုင်တွယ်ခဲ့ပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ကုလသမဂ္ဂ
လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာကို
တင်းသွင်းခဲ့ရာမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ အထူးစုံစမ်းစစ်ဆေးရေး
အဖွဲ့ ဖွဲ့ဖို့တောင်းဆိုခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ရခိုင်ပြည်နယ်ကို နိုင်ငံတကာ အချက်အလက်
ရှာဖွေဖော်ထုတ်ရေးအဖွဲ့ စေလွှတ်ဖို့ မတ် ၂၄ ရက်က ဆုံးဖြတ်ချက်ချခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့
လက်မခံကြောင်း အစိုးရက ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
"ရခိုင်ပြည်နယ်၏ ပကတိ အခြေအနေသည် ထိလွယ်ရှလွယ်ပြီး ဖြေရှင်းရန် စိန်ခေါ်မှု ကြီးမားနေဆဲ
အခြေအနေဖြစ်ပါသည်" လို့ အစိုးရက ပြန်လည်တုံ့ပြန်ခဲ့တဲ့ တုံ့ပြန်ချက်မှာ ရခိုင်ပြည်နယ်နဲ့
ပတ်သက်ပြီး ဖော်ပြခဲ့ပါတယ်။
















