မေလတွင် အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမည်

မေလတွင် အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမည်

ထရမ့်အစိုးရလက်ထက် အာဆီယံ - အမေရိကန် ဆက်ဆံရေး ကိစ္စရပ်များ ဆွေးနွေးရန်
အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများသည် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ရက်စ်တယ်လာဆန်နှင့်
လာမည့် မေလအတွင်း အထူးအစည်းအဝေးတစ်ခု ကျင်းပမည်ဖြစ်သည်။

အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့တွင် မေလအစောပိုင်း၌ ကျင်းပမည့် အာဆီယံ - အမေရိကန်
အရာရှိကြီးများ အစည်းအဝေးနှင့်အတူ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကိုလည်း
တစ်ဆက်တည်း ကျင်းပရန် မျှော်လင့်ထားသည်ဟု အာဆီယံမြို့တော်များရှိ သတင်းရင်းမြစ်များက
မြန်မာတိုင်း(မ်)ကို ပြောသည်။

အဆိုပါ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပမည့်ရက်ကို မသတ်မှတ်ရသေးကြောင်း၊
အာဆီယံထိပ်တန်း အရာရှိတစ်ဦးက ဆိုသည်။

နိုင်ငံခြားရေး ၀န်ကြီး ရက်စ်သည် မတ် ၁၀ ရက်တွင် ၀ါရှင်တန်ရှိ အာဆီယံနိုင်ငံများက
သံအမတ်ကြီးများနှင့် တွေ့ဆုံခဲ့ပြီးနောက် မေလတွင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံရန်
သဘောတူညီခဲ့ခြင်းဖြစ်သည်။

အာဆီယံအရေးတွင် အမေရိကန်တို့ ဆက်လက်ပူးပေါင်းပါ၀င်ရန် အရေးကြီးသည့် အချက်ကို
အမေရိကန်နိုင်ငံဆိုင်ရာ အာဆီယံသံအမတ်ကြီးများက ပြောကြားခဲ့ပြီး ထရမ့် အစိုးရလက်ထက်တွင်
အာဆီယံအရေး၌ အမေရိကန်တို့ ဆက်လက်ပြီး တက်ကြွစွာ ပါ၀င်ရန် အရေးဆိုခဲ့ကြသည်ဟု
အမည်မဖော်လိုသည့် သံအရာရှိတစ်ဦးက ပြောသည်။

အစောပိုင်းတွင် ထရမ့်အစိုးရသစ်သည် အာဆီယံအရေးကိစ္စကို အလေးမမူ၊ ဂရုမစိုက်မည်ကို
စိုးရိမ်ကြောင်း သံအမတ်ကြီးများက ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆိုသည်။

အမေရိကန် - အာဆီယံ ဆက်ဆံရေးတိုးမြှင့်နိုင်ရန် အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်မှာ
အင်ဒိုနီးရှားနိုင်ငံသို့ ဧပြီလ တတိယအပတ်အတွင်း အလည်အပတ် သွားရောက်မည်ဟု
မြန်မာတိုင်း(မ်)က သတင်းရရှိသည်။

အမေရိကန် ဒုတိယသမ္မတ၏ အဆိုပါခရီးစဉ်အတွင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်
လီလွမ်မင်းနှင့် တွေ့ဆုံမည် ဖြစ်သကဲ့သို့ ဂျကာတာရှိ အာဆီယံနိုင်ငံများ၏ အမြဲတမ်းကိုယ်စားလှယ်
အဖွဲ့များနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

သမ္မတဟောင်း အိုဘားမားလက်ထက်တွင် အမေရိကန် - အာဆီယံ ဆက်ဆံရေးမှာ အမြင့်ဆုံး
အနေအထားကို ရောက်ရှိခဲ့သည်။

အမေရိကန် - အာဆီယံ ဆက်ဆံရေး၏ မဟာဗျူဟာမြောက် အရေးပါမှုကို ပြသမှုအဖြစ်
သမ္မတအိုဘားမား လက်ထက်တွင် ကယ်လီဖိုနီးယား၌ အာဆီယံ - အမေရိကန် အထူးထိပ်သီး
အစည်းအဝေး ကျင်းပခဲ့သည်။

လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံက ပြီးခဲ့သည့်
ဖေဖော်ဝါရီလအတွင်း ဘော်ရာကေးကျွန်း၌ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲတွင်
အာဆီယံဆိုင်ရာ အမေရိကန်အစိုးရသစ်၏ မူဝါဒကို တိတိကျကျ သိရှိနိုင်ရေးအတွက်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရက်စ်နှင့် တွေ့ဆုံခွင့် တောင်းခံရန် သဘောတူခဲ့ကြသည်။

မေလတွင် ကျင်းပမည့် အာဆီယံ - အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသည်
အမေရိကန် - အာဆီယံ ဆက်ဆံရေး၏ အနာဂတ်ကို ပုံဖော်ပေးနိုင်လိမ့်မည် ဖြစ်သည်။

နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုကို အာဆီယံ၏ မဟာဗျူဟာ
မိတ်ဖက်နိုင်ငံအဖြစ် ယမန်နှစ်က အသိအမှတ်ပြုခဲ့သည်။

တီပီပီဟုခေါ်သော အမေရိကန် ဦးဆောင်သည့် လွတ်လပ်စွာ ကုန်သွယ်မှုအဖွဲ့အတွင်းသို့
အာဆီယံထဲမှ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူနှင့် ဘရူနိုင်းနိုင်ငံတို့ ၀င်ရောက်ခဲ့သည်။

ဇန်နဝါရီလတွင် ဒေါ်နယ်ထရမ့် အာဏာရလာသည့်အချိန်၌မူ တီပီပီအဖွဲ့က အမေရိကန် ပြည်ထောင်စု
နုတ်ထွက်လိုက်သည့်အတွက် ၎င်းအဖွဲ့၏ အနာဂတ်မှာ မရောမရာ ဖြစ်ခဲ့ရသည်။

ယခုနှစ်တွင် အာဆီယံနှင့် အမေရိကန် ပြည်ထောင်စု ဆက်ဆံရေး နှစ် (၄၀) ပြည့်မြောက်သည့်
အခမ်းအနားကို ကျင်းပမည်ဖြစ်သည်။

၁၉၆၇ ခုနှစ်မှစ၍ အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အမေရိကန်ပြည်ထောင်စုက
အမေရိကန်ဒေါ်လာ ၂၄ ဘီလျံ ကူညီထောက်ပ့ံခဲ့သည်။

ဇော်ညွန့် ဘာသာပြန်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး