နှစ်နှစ်နီးပါး နှောင့်နှေးနေခဲ့သည့် မြန်မာ တရုတ်ရေနံစိမ်းပိုက်လိုင်းစီမံကိန်းကို လာမည့်မေလတွင်
စတင်လည်ပတ်ရန် မျှော်မှန်းထားသည်ဟု တာဝန်ရှိသူများက ယခုရက်သတ္တပတ်အတွင်း
မြန်မာတိုင်း (မ်) ကိုပြောသည်။
မြန်မာ - တရုတ်ရေနံစိမ်းပိုက်လိုင်းစီမံကိန်းကို ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလတွင် စမ်းသပ်ဖွင့်လှစ်ခဲ့ပြီး
ဖြစ်သော်လည်း ပိုက်လိုင်းလည်ပတ်ရေး၊ နှစ်ဖက်အကျိုးခံစားခွင့်နှင့် ရေနံစိမ်းတင်ပို့ရေးဆိုင်ရာကိစ္စများ
အတွက် နှစ်နိုင်ငံအစိုးရများအကြား အချိန်နှစ်နှစ်ကျော်ကြာ ညှိနှိုင်းဆွေးနွေးနေခဲ့ကြရသည်။
''ပိုက်လိုင်းက လည်ပတ်ဖို့အဆင်သင့် ဖြစ်နေပါပြီ။ အထက်တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်ကို
စောင့်နေတာ ဖြစ်ပါတယ်။ လာမယ့်မေလလောက်မှာ စတင်လည်ပတ်နိုင်မယ်လို့ မျှော်မှန်း
ထားပါတယ်'' ဟု ပိုက်လိုင်းလည်ပတ်ရေးကို တာဝန်ယူဆောင်ရွက်နေသည့် အရှေ့တောင်
အာရှရေနံပိုက်လိုင်းကုမ္ပဏီ (SEAOP) တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာ - တရုတ် ရေနံပိုက်လိုင်းလည်ပတ်ရေးအတွက် ရေနံစိမ်းတင်သွင်း၊ သိုလှောင်၊
တင်ပို့ရောင်းချရေးဆိုင်ရာ စာချုပ်ကို မတ်လ ၂၈ ရက်တွင် ချုပ်ဆိုပြီးဖြစ်သော်လည်း
ရခိုင်ပြည်နယ်၊ မဒေးကျွန်းရှိ ရေနံဆိပ်ကမ်းနှင့် ပတ်သက်၍ ဆက်လက်ညှိနှိုင်းစရာများ
ကျန်ရှိနေသည်ဟု နေပြည်တော်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း တာဝန်ရှိသူ
တစ်ဦးက ပြောသည်။
''စာချုပ်ကို မနေ့ကပဲ လက်မှတ်ရေးထိုးပါတယ်။ ရေနံစိမ်း ဝယ်ယူတင်သွင်းရေးနဲ့ ပတ်သက်ပြီး
Chinaoil နဲ့ SEAOP လက်မှတ်ရေးထိုးတာပါ။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွေနဲ့
ဆက်ညှိရမယ့်ဟာတွေတော့ ရှိသေးတယ်'' ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း
ညွှန်ကြားရေးမှူး (ကမ်းလွန်) ဦးကျော်ဉာဏ်ထွန်းက ယမန်နေ့တွင် ပြောသည်။
လတ်တလောတွင် ရခိုင်ပြည်နယ် မဒေးကျွန်းဆိပ်ကမ်းသို့ အရှေ့အလယ်ပိုင်းဒေသက
ရေနံစိမ်းပမာဏ အမြောက်အမြား တင်သွင်းလာရန်ရှိသော်လည်း မည်သည့်အချိန်တွင်
တရုတ်နိုင်ငံသို့ ရေနံစိမ်းတင်ပို့နိုင်မည်ကို အတိအကျမပြောနိုင်သေးကြောင်း ၄င်းကဆိုသည်။
မန္တလေးမြို့အနီးရှိ သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းများ ထိန်းချုပ်ရေးစင်တာနှင့်
သဘာဝဓာတ်ငွေ့ဖြန့်ဖြူးရေးစခန်းများကို ကြည့်ရှုလေ့လာရန် SEAOP ကုမ္ပဏီတာဝန်ရှိသူများက
ပြည်တွင်းမီဒီယာအချို့နှင့် မြန်မာနိုင်ငံအခြေစိုက် တရုတ်မီဒီယာအချို့ကို မတ် ၂၄ ရက်တွင်
ဖိတ်ကြားခဲ့သည်။
ရခိုင်ပြည်နယ်၊ မဒေးကျွန်းမှစ၍ မြန်မာနိုင်ငံအလည်ပိုင်းကို ဖြတ်လျက် တရုတ်နိုင်ငံ
ယူနန်ပြည်နယ်အထိ သွယ်တန်းတည်ဆောက်ထားသည့် ရေနံစိမ်းပိုက်လိုင်းစီမံကိန်းကို
မြန်မာအစိုးရနှင့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းတို့ ၂ဝဝ၈ ခုနှစ်တွင် သဘောတူ
လက်မှတ်ရေးထိုးခဲ့ပြီး ၂ဝ၁၅ ခုနှစ်ဆန်းပိုင်းတွင် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးခဲ့သည်။
မြန်မာ - တရုတ် ရေနံစိမ်းပိုက်လိုင်း၏ တည်ဆောက်ရေး ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ
၂ ဒသမ ၄၅ ဘီလျံရှိပြီး၊ မြန်မာနိုင်ငံက ၄၉ ဒသမ ၁ ရာခိုင်နှုန်း ပါဝင်ရင်းနှီးမြှုပ်နှံထားသည်ဟု
တာဝန်ရှိသူများက ပြောသည်။ ရေနံစိမ်းပိုက်လိုင်းကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့
လုပ်ငန်းနှင့် တရုတ်နိုင်ငံ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းတို့ အကျိုးတူရင်းနှီးမြှုပ်နှံထားခြင်း
ဖြစ်ပြီး၊ ပိုက်လိုင်းစီမံခန့်ခွဲရေး လုပ်ငန်းများအတွက် အရှေ့တောင်အာရှ ရေနံပိုက်လိုင်းကုမ္ပဏီကို
ဖွဲ့စည်းထားသည်။ မြန်မာနိုင်ငံ၏ ပထမဆုံးနိုင်ငံတကာအဆင့် ရေနံတင်သင်္ဘောဆိပ်ကမ်း
ဖြစ်လာသည့် မဒေးကျွန်း၌ ရေနံစိမ်းသိုလှောင်ကန် ၁၂ ကန်တည်ဆောက်ထားပြီး၊
ရေနံဆိပ်ကမ်းအရှည်မှာ မီတာ ၄၈ဝ ရှိသည်။
မြန်မာ - တရုတ် ရေနံစိမ်းပိုက်လိုင်းမှာ တရုတ်နိုင်ငံ၏ အနာဂတ်ရေနံတင်သွင်းရေးဆိုင်ရာ
လမ်းကြောင်းတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံကို ဖြတ်သန်းတင်သွင်းလာမည့် ရေနံစိမ်းများကို
ယူနန်ပြည်နယ်ရှိ ရေနံချက်စက်ရုံနှင့် ချုံကင်းရေနံချက်စက်ရုံများတွင်
ချက်လုပ်မည်ဖြစ်သည်။
မြန်မာ - တရုတ် ရေနံစိမ်းပိုက်လိုင်းစီမံကိန်းမှာ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံအစိုးရ၏
ကြီးမားသော စီမံကိန်းကြီးများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ပြည်သူလူထုနှင့် အစိုးရ
မဟုတ်သော အဖွဲ့အစည်းများ၏ ဆန့်ကျင်ကန့်ကွက်မှုများကြောင့် ကချင်ပြည်နယ်ရှိ
မြစ်ဆုံရေကာတာ စီမံကိန်းကို ယခင်အစိုးရ သက်တမ်းအတွင်း ရပ်ဆိုင်းခဲ့သည့်နည်းတူ
တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်သည့်လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းစာချုပ်ကိုလည်း
၂ဝ၁၃ ခုနှစ်က ပြန်လည်ပြင်ဆင်ခဲ့သည်။
ရခိုင်ပြည်နယ် မဒေးကျွန်းမှ မြန်မာ - တရုတ်နယ်စပ်အထိ အရှည်အားဖြင့် ရ၇၁ ကီလိုမီတာ
ရှိသော ရေနံစိမ်း ပိုက်လိုင်းစီမံကိန်းအတွက်ပိုက်လိုင်းဖြတ်သန်းခအဖြစ် မြန်မာနိုင်ငံကနှစ်စဉ်
အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၁ သန်းရရှိမည်ဖြစ်ပြီး ရေနံစိမ်းပို့လွှတ်ခြင်းအတွက် ရေနံစိမ်း
တစ်တန်လျှင် အမေရိကန် ၁ ဒေါ်လာနှုန်းလည်း ရရှိမည်ဖြစ်သည်။
















