လက်နက်ရောင်းချမှုအလွန် မြန်မာ-ရုရှား ဆက်ဆံရေး

လက်နက်ရောင်းချမှုအလွန် မြန်မာ-ရုရှား ဆက်ဆံရေး

 

စီးပွားရေးထက် စစ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းသော မြန်မာ-ရုရှား
ဆက်ဆံရေးသည် လာမည့်နှစ်တွင် နှစ် (၇ဝ) ပြည့်မြောက်တော့မည်ဖြစ်သည်။ သို့ရာတွင်
မြန်မာ-ရုရှား ဆက်ဆံရေးသည် သိပ္ပံနှင့်နည်းပညာ၊ ပညာရေး၊ ခရီးသွားလုပ်ငန်းတို့ကဲ့သို့
စစ်ရေးမဟုတ်သော အခြားကဏ္ဍများသို့ပါ ပိုမိုကျယ်ပြန့်လာလျက်ရှိသည်။

မြန်မာနိုင်ငံကို အာရှ၏ အချက်အချာကျသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရုရှားနိုင်ငံက
ယူဆသကဲ့သို့ အရှေ့တောင်အာရှဒေသတွင် မော်စကိုအတွက် အခိုင်အမာခြေကုပ်ယူနိုင်
မည့် နိုင်ငံအဖြစ်လည်း မှတ်ယူထားသည်ဟု ဂျာမနီနိုင်ငံ၊ ရော့စ်တော့တက္ကသိုလ်တွဲဖက်
ပါမောက္ခ ဒေါက်တာလဒ်မီလာလုဇ်ကဆိုသည်။ ''မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း
အားဖြင့် နိုင်ငံတကာနိုင်ငံရေးစင်မြင့်ပေါ်က ရုရှားနိုင်ငံရဲ့ အနေအထားကို
ထိန်းကျောင်းနိုင်မယ့် အခွင့်အရေးကောင်းကို ရရှိမှာဖြစ်ပါတယ်'' ဟု ၄င်းက
ပြောသည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံများ၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၊ တရုတ်၊အိန္ဒိယတို့နှင့်
မြန်မာနိုင်ငံ၏ ဆက်ဆံရေးတွင် ရုရှားနိုင်ငံသည် ချိန်ခွင်လျှာညီမျှရေး အခန်းကဏ္ဍသစ်က
ပါဝင်လာနိုင်သည်ဟု ဒေါက်တာလဒ်မီလာလုဇ်က ယူဆသည်။ ရုရှားနှင့် မြန်မာ နှစ်နိုင်ငံ
စလုံးသည် စီးပွားရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အတွေ့အကြံုများကို အပြန်အလှန်
ဖလှယ်နိုင်ကြမည်ဟု ဆိုသည်။

ရုရှား-မြန်မာ ဆက်ဆံရေးမှာ အဓိကအားဖြင့် လက်နက်အရောင်းအဝယ်ဖြစ်သော်ငြားလည်း
အဆိုပါအရောင်းအဝယ်မှာ မည်သည့်နိုင်ငံကိုမျှ တိုက်ခိုက်ရန် ရည်ရွယ်ခြင်း မရှိပေ။
''လက်နက်ရောင်းတာက ရုရှားအတွက်တော့ စီးပွားရေးပါပဲ။ ဘယ်နိုင်ငံကိုမှ တိုက်ခိုက်ဖို့
မဟုတ်၊ ဘယ်ပဋိပက္ခမှာမှ ပါဝင်ဖို့ မဟုတ်ပါဘူး'' ဟု ၄င်းက ဆိုသည်။

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ထားသည့်
အချက်ကလည်း ရုရှားလက်နက်များ ရောင်းချရသည့် အကြောင်းရင်းတစ်ရပ်ဖြစ်သည်ဟု
ဒေါက်တာလဒ်မီလာလုဇ်က ဆက်လက် ပြောကြားသည်။

စစ်လက်နက် နည်းပညာ၊ စွမ်းအင်နှင့် သိပ္ပံနှင့် နည်းပညာကဏ္ဍများတွင် ရုရှားက
၄င်းတို့၏ ကျွမ်းကျင်မှုကို ဝေမျှပေးနိုင်သည်။ အလားတူပင် ရုရှားနိုင်ငံသည် ဆိုဗီယက်
ခေတ်နောက်ပိုင်း ပေါ်ထွန်းလာသည့် နိုင်ငံများစျေးကွက်သို့ ထုတ်ကုန်များ တင်ပို့ရန်
မြန်မာနိုင်ငံက ဂိတ်တံခါး ဖြစ်နေသည်။ ရုရှားနိုင်ငံသည် ယခင် ဆိုဗီယက်ပြည်ထောင်စုမှ
ခွဲထွက်လာသော လွတ်လပ်သည့်နိုင်ငံငယ်များနှင့် အရှေ့တောင်အာရှမှ ဗီယက်နမ်နိုင်ငံ
ပါဝင်သော လွတ်လပ်စွာကုန်သွယ်မှု အဖွဲ့သစ်တစ်ခုဖြစ်သည့် ယူရေးရှားသမဂ္ဂ၏
ဦးဆောင်နိုင်ငံလည်း ဖြစ်နေသည်။

မြန်မာပြည် အလယ်ပိုင်းချိုင့်ဝှမ်းဒေသရှိ လုပ်ကွက် အီးပီ-၄ တွင် ရုရှားရေနံကုမ္ပဏီ
ဘက်ရှ်နက်ဖ်နှင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းတို့သည် ရေနံနှင့်သဘာဝ
ဓာတ်ငွေ့ရှာဖွေရေး အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရုရှားကုမ္ပဏီက
အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၃ သန်း ရင်းနှီးမြှုပ်နှံထားသည်။

၂ဝ၁၅ ခုနှစ်တွင် ရုရှား-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၃ဝ
ဒသမ ၅ သန်းသာ ရှိခဲ့သော်လည်း ဒေါ် ၁ဝ ဘီလျံရှိသည့် တရုတ်-မြန်မာကုန်သွယ်မှုနှင့်
နှိုင်းယှဉ်ပါက ပမာဏနည်းနေသေးသည်။ ယခုနှစ်တွင် ရုရှားºမြန်မာ နှစ်နိုင်ငံ
ကုန်သွယ်မှုကို ဒေါ်လာသန်း ၅ဝဝ အထိ ရောက်ရှိရန် မျှော်မှန်းထားသည်။

မြန်မာနိုင်ငံသည် ရုရှားနိုင်ငံက စစ်လက်နက်များအပြင် စက်ပစ္စည်း၊ စက်မှုလုပ်ငန်းသုံး
ကိရိယာ၊ ယာဉ်အမျိုးမျိုး၊ ဓာတုပစ္စည်းနှင့် သတ္တုများ ဝယ်ယူတင်သွင်းကာ ရုရှားနိုင်ငံသို့
ဆန်နှင့် အထည်အလိပ်များ ပြန်လည် တင်ပို့လျက်ရှိသည်။

စတော့ခ်ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနဌာန၏ အချက်အလက်များအရ
၂ဝ၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် ရုရှားနိုင်ငံမှ ဒေါ်လာ ၂ဝ ဒသမ ၄ သန်းဖိုး
စက်လက်နက်များ ဝယ်ယူခဲ့ပြီး ရုရှား စစ်လက်နက်နှင့် တိုက်လေယာဉ်များကို အများဆုံး
တင်သွင်းသည့်နိုင်ငံများတွင် မြန်မာနိုင်ငံမှာအဆင့် (၅)နေရာ၌ ရပ်တည်လျက် ရှိသည်ဟု
ဆိုသည်။ ၂ဝဝ၉-၂ဝ၁ဝ ပြည့်နှစ်တွင်မူ ဒေါ်လာ ၅၁၁ သန်း တန်ဖိုးရှိ ရုရှားနိုင်ငံလုပ်
MiG 29B, MiG 29SE နှင့် MiG 29UB ဂျက်တိုက်လေယာဉ်များ မြန်မာနိုင်ငံက
ဝယ်ယူခဲ့သည်။

'လိုအပ်ချိန်တွင် ကူညီသည့် မိတ်ဆွေကောင်းပီသသော မြန်မာ - ရုရှားဆက်ဆံရေး'
ခေါင်းစဉ်ဖြင့် ရန်ကုန်အခြေစိုက် KonradAdenauer Stiftung (KAS) က သောကြာနေ့တွင်
ကြီးမှူးကျင်းပသော အခမ်းအနား၌ဒေါက်တာလဒ်မီလာလုဇ်က အထက်ပါအတိုင်း
ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရုရှားနှင့် မြန်မာ နှစ်နိုင်ငံစလုံးသည် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ အရေးယူမှုကို
အတူတကွ ခံစားခဲ့ကြရသဖြင့် တစ်ဦးကိုတစ်ဦး ကိုယ်ချင်းစာကာ ကူညီလိုကြသည်ဟု
ဒေါက်တာလဒ်မီလာလုဇ်က ဆိုသည်။

စစ်တပ်နှင့် ဘုန်းကြီးများ၊ ကျောင်းသားများအကြား ဖြစ်ပွားခဲ့သည့် ၂ဝဝ၇ ခုနှစ်
အရေးအခင်းအတွင်း မြန်မာနိုင်ငံအပေါ် ရှုတ်ချသည့် ကုလသမဂ္ဂဆုံးဖြတ်ချက်ကို
ရုရှားနှင့်တရုတ်နိုင်ငံတို့က ဆန့်ကျင်ခဲ့ကြသည်။ မကြာသေးမီကလည်း ရခိုင်အရေးကိစ္စနှင့်
စပ်လျဉ်း၍ မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ရုရှားနှင့် တရုတ်နိုင်ငံကပင်
ဗီတိုအာဏာသုံး၍ ပယ်ချခဲ့သည်။

ရုရှားနှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးကို ၁၉၄၈ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး
နောက်သုံးနှစ်အကြာတွင် နှစ်နိုင်ငံစလုံး၌ သံရုံးများ ဖွင့်လှစ်နိုင်ခဲ့သည်။ ဆိုဗီယက်
ခေါင်းဆောင် နီကီတာခရူးချော့ဖ်သည် မြန်မာနိုင်ငံသို့ ၁၉၅၅ ခုနှစ်က
အလည်အပတ် လာရောက်ခဲ့ဖူးသည်။

ဒေသတစ်ခုလုံးနှင့် စပ်လျဉ်း၍မူ ရုရှားနှင့် အာဆီယံ ဆက်ဆံရေး နှစ် (၂ဝ) ပြည့်
အထူးထိပ်သီး အစည်းအဝေးကို ယမန်နှစ်က ဆိုချီမြို့တွင် ကျင်းပခဲ့ပြီး ရုရှားသမ္မတ
ဗလာဒီမာပူတင်သည် အာဆီယံခေါင်းဆောင်များနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံ
ဆွေးနွေးခဲ့သည်။

ရုရှားနိုင်ငံသည် အာဆီယံ၏ မဟာဗျူဟာမိတ်ဖက်နိုင်ငံဖြစ်လာရန် မျှော်လင့်ထားသည်။
အာဆီယံနှင့် မဟာဗျူဟာမိတ်ဖက်ဖြစ်သော အခြားနိုင်ငံများမှာ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊
အိန္ဒိယ၊ သြစတြေးလျ၊ နယူးဇီလန်နှင့် အမေရိကန်ပြည်ထောင်စုတို့ ဖြစ်ကြသည်။

ဇော်ညွန့် ဘာသာပြန်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး