အမ်းမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဘယ်သူဖြစ်မလဲ

အမ်းမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဘယ်သူဖြစ်မလဲ

 

လာမယ့်ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်ထဲက လစ်လပ်မဲဆန္ဒနယ်ဖြစ်တဲ့
အမ်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ကိုယ်စားလှယ်လောင်းလေးယောက် ဝင်ရောက်
ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က
ကြားဖြတ်ရွေးကောက်ပွဲမှာ အမ်းမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁ဝ နဲ့
၂ဝ၁၅ ရွေးကောက်ပွဲတွေမှာအမ်းမဲဆန္ဒနယ်အတွက် ရခိုင်အမျိုးသားပါတီနဲ့ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ပါတီကို ကျော်လွန်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိထားပါတယ်။

စနေနေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်း
ဦးသောင်းငြိမ်းက အမ်းမဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ထားပါတယ်။ အမ်းမဲဆန္ဒနယ်မှာ
တစ်သီးပုဂ္ဂလတစ်ဦးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကိုယ်စားလှယ်လောင်းတစ်ဦးလည်း
အမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ အမ်းမဲဆန္ဒနယ်က အခြားမဲဆန္ဒနယ်တွေထက် ပိုမိုစိတ်ဝင်စားဖွယ်
ကောင်းနေပါတယ်။ ၂ဝ၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲရလဒ်နဲ့ လူထုရဲ့နိုင်ငံရေးရေချိန်အရ
အခြားမဲဆန္ဒနယ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ခြေအားသာပေမဲ့ အမ်းမဲဆန္ဒနယ်
မှာတော့ မလွယ်ကူတဲ့ အခြေအနေရှိပါတယ်။

အမ်းမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု
ကိုယ်စားလှယ်လောင်း ဦးဇော်ဝင်းမြင့်က ရခိုင်ပြည်သူလူထုနဲ့ ထိတွေ့မှုနည်းသလို ရွေးကောက်ပွဲ
စည်းရုံးရေး အားနည်းမှုရှိနေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင်
ဦးဝင်းထိန်က ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲမှာ အနိုင်ရဖို့
ပြင်းပြင်းထန်ထန် အားထုတ်ခိုင်းထားတယ်လို့ ဆိုထားပေမဲ့ အစိုးရသက်တမ်း တစ်နှစ်အတွင်း
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေ၊ ရခိုင်ပြည်သူလူထုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အစိုးရကြား အနုတ်သဘောဆောင်တဲ့ ထိတွေ့မှုတွေက အမ်းမဲဆန္ဒနယ်ကတစ်ဆင့်
ပြည်သူ့လွှတ်တော်နေရာရဖို့ မသေချာတဲ့ အနေအထားရှိပါတယ်။

''ဒီကြားဖြတ်က ကျွန်တော်တို့ပါတီကို ရခိုင်ပြည်သူတွေက ဘယ်လောက်ယုံကြည်မှုရှိလဲ
ဆိုတာ စမ်းသပ်တဲ့ပွဲပါပဲ။ ကြားဖြတ်မှာ ရှုံးရင်တော့ ကျွန်တော်တို့ နိုင်ငံရေးက ဆိုးရွားတဲ့
အခြေအနေဖြစ်သွားပါပြီ'' လို့ ရခိုင်အမျိုးသားပါတီ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး
ခေါင်းဆောင် ဦးထွန်းအောင်ကျော်က ပြောပါတယ်။

ဒေသခံပြည်သူတချို့နဲ့ ရခိုင်အမျိုးသားပါတီကြား မကျေလည်မှုတွေ၊ ပါတီတွင်း အကွဲအပြဲတွေ
ကြောင့် အမ်းမဲဆန္ဒနယ်မှာ ဒေါက်တာအေးမောင် တော်တော်ရုန်းကန်ရမယ့် အခြေအနေပါ။
တကယ်လို့သာ ဒီတစ်ကြိမ်မှာ ထပ်မံရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ဒေါက်တာအေးမောင်အတွက်
သာမက ရခိုင်အမျိုးသားပါတီရဲ့ ပုံရိပ်ဟာ ဆိုးရွားစွာကျဆင်းသွားမယ့် အခြေအနေပါပဲ။

''ဒေါက်တာအေးမောင် အနိုင်ရရှိရေးက ကျွန်တော်တို့အတွက် သေရေးရှင်ရေးဖြစ်ပါတယ်'' ဟု
ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးဖေသန်းက ပြောပါတယ်။

နိုင်ငံရေး အခြေအနေအရ ပြည်ခိုင်ဖြိုးပါတီနဲ့ ရခိုင်အမျိုးသားပါတီတို့ ပြင်းပြင်းထန်ထန်
ယှဉ်ပြိုင်ရမယ်လို့ ထင်ရပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနဲ့သာ အနိုင်လုရဖွယ်
ရှိတယ်လို့ ဦးထွန်းအောင်ကျော်ကဆိုပါတယ်။ တပ်နယ်မြေအခိုင်အမာရှိထားတဲ့ ပြည်ခိုင်ဖြိုး
ပါတီက လက်ရှိအချိန်ထိ မဲဆွယ်စည်းရုံးရေးကို ပြင်းပြင်းထန်ထန် ဆောင်ရွက်တာမျိုး
မရှိသေးပါဘူး။ ဒါပေမဲ့ ပြည်ခိုင်ဖြိုးပါတီ အမာခံထောက်ခံသူတွေရှိတဲ့ တပ်တောင်နယ်လို
ဒေသတွေမှာတော့ မဲဆွယ်စည်းရုံးရေးမလုပ်လည်း ပြည်ခိုင်ဖြိုးက အားသာချက်ရှိနေ
ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ကိုယ်စားလှယ်လောင်းအနေနဲ့ အနိုင်ရရှိနိုင်ဖို့
ပြင်းပြင်းထန်ထန် ဆောင်ရွက်နေပေမဲ့ မဲဆန္ဒနယ်အားလုံးကို စည်းရုံးရေးမဆင်းနိုင်သေး
ဘူးလို့ အမ်းမဲဆန္ဒနယ် ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီအဖွဲ့ဝင် ဦးမြင့်ဌေးက
ပြောပါတယ်။

''ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ အမ်းက အနိုင်ရထားတဲ့ ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်မှုက
ခုထိ ကျေနပ်စရာပါပဲ။ ဒါကြောင့် ကြားဖြတ်မှာ ဘယ်သူ့ကို မဲပေးရမလဲဆိုတာ တော်တော်
စဉ်းစားရခက်တဲ့ကိစ္စပါ။ ကျွန်တော်တို့ကတော့ ပါတီမူဝါဒတင် မဟုတ်ဘူး။
ကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်းကို ကြည့်ပြီးမှပဲ ရွေးချယ်ရမှာပါ'' လို့ အမ်းမြို့နယ်
တပ်တောင်ဒေသခံ ဦးလင်းလင်းထွန်းက ပြောပါတယ်။

ကျောက်ဖြူခရိုင် ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ အမ်းမဲဆန္ဒနယ်မှာ မဲပေးခွင့်
ရှိသူ ရ၅,ဝဝဝ ကျော်ရှိပြီး မဲရုံ ၁၃၇ ရုံဖွင့်လှစ်ထားပါတယ်။ အမ်းဒေသ ကြားဖြတ်ရွေးကောက်ပွဲ
စောင့်ကြည့် လေ့လာရေးအတွက် ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့လာသူ ၁ဝဝ ကျော်ကို
ခွင့်ပြုထားပါတယ်။

''ရွေးကောက်ပွဲမှာ ဘာအမှားအယွင်းမှ မရှိအောင် ကျွန်တော်တို့ အကောင်းဆုံးလုပ်ဆောင်မှာ
ဖြစ်ပါတယ်။ ရွေးကောက်ပွဲရလဒ်ကို ငါးရက်အတွင်း ထုတ်ပြန်ပေးမယ်''လို့ ကျောက်ဖြူခရိုင်
ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးဌေးအောင်ခိုင်က ပြောပါတယ်။

လက်ရှိအခြေအနေအရ အမ်းမဲဆန္ဒနယ်မှာ ရခိုင်အမျိုးသားပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီနှစ်ခုသာ
အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် သဘောရှိပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တစ်သီးပုဂ္ဂလ
ကိုယ်စားလှယ်လောင်းတွေဆီကို ပြန့်သွားမယ့်မဲတွေကြောင့်လည်း ရွေးကောက်ပွဲရလဒ်က
ပုံစံပြောင်းနိုင်ပါတယ်။

''စည်းရုံးရေး အားကောင်းပြီး လူအများစု ထောက်ခံမှုရနေတာတော့ ဒေါက်တာအေးမောင်ပဲ။
ဒါပေမဲ့ ရွေးကောက်ပွဲရလဒ်ကတော့ ဘယ်လိုဖြစ်လာမလဲ မသိသေးဘူး။ ဒေါက်တာအေးမောင်က
မန်ယူအသင်းနဲ့ တူနေတယ်'' လို့ အမ်းမြို့နယ် ၃ ရပ်ကွက် ဒေသခံ ဦးဖိုးလုံးက ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး