ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ အဓိပ္ပာယ်

ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ အဓိပ္ပာယ်

ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲသည် မြန်မာ့ဒီမိုကရေစီ တိုးတက်ဖွံ့ဖြိုးမှု သမိုင်းမှတ်တမ်းတွင်
အကြောင်းရင်းများစွာဖြင့် အရေးပါအရာရောက်သည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်သည်။

ပထမဆုံးအနေဖြင့် မြန်မာ့ဒီမိုကရေစီ လမ်းကြောင်းသစ်တစ်ရပ် ဖွင့်လှစ်ပေးခဲ့သော သမိုင်းဝင်
၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲ၏ နောက်ဆက်တွဲဖြစ်စဉ်ပင်ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဦးဆောင်သည့် အစိုးရ လက်ထက်တွင်
ပထမဆုံး ရွေးကောက်ပွဲ ဖြစ်သည်။

ရွေးကောက်ပွဲလုပ်ငန်းစဉ် တစ်ရပ်လုံးသည် လွတ်လပ်မျှတ၍ ပွင့်လင်းမြင်သာရှိလိမ့်မည်ဟူသော
မျှော်လင့်ချက်များ မြင့်တက်လျက်ရှိသည်။

တစ်နည်းဆိုရလျှင် ရွေးကောက်ပွဲ၏ အမြင့်ဆုံး စံနှုန်းအဆင့် ရှိရမည်ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲကို အခက်အခဲ တစ်စုံတစ်ရာမရှိဘဲ ချောမော အဆင်ပြေစွာ ကျင်းပနိုင်ရေးမှာ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်ဖြစ်သည်။

ဒီမိုကရေစီလုပ်ငန်းစဉ်ကို ပိုမိုအားကောင်းလာရန် ကြိုးပမ်းနေမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြည်တွင်းနှင့်
နိုင်ငံတကာက လေ့လာစောင့်ကြည့်သူ ရာပေါင်းများစွာကို ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရန်
ဖိတ်ကြားထားသည်။

၎င်းတို့၏ ထင်မြင်ယူဆမှုမှာ မည်သို့ပင်ရှိသည်ဖြစ်စေ အင်န်အယ်လ်ဒီ အစိုးရလက်ထက် ဒီမိုကရေစီ
ဖော်ဆောင်မှု ရှေ့အလားအလာများကို အကျိုးသက်ရောက် မှုရှိမည်ဖြစ်သည်။

အကြောင်းမှာ ရွေးကောက် ပွဲဖြစ်စဉ်ကို ထိခိုက်စေမည့် မည်သို့သော ကိစ္စရပ်မဆို အစိုးရ၏
နာမည်ဂုဏ်သတင်းကို ထိခိုက်ပျက်ပြားစေနိုင်ခြင်းကြောင့်ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် အင်န်အယ်လ်ဒီ အာဏာရရှိလာရခြင်းမှာ ပြည်တွင်းပြည်ပ နှစ်ရပ်လုံး၌
ဒေါ်အောင်ဆန်းစုကြည်၏ ကောင်းသတင်း ကျော်စောမှုနှင့် နိုင်ငံရေး အရှိန်အဝါကြီးမားမှုက
အများဆုံး ပါ၀င်သည်။

ကမ္ဘာ့အကျော်ကြားဆုံး ဒီမိုကရေစီ ခေါင်းဆောင်များထဲက တစ်ဦးအဖြစ် သတ်မှတ်ခံရသူ
ဒေါ်အောင်ဆန်းစုကြည် ဂုဏ်သတင်းမှာ လွန်ခဲ့သည့်နှစ်အတွင်း ကြီးကြီးမားမား စမ်းသပ်မှုတစ်ရပ်နှင့်
တွေ့ကြံုလာရသည်။

ဆင်းရဲမွဲတေမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအပါအဝင်
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ဆက်နွှယ်သော အဓိကအတားအဆီးများကို ဖြတ်ကျော်ရန်
လိုအပ်သည့် အုပ်ချုပ်ရေးဆိုင်ရာ စိန်ခေါ်မှုများ ရင်ဆိုင်ကြံု တွေ့နေရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးမဲဆန္ဒနယ်ရှိ အမတ်နေရာတစ်နေရာ အပါအဝင် စုစုပေါင်း
လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲကို ပြည်တွင်း၌
စိတ်ဝင်စားမှု လျော့နည်းနေသော်လည်း တစ်ကမ္ဘာလုံး စောင့်ကြည့်ခံနေရသည့် အခြေအနေတွင်
ရှိနေသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များက ဒေါ်အောင်ဆန်းစုကြည်ပါတီက အမတ်လောင်းများကို
မဟုတ်ဘဲ အခြားအတိုက်အခံပါတီက အမတ်လောင်းများကို မဲပေးရွေးချယ်ရန်စဉ်းစားမည်ဟု
မည်သူကမျှ တွေးထင်နိုင်မည် မဟုတ်သည်မှာ ထင်ရှားသည်။

မဲဆန္ဒရှင်များမှာ လိမ္မာပါးနပ်ပြီး မည်သည့်အမတ်လောင်းကို မဲပေးရွေးချယ်ရမည်ကို သိရှိသူများ
ဖြစ်ကြသည်။

မဲဆွယ်ရာတွင် ကတိပြုထားသည်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်သူများကိုလည်း
သိရှိသကဲ့သို့၊ ပျက်ကွက်သည်များကိုလည်း သိရှိထားရာ မည်သို့မည်ပုံ တုံ့ပြန်ရမည်ကို မဲဆန္ဒရှင်များ
သိရှိပြီးဖြစ်သည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် မည်သည့်အရာမဆို ဖြစ်နိုင်သည်။

၂၀၁၅ ခုနှစ်၌ မဲပေးခဲ့ကြသည့်အတိုင်း ၎င်းတို့၏ ရင်ထဲမှဖြစ်ပေါ်လာသော ဆန္ဒများအတိုင်း
ဆောင်ရွက်ကြသူများ ဖြစ်သည်။

လွန်ခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံ၌ နိုင်ငံရေး အခြေအနေအမျိုးမျိုး ပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် ယခုကြားဖြတ်ရွေးကောက်ပွဲမှာ ကော့မှူး၌ရှိသော မဲဆန္ဒရှင်များအပေါ် လက်ရှိအစိုးရ၏
ဆောင်ရွက်ချက် မည်သို့ မည်ပုံသက်ရောက်မှု ရှိမည်ကို မြင်တွေ့ရန် ဖြစ်လာသည်။

ထောက်ခံမဲပေးမှု တိုးလာသည်ဖြစ်စေ၊ လျော့သွားသည်ဖြစ်စေ ယင်းနှင့် ပတ်သက်ပြီး
လက်ဖက်ရည်ဆိုင် စကားစစ်ထိုးပွဲများ၊ သတင်းပလင်းများ မပြတ်မစဲ ထွက်ပေါ်လာလိမ့်ဦးမည်
ဖြစ်သည်။

ရွေးကောက်ပွဲ ရလဒ်ကို သဘောထားပြောင်းလဲမှု လက္ခဏာ တစ်ရပ်အဖြစ် တွေ့မြင်ရမည်ဖြစ်သည်။

တတိယအချက်အနေဖြင့် ရှမ်းပြည်နယ် မိုင်းရှူးနှင့် ကျေးသီးမြို့နယ်များတွင် ပထမဆုံးအကြိမ်
မဲပေးကြရမည်ဖြစ်သည်။

ချီးကျူး စရာကောင်းသည်မှာ ထိုနေရာများတွင် အာဏာရပါတီ၏ ရွေးကောက်ပွဲဝင်
ကိုယ်စားလှယ်လောင်းက ကန့်ကွက်သော်လည်း ဆန္ဒမဲပေးခြင်းကို လုပ်ဆောင်ရန် ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

လက်နက်ကိုင်ပဋိပက္ခအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ဒေသတစ်ခု၌ နေထိုင် နေရသည့်တိုင်
မဲဆန္ဒရှင်အားလုံး ၎င်းတို့၏ ဒီမိုကရေစီ လူ့အခွင့်အရေးကို ရရှိရေးမှာ အလွန်အရေးကြီးလှသည်။

လူ့အဖွဲ့အစည်းကို ကောင်းမွန်အောင် ပြောင်းလဲရန်မှာ လက်နက်ထက် မဲဆန္ဒရှင်၏ သဘောထားက
ပို၍ အင်အားကြီးမားသည်။

အဆိုပါမြို့နယ် နှစ်ခု၌ မဲဆန္ဒပေးနိုင်တော့မည့် အဖြစ်သည် ရွေးကောက်ပွဲဖြစ်စဉ်၌ ပါ၀င်နိုင်မှု
အခြေအနေ ကျယ်ပြန့်လာခြင်းကို ပြသလျက်ရှိသည်။

ယင်းနယ်မြေဒေသများတွင် ရွေးကောက်ပွဲ မသမာမှုများအတွက် တစ်စုံတစ်ရာကြိုးပမ်းမှုများရှိလျှင်
ပြစ်တင် ရှုတ်ချခံရမည်ဖြစ်သည်။

မဲဆန္ဒရှင်များကို မည်သူတစ်ဦးတစ်ယောက်ကမျှ ခြိမ်းခြောက်ခြင်း သို့မဟုတ် အကျပ်ကိုင်ခြင်း
မပြုလုပ်နိုင်။

မဲဆန္ဒရှင်များက ၎င်းတို့ရွေးကောက် တင်မြှောက်မည့် ကိုယ်စားလှယ်ကို အမြော်အမြင် ကြီးကြီးဖြင့်
ရွေးချယ်ရမည်ဖြစ်သည်။

နောက်ဆုံးအချက်မှာ မဲဆန္ဒရှင်များ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို စိတ်ထက်သန်မှု အတိုင်းအတာ
အဆင့်ကို ယခုကြား ဖြတ်ရွေးကောက်ပွဲက ဖော်ညွှန်းပြသပေးမည် ဖြစ်သည်။

မဲဆန္ဒရှင်အရေအတွက် အများဆုံး ထွက်ကာ မဲလာပေးကြရန် လွန်ခဲ့သည့်ရက် သတ္တပတ်များအတွင်း
အစိုးရနှင့် လူမှုအဖွဲ့အစည်း တာဝန်ရှိသူများက အသိပညာပေး လှုပ်ရှားမှုများ ကြိုးကြိုးစားစား
ဆောင်ရွက်ခဲ့ကြသည်။

ဒီမိုကရေစီစနစ်တွင် မဲဆန္ဒရှင်များက ၎င်းတို့၏ အခွင့်အရေးကို ပြသပြီး ကျင့်သုံးရမည်ဖြစ်သည်။
မဲပေးရန် ပျက်ကွက်ခြင်း မရှိသင့်ပေ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး