အနီနှင့် အစိမ်းကြားက တစ်သီးပုဂ္ဂလများ

အနီနှင့် အစိမ်းကြားက တစ်သီးပုဂ္ဂလများ

"ကျွန်တော့်အတွက် အနိုင်၊ အရှုံးက အဓိက မဟုတ်ဘူး၊ သာမညပဲ။ ကျွန်တော်ဝင်ပြိုင်တာက
အခု အနီလည်း အားမရဘူး။ အစိမ်းကလည်း အားကိုးလို့ မရဘူး။ ဘယ်သူ့မှ အားမရလို့ကို
၀င်ပြိုင်တာ" ဟု ခပ်ပြတ်ပြတ် ဆိုလိုက်သူကတော့ အသက် ၆၃ နှစ်အရွယ် ဦးကျော်သန်း ဖြစ်ပါတယ်။

လာမယ့်စနေနေ့ ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဗီနိုင်းတွေနဲ့
အလှဆင်ထားတဲ့ လိုက်ထရပ်ကား သုံးစီးနဲ့အတူ ရပ်ကွက်အတွင်း လှည့်လည်မဲဆွယ်ဖို့ အရေး
ဦးကျော်သန်းတစ်ယောက် မနက် ၅ နာရီကတည်းက အဆင်သင့်ဖြစ်လို့နေပါပြီ။

"နေပြင်းတော့ စောစာပဲ အိမ်က ထွက်တာ။ မနက် ၁၁ နာရီ၊ ၁၂ နာရီလောက်ဆိုရင်ပဲ
ရပ်ကွက်သုံးလေးခုလောက် အန်ကယ် ပတ်ပြီးသွားပြီ။ မဲဆွယ်ကာလ ရက် ၆၀ အတွင်းမှာ
ကျောင်းသားတွေ စာမေးပွဲဖြေတဲ့ ရက်က လွဲရင် ကျန်တဲ့ ရက်အားလုံး တစ်ရက်မပြတ်
ရပ်ကွက်တိုင်းကို လှည့်သွားနေပါတယ်"လို့ ဦးကျော်သန်းက ပြောပါတယ်။

၁၉၉၂ ခုနှစ်မှာ ဒုအရာခံဗိုလ်ရာထူးနဲ့ တပ်မတော်ကနေ အငြိမ်းစားယူခဲ့သူ ဦးကျော်သန်းက
လက်ရှိမှာတော့ ကုန်တင်ကား အငှားလုပ်ငန်းကို ဦးစီးလုပ်ကိုင်နေသူ တစ်ဦးဖြစ်ပါတယ်။

ပါတီနိုင်ငံရေးမှာ ၀င်ရောက် လှုပ်ရှားခဲ့တာ မရှိပေမဲ့ နိုင်ငံရေး ၀ါသနာအခြေခံကြောင့်
မိသားစုဝင်တွေရဲ့ ကန့်ကွက်မှုတွေ ကြားကပဲ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ
ကိုယ်စားလှယ်လောင်းအနေနဲ့ ၀င်ပြိုင်သွားမှာဖြစ်ပါတယ်။

"ဘယ်သူမှကို အားမပေးတာ။ သားသမီး နှစ်ယောက်စလုံးက ၀န်ထမ်းတွေလေ။ ဒီတော့
စိုးရိမ်ကြတယ်။ သားက လက်ရှိ ဗိုလ်မှူး။ လေယာဉ်မောင်းတဲ့သူ၊ ကန့်ကွက်တာပေါ့။ ဒါပေမဲ့
အန်ကယ်က ကိုယ့်ယုံကြည်ချက်၊ ခံယူချက်နဲ့ ၀င်ပြိုင်တာ"လို့ ဦးကျော်သန်းက ပြောပါတယ်။

ကုန်တင်ကားလုပ်ငန်းကနေ ၀င်ငွေရပေမဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့
လိုအပ်တဲ့ ကုန်ကျငွေကိုတော့ သူစုထားတဲ့ ပင်စင်ငွေ သိန်း ၂၀ ကိုထုတ်သုံးရင်း
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဦးကျော်သန်း
၀င်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီကြီးနှစ်ခု ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)၊
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် အခြားပါတီက ကိုယ်စားလှယ်လောင်းတွေလည်း
၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် တစ်သီးပုဂ္ဂလတစ်ယောက် အနိုင်ရဖို့ဆိုတာ အင်မတန်မှ
ခဲယဉ်းတဲ့ အခြေအနေ ရှိနေပါတယ်။

တစ်သီးပုဂ္ဂလ ကိုယ်စားလောင်းတစ်ယောက်အတွက် ရွေးကောက်ပွဲကော်မရှင်မှာ အမည်စာရင်း
တင်သွင်းတာ၊ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဆင်းတာ တွေကအစ ငွေကြေးနဲ့ လူအင်အားပိုင်း
အခက်အခဲတွေ အများကြီးရှိနေပါတယ်။

အမျိုးမျိုးသော အခက်အခဲတွေရှိနေသည့်တိုင် ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲအတွက်
လစ်လပ်မဲဆန္ဒနယ် ၁၉ ခုမှာ ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ၈၈ ဦးနဲ့ အတူ
တစ်သီးပုဂ္ဂလိက ခုနစ်ဦး ၀င်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

သူတို့ ၀င်ပြိုင်ဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့ပါလဲ။ သေချာတာတော့ သူတို့တစ်ဦးချင်းမှာ မတူညီတဲ့
နိုင်ငံရေးခံယူချက်ရှိပြီး ဒါတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ရင်း
နေရာတစ်ခုအတွက် ပြိုင်ဆိုင်တာကတော့ အသေအချာပါပဲ။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အင်န်အယ်လ်ဒီ လူငယ်ပါတီဝင်အနေနဲ့ ကိုးနှစ်တာ
တာဝန်ထမ်းဆောင်ပြီးနောက် တစ်သီးပုဂ္ဂလအဖြစ် ကော့မှူးမြို့နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့်
သူကတော့ ဦးဇော်ထွန်း ဖြစ်ပါတယ်။

"၂၀၁၂၊ ၂၀၁၅ ရွေးကောက်ပွဲမှာ လူငယ်အဖွဲ့ဝင်အနေနဲ့ ပါတီအတွက် အတတ်နိုင်ဆုံး
လုပ်ခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ လူကို မကြည့်ဘဲ ပါတီကို မဲပေးပါဆိုတဲ့ စကားက
တကယ့်လက်တွေ့မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ အလှမ်းဝေးလာတာကို သတိထားမိတယ်။
ဒါကြောင့် လူထုဆန္ဒနဲ့ အနီးစပ်ဆုံးသွားနိုင်မယ့် ပါတီစွဲ၊ မူဝါဒစွဲကင်းတဲ့ တစ်သီးပုဂ္ဂလ
အမတ်တစ်ယောက် ဖြစ်ဖို့ ကျွန်တော် ကော့မှူးမှာ ၀င်ပြိုင်တာ"လို့ ဦးဇော်ထွန်းက ပြောပါတယ်။

ပါတီဝင်ဖြစ်ခဲ့ပေမဲ့ တစ်သီးပုဂ္ဂလ အမတ်လောင်းအဖြစ် ၀င်ပြိုင်ဖို့ တွန်းအားဖြစ်စေတဲ့
နောက်တစ်ချက်က ပါတီဗဟိုကော်မတီဝင်တွေက ဒေါ်အောင်ဆန်းစုကြည် ချမှတ်ထားတဲ့
ပါတီမူဝါဒတွေပေါ်မှာ အကောင်အထည်ဖော်မှု အားနည်းတာကြောင့်လို့ ဦးဇော်ထွန်း က ဆိုပါတယ်။

"ပါတီမူဝါဒတွေက ကောင်းတယ်။ အမေ ဒေါ်အောင်ဆန်းစုကြည်ကလည်း လူငယ်တွေကို ဦးစားပေးဖို့
အမြဲပြောတယ်။ ဒါပေမဲ့ စီအီးစီကတော့ ဒါတွေကို အကောင်အထည်ဖော်ဖို့ အားနည်းတယ်။ ပြိုင်ဖို့
လူငယ် ကိုယ်စားလှယ်လောင်းတင်တယ်။ သူတို့က ပြောတယ်။ နှစ် ၂၀ လောက် ပေးဆပ်ခဲ့တာ၊
ဒုက္ခခံခဲ့တာ မပေးနိုင်ဘူးပေါ့။ သေချာတယ် သူတို့ ကိုစောင့်နေရင် ကျွန်တော်ဘယ်တော့မှ
ကိုယ်စားလှယ်လောင်း ဖြစ်မှာမဟုတ်ဘူး" လို့ ပုဂ္ဂလိကကျောင်းဆရာဖြစ်တဲ့ အမတ်လောင်း
ဦးဇော်ထွန်းက ပြောပါတယ်။

ကော့မှူးမြို့နယ်မှာ တစ်သီးပုဂ္ဂလနှစ်ဦး အပါအဝင် ပါတီကိုယ်စားပြု အမတ်လောင်း ခုနစ်ဦး
ယှဉ်ပြိုင်ကြမှာဖြစ်ပြီး အင်န်အယ်လ်ဒီ ပါတီကတော့ တစ်ရေးနိုး ထပြိုင်ရင်တောင် အနိုင်ရမယ့်
မဲဆန္ဒနယ်ဖြစ်တယ်လို့ ကြွေးကြော်ထားတာပါ။

"ပြိုင်ဘက်တွေကို သဘောကျလို့ကို ၀င်ပြိုင်တာဆိုတော့ ရလဒ်နဲ့ ပတ်သက်ပြီး စိုးရိမ်တာ မရှိဘူး။
၁ ရက်နေ့အထိ အရှုံးသမားလို့ မခံယူထားဘူး။ နောက်တစ်ချက် မျှော်လင့်တာက အနီကိုကော၊
အစိမ်းကိုကော မကြိုက်တဲ့သူတွေက ကျွန်တော်တို့လို ၂၁ ရာစုရဲ့ ပညာတတ်၊ လူငယ်
တစ်သီးပုဂ္ဂလတွေကို နေရာပေးမလားဆိုတဲ့ စဉ်းစားချက်မျိုးကြောင့်လည်း ခုချိန်မှာတော့
ကိုယ့်ကိုယ်ကိုယ် ရာနှုန်းပြည့် ယုံကြည်မှု ရှိထားပါတယ်" လို့ အသက် ၃၆ နှစ်အရွယ်
ဦးဇော်ထွန်းက ဆိုပါတယ်။

တကယ်လို့ ရှုံးခဲ့ရင်လည်း လွှတ်တော် ပြင်ပနိုင်ငံရေးနဲ့ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆက်လုပ်နေမယ့် ဦးဇော်ထွန်းက အနာဂတ်မှာ အားကိုးလို့ရမယ့် ခေါင်းဆောင် တစ်ယောက်ဖြစ်ဖို့
ရွေးကောက်ပွဲဆိုတာ သူ့အတွက် လေ့လာသင်ယူစရာတွေ ရရှိမယ့်နေရာလို့ ခံယူထားပါတယ်။

ဦးဇော်ထွန်းလိုပဲ ကော့မှူးမှာ တစ်သီးပုဂ္ဂလအဖြစ်ပြိုင်မယ့် လူငယ်ပညာတတ် နောက်တစ်ဦးကတော့
ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးကွန်ရက်ရဲ့ ခေါင်းဆောင်ဖြစ် သူ ဦးမျိုးသီဟထွန်း ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်၊ ထိုင်းနိုင်ငံမှာ မြန်မာအစိုးရရဲ့ အတိုက်အခံ အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးမှုကြောင့်
မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီး ထောင်ချခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်း
ဖြစ်သူ ဦးမျိုးသီဟထွန်းဟာ အင်န်အယ်လ်ဒီပါတီဝင် မဟုတ်ပေမဲ့ ပြီးခဲ့တဲ့ရွေးကောက် ပွဲတွေမှာ
ပါတီအောင်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းက ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။

လူမှုရေးလုပ်ငန်းတွေမှာ ပါ၀င်ဆောင်ရွက်လာရာက ဒေသခံတွေရဲ့ အားပေးထောက်ခံမှုရယ်၊
လက်ရှိ တောင်သူလယ်သမားတွေရဲ့ အခွင့်အရေး၊ လူမှုဘဝတွေကို တိုးတက်အောင်
ဆောင်ရွက်လိုတာကြောင့် ကော့မှူးမှာ တစ်သီးပုဂ္ဂလ ၀င်ပြိုင်ဖို့ ဦးမျိုးသီဟထွန်းက ဆုံးဖြတ်ခဲ့ပါတယ်။

"ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ပါ၀င်ဖို့ လိုတယ်။
လက်ရှိအခြေအနေကိုလည်း အားမရပါဘူး။ အာဏာရအစိုးရ ဖြစ်လာတဲ့ အင်န်အယ်လ်ဒီက
တကယ့်လက်တွေ့မှာ ပြောထားသလောက် လုပ်မပေးနိုင်ဘူး။ ကျွန်တော်က ရွာတွေ သွားပြီး
လူထုနဲ့ တိုက်ရိုက်ဆက်ဆံနေရတာဆိုတော့ သူတို့အခြေအနေကို သိတယ်၊ နားလည်တယ်။
အခက်အခဲတွေ ရှိပေမဲ့ ၀င်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်"လို့ ရွေးကောက်ပွဲမှာ ပထမဆုံး ၀င်ရောက်
ယှဉ်ပြိုင်မယ့် ဦးမျိုးသီဟထွန်းက ပြောပါတယ်။

ယှဉ်ပြိုင်မယ့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်ထဲမှာ ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ အမတ်နေရာအတွက်
အရွေးခံမယ့် ဦးဇော်လင်းအောင် ကတော့ အသက်အငယ်ဆုံး ကိုယ်စားလှယ်လောင်းတစ်ဦးပါ။

အသက် ၃၂ နှစ်သာရှိသေးတဲ့ ဦးဇော်လင်းအောင် ၀င်ပြိုင်မယ့် အမ်းမြို့နယ်ဟာ ပြည်ခိုင်ဖြိုး ကြီးစိုးတဲ့
နေရာဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီပါတီ ရှုံးနိမ့်ခဲ့တဲ့ နေရာဖြစ်ပါတယ်။

အနိုင်ရခဲ့တဲ့ ဦးသိန်းဆွေက ပြည်ထောင်စုဝန်ကြီးဖြစ်သွားတဲ့အတွက် သူ့နေရာအတွက်
ကိုယ်စားလှယ် လောင်းလေးဦးက ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

တစ်ဦးတည်းသော တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဦးဇော်လင်းအောင်က ပြည်ခိုင်ဖြိုး၊ အင်န်အယ်လ်ဒီ
အပါအဝင် ရခိုင်အမျိုးသား ပါတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ လွှတ်တော်အမတ် ဟောင်းလည်းဖြစ်တဲ့
ဒေါက်တာ အေးမောင်နဲ့ အမ်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်တာကြောင့် အုပ်စု ကျပ်တဲ့ မဲဆန္ဒနယ်ထဲကို
ဦးဇော်လင်းအောင် ရောက်နေပါတယ်။

စိန်ခေါ်မှုတွေ ရှိလင့်ကစား အမ်းမြို့မှာ မွေး၊ အမ်းမှာ ကြီးပြင်းတဲ့ ဒေသခံတစ်ယောက်ဖြစ်တာကြောင့်
အနိုင်ရဖို့ ယုံကြည်မှုအပြည့် ရှိနေပါတယ်။

ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတိုင်းမှာ ပါတီ ကိုယ်စားပြုတဲ့ ကိုယ်စားလောင်းတွေတင်မက
တစ်သီးပုဂ္ဂလတွေလည်း အမြဲဝင်ပြိုင်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေအရ တစ်သီးပုဂ္ဂလတွေ အနိုင်ရဖို့ဆိုတာ အင်မတန် အခွင့်အလမ်း
နည်းပါးနေပါသေးတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၄၅ နေရာအတွက် တစ်သီးပုဂ္ဂလ ရှစ်ယောက်
ပြိုင်ခဲ့ပေမဲ့ တစ်ယောက်မှ အနိုင်မရခဲ့ပါဘူး။

ထို့အတူပဲ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာလည်း တစ်သီးပုဂ္ဂလ ၂၀၆ ဦးယှဉ်ပြိုင်ခဲ့ ရာမှာ
ငါးဦးသာ အနိုင်ရရှိခဲ့ပါတယ်။

တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေအတွက် အတိတ်ကရလဒ်တွေက အနုတ်လက္ခဏာ
ပြနေသည့်တိုင် လာမယ့်ကြားဖြတ် ရွေးကောက်ပွဲ ၀င်ပြိုင်ကြမယ့် တစ်သီးပုဂ္ဂလ ခုနစ်ဦးကတော့
အနီ (အင်န်အယ်လ်ဒီ) နဲ့ အစိမ်း (ပြည်ခိုင်ဖြိုး) ကြားထဲ မဲတွေရနိုင်ဖို့ ယုံကြည်မှုအပြည့်နဲ့
ရာနှုန်းပြည့် မျှော်လင့်နေကြတုန်းပါပဲ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး