နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့
မတ် ၂၈ ရက်တွင် သွားရောက် လည်ပတ်ခဲ့ပြီး၊ ဒေသခံအရပ်ဘက် အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေး
ကြားဝင်ညှိနှိုင်းရေး အဖွဲ့များ၊ ဘာသာရေးခေါင်းဆောင်များနှင့်သာမက စစ်ဘေးရှောင်
ဒုက္ခသည်များနှင့်ပါ တွေ့ဆုံခဲ့သည်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်၍ ဝေဖန်ပြောကြားခြင်း မရှိသည့်
ဒေါ်အောင်ဆန်းစုကြည်ကို အားမလို၊ အားမရဖြစ်နေသည့် ကချင်တိုင်းရင်းသားများရှိရာ မြစ်ကြီးနားမြို့
သာမက စစ်ဘေးရှောင်စခန်းများသို့ပါ သွားရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏
ရှားပါးခရီးစဉ်လည်းဖြစ်သည်။
မိုင်းနား၊ ခတ်ချို စသည့် စစ်ဘေးရှောင်စခန်းများ၊ လန်ဆယ်ရေဘေးကယ်ဆယ်ရေးစခန်းနှင့်
ပြည်လုံးချမ်းသာ ပရဟိတဂေဟာကိုလည်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်လည်ပတ်ခဲ့သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အစိုးရက ဆောင်ရွက်သင့်သည်တို့ကို တိုက်တွန်းအကြံပြုခဲ့သည်ဟု
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင်ပါ၀င်ခဲ့သည့် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့မှ
အတွင်းရေးမှူး ဦးဂမ်အောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။
"ကချင်တွေက ငြိမ်းချမ်းရေးကို လိုလားတယ်။ ငြိမ်းချမ်းရေးမှာ အားလုံးပါ၀င်ဖို့ အစိုးရက တပ်မတော်ကို
ဖျောင်းဖြပေးဖို့၊ ၁၉၄၇ ပင်လုံစာချုပ်ပါ ကတိကဝတ်တွေကို အကောင်အထည်ဖော်ဖို့၊ စစ်မှန်တဲ့
ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ တိုက်တွန်းခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။
ခရီးစဉ်အတွင်း ဒုက္ခသည်စခန်းများအတွက် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရက ဆောင်ရွက်မည့်
အစီအစဉ်များကို ဒေါ်အောင်ဆန်းစုကြည်က အသိပေးခဲ့သည်။
ပြည်တွင်း ငြိမ်းချမ်းရေး လေ့လာသုံးသပ်သူများကမူ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည်
ဒုက္ခသည်စခန်းသို့ သွားရောက်လည်ပတ်ခြင်း ထက်ပိုသည်ဟု ခန့်မှန်းပြောဆိုကြသည်။
အပစ်ရပ်စာချုပ်ကို အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် နိုင်ငံရေး ဆွေးနွေးမှု၊
အပစ်ရပ်စောင့်ကြည့်မှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အာမခံချက်များရှိကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်ဟု ယမန်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်
ဖော်ပြထားသည်။
"NCA နှင့် ၂၁ ရာစုပင်လုံညီလာခံ လမ်းကြောင်းသည် တိုင်းပြည်နှင့် လူထုမနာသည့်
လမ်းကြောင်းဖြစ်၍ ရွေးချယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း" ဒေါ်အောင်ဆန်းစုကြည်က
ပြောကြားခဲ့သည်။
ယင်း အပြင် NCA စာချုပ်သည် ပန်းတိုင်မဟုတ်ဘဲ တိုင်းရင်းသားများလိုလားသည့် ဖက်ဒရယ်
ပြည်ထောင်စုတည်ဆောက်ရန် အဆင့် တစ်ဆင့်သာ ဖြစ်သည်ဟု ဆိုသည်။
၂၁ ရာစု ပင်လုံညီလာခံသို့ ၀င်ရောက်ဆွေးနွေးရန်လည်း ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်မှာ ဖေဖော်ဝါရီလကုန်ပိုင်းက '၀'ပြည် သွေးစည်း
ညီညွှတ်ရေးပါတီ ဦးဆောင်သည့် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ထိပ်သီးအစည်းအဝေးက ပေါ်ထွက်လာသည့်
"ပန်ခမ်းကြေညာချက်" နှင့် ဆက်စပ်မှုရှိနေသည်ဟု လေ့လာသူများက ဆိုသည်။
ကေအိုင်အေအဖွဲ့မှ ထိပ်တန်းခေါင်းဆောင်များ တက်ရောက်သည့် အဆိုပါ ထိပ်သီးအစည်းအဝေး
အပြီးတွင် '၀'ပြည်သွေးစည်းညီညွှတ်ရေးပါတီ၏ ဦးဆောင်မှုဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှု
ကော်မတီ (ယာယီ) တစ်ရပ်ကို ဖွဲ့စည်းခဲ့ရာ အစိုးရသစ်အတွက် ခေါင်းခဲစရာကိစ္စတစ်ခု
ဖြစ်လာခဲ့သည်။
မြန်မာပြည်မြောက်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနေသည့် ပစ်ခတ်တိုက်ခိုက်မှုများ အမှန်တကယ်
ရပ်တန့်နိုင်ခြင်း မရှိသည့်အတွက် အပစ်ရပ်စာချုပ် NCA ကို အစားထိုးရန် လိုအပ်ကြောင်းနှင့်
ငြိမ်းချမ်းရေး လမ်းကြောင်းအသစ် ရှာဖွေရန် လိုအပ်ကြောင်း ပန်ခမ်းကြေညာချက်တွင်
ဖော်ပြထားသည်။
ပန်ခမ်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ကေအိုင်အေနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တို့
ပါ၀င်သော ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ အဖွဲ့ဝင်
အချို့ကလည်း လက်ရှိအချိန်တွင် ၎င်းတို့၏ သဘောထားအမြင်များကို ထုတ်ဖော်ပြောကြားလာပြီ
ဖြစ်သည်။
မတ်လတတိယပတ်အတွင်း မွန်ပြည်နယ်တွင် လူထုတွေ့ဆုံပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး၊ အပစ်ရပ်စာချုပ်ကို
အခြေပြုသည့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲကို ဆက်လက်ဦးတည်မည်ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီက
ဆုံးဖြတ်ခဲ့ကြောင်း အဆိုပါအဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှက ပြောသည်။
"ကျွန်တော်တို့ မွန်ပြည်သစ်ပါတီကတော့ အားလုံးပါ၀င်ရေးမူကို ဆက်လက်တောင်းဆိုသွားမှာ
ဖြစ်သလို၊ NCA လမ်းကြောင်းအတိုင်း ရပ်တည်ပါတယ်" ဟု ၎င်းက ပြောသည်။
၂၀၁၆ နှစ်လယ်ခန့်တွင် UNFC ဘက်က အချက်ကိုးချက်ကို ဆွေးနွေးညှိနှိုင်းရန် အစိုးရထံ အဆိုပြုခဲ့ပြီး၊
ညှိနှိုင်းနိုင်ပါက အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးမည်ဟု ပြောဆိုခဲ့သည်။
အဆိုပါအချက်များကို အစိုးရနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြရာ အချက်အချို့ကို
"မူအားဖြင့်" သဘောတူခဲ့ကာ၊ အချို့ကိုမူ ဆက်လက် ညှိနှိုင်းရန် ဆုံးဖြတ်ခဲ့ကြသည်။
ယခင်အစိုးရလက်ထက်တွင် ကိုးကန့်၊ တအာင်းနှင့် ရက္ခိုင်အဖွဲ့များကို ချန်လှပ်ခဲ့သည့်အတွက်
UNFC အဖွဲ့ဝင်များက အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးရန် ငြင်းဆန်ခဲ့သော်လည်း၊ ယခုအခါ
အဆိုပါအဖွဲ့များက ပန်ခမ်းကြေညာချက်အတိုင်း ရပ်တည်ထောက်ခံသည့်အတွက် အပစ်ရပ်စာချုပ်ကို
လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု နိုင်ဝင်းလှက ဆိုသည်။
ထိပ်ပိုင်းခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်အရ မွန်ပြည်သစ်ပါတီက အပစ်ရပ်စာချုပ်ကို
လက်မှတ်ရေးထိုးရန် ဆန္ဒရှိနေသည်ဟု နိုင်ဝင်းလှက ဆိုသော်လည်း မေလတွင် ပြုလုပ်မည့်
UNFC ညီလာခံမှာသာ စာချုပ်လက်မှတ် ရေးထိုးရေးကိစ္စကို ဆွေးနွေးဆုံးဖြတ်သွားမည်ဟု
ကျန်အဖွဲ့ဝင်များက ဆိုသည်။
"ကျန်တဲ့ ကရင်နီတိုးတက်ရေးပါတီ၊ '၀' အမျိုးသားအစည်းအရုံး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံးနှင့်
ရက္ခိုင်အမျိုးသားကောင်စီတို့လည်း လက်မှတ်ရေးထိုးဖို့ ဆန္ဒရှိတယ်လို့ အကြမ်းဖျင်းသိရပါတယ်" ဟု
နိုင်ဝင်းလှက ပြောသည်။
လက်ရှိအချိန်တွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အေ)၏ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်နှင့်
ပတ်သက်သည့် သဘောထားကိုမူ မှန်းဆရန် ခက်ခဲနေဆဲဖြစ်သည်။
တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို အခြေခံသည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုလမ်းကြောင်းကို လုံးဝပစ်ပယ်ပြီး၊
ပန်ခမ်းကြေညာချက်အတိုင်း ဆွေးနွေးမှုလမ်းကြောင်း အသစ်ရှာမည်လောဆိုသည်ကို မသိရသေးပေ။
ပင်လုံအနှစ်သာရနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က အငြင်းပွားဖွယ် ပြောဆိုခဲ့သည်ဟု
ကေအိုင်အေအဖွဲ့၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင်
ရေးသားထားသည်။
"NCA လက်မှတ်ရေးထိုးရေးဆိုတာ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ကလည်း
လက်ခံထားပြီးသား ဖြစ်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်ကို ဘဝင်မကျကြောင်း
၎င်းက ဆိုသည်။
"NCA (တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်) ကို အပြီးသတ် မဆွေးနွေးနိုင်သေးလို့ ဆက်ပြီး ဆွေးနွေးရတဲ့
အနေအထားဖြစ်ပြီး၊ လက်ခံနိုင်တဲ့ အနေအထားရောက်ရင် NCA လက်မှတ် ရေးထိုးမယ်လို့
ပြောခဲ့တာပါ" ဟု ၎င်းက ဆိုသည်။
"ပင်လုံစာချုပ်မှာ တိုင်းရင်းသားတွေအားလုံး မပါ၀င်ခဲ့လို့ ပင်လုံစာချုပ်ကို ပုံသေကိုင်စွဲလို့ မရဘူး" ဟု
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ရာ ယင်းသို့ဆိုပါက "ပင်လုံအနှစ်သာရမှာ မေးခွန်းထုတ်စရာ"
ဖြစ်လာသည်ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။
"NCA လက်မှတ်ရေးထိုးရေးနှင့် ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ရေးအတွက် မည်သည့်
အခက်အခဲများ ရှိနေသည်ကို ပွင့်ပွင့်လင်းလင်း ပြောကြစေလိုကြောင်း" လုပ်ပေးနိုင်သည့်
ကိစ္စရပ်များကို စွမ်းအားရှိသရွေ့ လုပ်ပေးမည်ဟု ကတိပေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က
မြစ်ကြီးနားမြို့တွင် ပြောကြားခဲ့သည်။
မြစ်ကြီးနားဒေသခံ၊ ကချင်တိုင်းရင်းသားများနှင့်တွေ့ဆုံရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ
ဦးဆောင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားပေးကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က
ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အေ)ကို
အတိုင်းအတာ တစ်ခုအထိ ဩဇာလွှမ်းမိုးနိုင်သည့် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်မှ
ခေါင်းဆောင်များလည်း ပါ၀င်ခဲ့သည်။
















