မိုင်းရှုးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုလေးခုဖြစ်သော မော်မေ့၊ ကွန်းကျောင်း၊ နောင်အက်နှင့်
ဝမ်လွိုင် ကျေးရွာအုပ်စုများမှ မဲရုံများသည် လုံခြံုရေးအရဟုဆိုကာ မြို့နှင့် နီးကပ်သည့် နေရာများသို့
ရွှေ့ဆိုင်းခဲ့ရခြင်းကြောင့် မဲပေးမည့် ပြည်သူများအတွက် အဆင်ပြေစေရန် မြို့နယ်ရွေးကောက်ပွဲ
ကော်မရှင်က မော်တော်ယာဉ်များဖြင့် မဲပေးနိုင်ရန် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း
ဥက္ကဌ ဦးသိန်းဝင်းက မတ်လ ၃၀ ရက်နေ့တွင် ပြောသည်။
ပြည်နယ်ကော်မရှင်၏ ယနေ့ နေ့လည်ပိုင်း ညွှန်ကြားချက်အရ မဲပေးနိုင်ရန် သွားလာရ ခက်ခဲနေသည့်
မဲဆန္ဒရှင်များအတွက် ထော်လာဂျီအစီးရေ ၅ဝ ဖြင့် မဲရုံများသို့ ပို့ဆောင်ပေးရန် စီစဉ်နေပြီဟုလည်း
၎င်းက ဆိုသည်။
"ကုန်ကျစရိတ်ကို အကြမ်းဖျဉ်းတင်ပြပြီးတော့ ပြည်နယ်ကော်မရှင်ကို တင်ပြပါလို့ သူတို့က
အကြောင်းကြားလာပါတယ်။ ဘယ်သူက ငွေကြေးအကူအညီပေးတာလဲဆိုတာတော့
ကျွန်တော်ကိုယ်တိုင် မသိသေးပါဘူး"ဟု ဦးသိန်းဝင်းက ပြောသည်။
မိုင်းရှုးမြို့နယ် ရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရ ကျေးရွာအုပ်စု လေးခုအတွင်း၌ ကျေးရွာပေါင်း
၅၀ ရှိပြီး လူဦးရေ လေးထောင်ကျော်ရှိသည့်အပြင် မဲရုံစုစုပေါင်း ၅ ရုံ ရှိသည်ဟု သိရသည်။
ထို့ပြင် မော်မေ့ကျေးရွာအုပ်စုအတွင်းရှိ ရွာများသည် မဲရုံနှင့် အနည်းဆုံး ၂ မိုင်မှ ၁၀ မိုင်၊
ဝယ်လွိုင်ကျေးရွာသည် အနည်းဆုံး ရ မိိုင်မှ ၁၅ မိုင်၊ နောင်အက်ကျေးရွာသည် အနည်းဆုံး ၁ မိုင်ခွဲမှ
၁၃ မိုင်၊ ကွန်းကျောင်းကျေးရွာသည် အနည်းဆုံး ၁၃ မိုင်မှ ၁၅ မိုင် အကွာအဝေးတွင်သာ ရှိသည်။















