၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှဆရာ၊ဆရာမများ
အတွက် ထောက်ပံကြေး ငွေမတိုးနိုင်သေးကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန
ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြား ရေးဌာနခွဲ (သာသနာရေး)မှ ညွှန်ကြားရေးမှူး
ဦးအောင်ဆန်းဝင်းက ယနေ့ဧပြီ ၄ ရက်တွင်မြန်မာတိုင်း(မ်)ကို အတည်ပြုပြောကြားသည်။
"ဒီဘတ်ဂျက်မှာ မတိုးပါဘူး။ ကျွန်တော်တို့တိုးပေးဖို့တင်တာ ခွင့်မပြုတဲ့အတွက် ဒီနှစ်မတိုး
ဖြစ်ဘူး"ဟု ဦးအောင်ဆန်းဝင်း ကပြောသည်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင်
သင်ကြားနေသည့် ဆရာ၊ ဆရာမတစ်ဦးလျှင် မူလတန်းအဆင့်၌ ၃၆,၀၀၀ ကျပ်၊ အလယ်တန်း
အဆင့်၌ ၄၁ယဝဝ၀ ကျပ်၊ အထက်တန်းအဆင့်၌ ၄၅,၀၀၀ ကျပ် ထောက်ပံ့လျှက်ရှိသည်။
"တိုးပေးရင်တော့ ကောင်းတာပေါ့၊ မရတော့လည်း ဘယ် တတ်နိုင်မလဲ"ဟု ဆူထူးပန်
သီရီမင်္ဂလာကန်တော် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းအုပ်ဆရာတော်
ဦးနေဓာဝီက မိန့်ကြားသည်။ လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်
ဘုန်းတော်ကြီး သင်ပညာရေးကျောင်းပေါင်း ၁,၅၀၀ ကျော်ရှိပြီး အဆိုပါကျောင်းများတွင်
တက်ရောက်နေသည့် ကျောင်းသူကျောင်းသားပေါင်း သုံးသိန်း ခန့်ကို ဆရာ၊
ဆရာမပေါင်း ရ,၇၀၀ ဖြင့် သင်ကြားပေးလျှက်ရှိသည်။
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဆရာ၊ ဆရာမများ အတွက်၂၀၁၇-၂၀၁၈
ဘဏ္ဍာရေးနှစ်တွင် ထောက်ပံ့ငွေ ၂ ဆ တိုးမြှင့်ပေးနိုင်ရေးအတွက် ဘတ်ဂျက်တောင်းခံ
သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်နှစ်မေလ ၁၈ရက်နေ့တွင် ကျင်းပသည့်ပြည်သူ့လွှတ်တော်
အစည်းအဝေး၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး သူရဦးအောင်ကိုက
ပြောကြားခဲ့သည်။















